Wednesday, November 30, 2016

မြစ်ကြီးနား ကချင် လူထု အလုပ်ရုံ ဆွေးနွေးပွဲ ကို NLD အစိုးရ ခွင့် မပြု

(ကချင်သတင်းဌာန)

‘နိုင်ငံရေး အပြောင်းအလဲတွင် တရားမျှတမှုကို ရှာဖွေမှုခြင်း’ ဆိုသည့် ကချင် လူထု အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခုကို ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားတွင် နိုဝင်ဘာ ၂၈ ရက်တွင် စတင်ပြုလုပ်ရာ နေပြည်တော် ဗဟိုအစိုးရ က ခွင့် မပြု တားဆီး ခဲ့သည်။

လူထု ရွေးကောက်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရသစ်လက်ထက် ‘နိုင်ငံရေး အပြောင်းအလဲတွင် တရားမျှတမှုကို ရှာဖွေခြင်း- စိန်ခေါ်မှုများနှင့် မဟာဗျူဟာများ (Pursuing Justice in Times of Political Change: Challenges and Strategies)’ ခေါင်းစဉ်ဖြင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖြစ်ပြီး ကချင်ပြည်နယ်မှာ ပထမဆုံး အကြိမ် ပြုလုပ်ခြင်းလည်း ဖြစ်သည်။

ဆွေးနွေးပွဲ အစီစဉ်အတွက် ၂ လကြို အစိုးရထံ ခွင့်ပြုစာ တင်ထားပြီး ဖြစ်သော်လည်း အကြောင်းပြန်ခြင်း မရှိဘဲ ပွဲ စတင်သည့် အချိန်မှ ‘ကချင်ပြည်နယ်ရဲ့ နယ်မြေအခြေအနေအရ လတ်တလော ဆောင်ရွက်ခွင့် မပြုပါ’ ဆိုသည့် နေပြည်တော် အစိုးရ တိုက်ရိုက်အမိန့်ဖြင့် တားဆီး ခဲ့ခြင်း ဖြစ်ကြောင်း ဆွေးနွေးပွဲ စီစဉ် သူများမှ သိရသည်။

အစီစဉ် ပါဝင်သူ ဦးလွမ်းဇောင်း က “ကျနော်တို့မှာ ဖြစ်ပျက်နေတဲ့ အခြေအနေ နိုင်ငံရေးစတဲ့ ပြဿနာတွေကို ဆွေးနွေးပြီးအဖြေရှာဖို့ ဒီလိုမျိုး အလုပ်ရုံဆွေးနွေးမှုတွေ များများလိုနေတဲ့ချိန်မှာ အခုလို တကယ်လုပ်နေတဲ့အခါ ဖျက်သိမ်းခိုင်းလိုက်တယ်ဆိုတော့ အားလုံးအတွက် ဒီအစိုးရကို မေးခွန်းထုတ်စရာတွေ ဖြစ်နေပြီ” ဟု ပြောသည်။

ယခု အစီစဉ်ကို Australia Myanmar Constitutional Project နှင့် Community of Democracy တို့ ဦးဆောင်ခြင်း ဖြစ်ပြီး နေပြည်တော်၊ ရန်ကုန် စသည့် မြို့များတွင် ခွင့်ပြု ခဲ့သော်လည်း ကချင်ပြည်နယ်တွင် ပိတ်ပင်ခြင်း ဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။