Wednesday, November 23, 2016

အကျိုးအမြတ်များတဲ့ မဟာမိတ်တိုက်ပွဲ

(By U Ravika)

၁။ အချို့က ဒီတိုက်ပွဲကြောင့် ဗမာတွေက တိုင်းရင်းသားတော်လှန်ရေးသမားတွေကို မုန်းတီးသွားကြတယ်ဆိုပဲ။ ဒါ မမှန်ဘူး။ သူတို့က နဂိုကတည်းက မုန်းတီးနေကြတာ ဖြစ်တယ်။ ပြောကွက်မရှိလို့သာ ငြိမ်နေကြတာ ဖြစ်တယ်။ အခု ဗမာတွေဟာ ဗမာ့တပ်မတော်ကိုပဲ ချစ်မြတ်နိုးကြောင်း ပေါ်လွင်သွားခဲ့ပါပြီ။

၂။ ဒီအချိန်မှာ ဗမာကြားရှိတိုင်းရင်းသားတွေအတွက် စဉ်းစားစရာ ရှိလာတယ်။ NLD ကို အရင်က အလယ်အလတ်ပါတီတစ်ခု ဖြစ်တယ်၊ တိုင်းရင်းသားတွေကို ထိခိုက်အောင် လုပ်မဲ့ ပါတီတစ်ခုမဟုတ်ဘူးလို့ ယူဆခဲ့ကြတယ်။ ဒါပေမဲ့ အခုအခါမှာ NLD လည်းပဲ ဗမာ့ပါတီတစ်ရပ်သာ ဖြစ်ပါကြောင်း ပေါ်လွင်စေခဲ့တယ်။


၃။ ဒေါ်စုက သန်းရွှေကို ခိုးကြောင်ခိုးဝှက်နဲ့ သွားတွေ့ခဲ့တယ်။ ဖိုးလပြည့်ထုတ်ပြောမှ သိရတဲ့ ကိစ္စပါ။ ကာလုံအစည်းအဝေးမှာလည်းပဲ ဘာတွေ ဆွေးနွေးခဲ့လဲ မိမိတို့ မသိရှိရပါ။ ဒေါ်စုနဲ့ မအလတို့ကြားက ဆက်ဆံရေးအတိမ်အနက်ကိုလည်း မိမိတို့ မသိရှိရပါ။ ဒါပေမဲ့ ဒီတိုက်ပွဲကြောင့် ဒေါ်စုနဲ့ မအလတို့ကြားက ဆက်ဆံရေးကို လယ်ကွင်းမှာ ဆင်သွားသလို ထင်ထင်ရှားရှာ သိခွင့် ရခဲ့ပြီ။

၎။ တိုင်းရင်းသားတော်လှန်ရေးကို ဦးနုလက်ထက်ကလည်း တိုက်ခဲ့တာပဲ။ ဒီခေတ်မှာ NLD ကပါ စစ်တပ်ဘက်ကနေ တိုက်ခဲ့ရင်လည်း အထူးအဆန်း မဟုတ်ဘူး။ အထူးအဆန်း ဖြစ်ရတာက ဒီလို...ဗမာအစိုးရနဲ့ ဗမာ့တပ်မတော်တို့က ပင်လုံစာချုပ်ကို သစ္စာဖောက်ပြီး ပြည်ထောင်စုကို ဗမာပိုင် လုပ်သွားခဲ့တာတောင် ဗမာတွေကို ကျွန်ခံနေသေးတဲ့ တိုင်းရင်းသားတွေပဲ ဖြစ်ပါတယ်။ ဒီကျွန်တွေကို စဉ်းစားဖို့ လမ်းဖွင့်ပေးတဲ့ တိုက်ပွဲတစ်ခုလည်း ဖြစ်တယ်။

၅။ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ကတော့ ရေရှည်တိုက်ပွဲအတွက် အဆင်သင့် ရှိနေတယ်လို့ ဆိုပါတယ်။ ဒါ ကောင်းပါတယ်။ Wat States ဆိုတာ အင်္ဂလိပ်မြေပုံတွေထဲမှာ သွားကြည့်ရင် တွေ့ရှိနိုင်တဲ့ ပြည်နယ်တစ်ခုပါ။ တကယ်လို့ ဝတွေက ရေရှည်စစ်ပွဲတစ်ခုကို ဆင်နွှဲဖို့ အဆင်သင့် ဖြစ်နေခဲ့ရင် အခြားအဖွဲ့အစည်းတွေရော အဆင်သင့် မဖြစ်သေးဘူးလား။ ဒီကနေ့တိုက်ပွဲက အဆင်သင့်ဖြစ်ကြောင်း မီးမောင်းထိုးပြလိုက်တယ်။

၆။ ဒီကနေ့ မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုက အရပ်သားတွေနဲ့ မြန်မာ့တပ်မတော်ကို ပစ်မှတ်ထားတိုက်ခိုက်တာ နည်းတယ်။ ဒါ မှန်ပါတယ်။ ဒီတိုက်ပွဲဟာ အကျအဆုံးနည်းနည်းနဲ့ limited war ကို တိုက်နေတာ ဖြစ်တယ်။ ဒါဟာ အစိုးရနဲ့ အစိုးရစစ်တပ်တို့ရဲ့ ယန္တရားကို ချေဖျက်နေတာ ဖြစ်တယ်။ ရည်မှန်းချက်ကတော့ အောင်မြင်ပါတယ်။ နောက်ပိုင်းကျတော့ တိုင်းရင်းသားတို့နယ်မြေမှာ နေထိုင်ပြီး တိုင်းရင်းသားတွေကို မှိုချိုးမျှစ်ချိုး ပြော၊ ပြည်မအစိုးရကို ဘုန်းတော်ဖွဲ့သွင်းနေတဲ့ ပြည်မသားတွ သတိထားကြဖို့ပါပဲ။

၇။ အကောင်းဆုံးရလာဒ်ကတော့ တောင်ပိုင်းရှိကရင်မျိုးချစ်တွေနဲ့ မွန်မျိုးချစ်တွေကို သွေးကြွစေပါတယ်။ ဒီလူတွေက ထုထည်ကြီးကြီးမားမားနဲ့ ရှိနေပါတယ်။ ဒီရွေ့လျားစစ်ကို မကြာခဏ တိုက်ပေးနိုင်ရင် မြန်မာ့တပ်မတော်မှာ စိတ်ဓာတ်ရေးရာအရ ကျဆင်းနိုင်ခြင်း၊ ပြည်မသားတွေက ပြည်တွင်းစစ်ရဲ့ ဒဏ်ရာကို သိရှိနားလည်စေနိုင်ခြင်း၊ တိုင်းရင်းသားတွေရဲ့ သဘောတူညီချက် မပါရှိဘဲ ဒီနိုင်ငံကို အုပ်ချုပ်လို့မရကြောင်း သိစေနိုင်ခြင်းအကျိုး ရှိပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။