Monday, November 21, 2016

ဒါမှ တော်လှန်ရေး

(By U Ravika)

တိုက်ပွဲဖြစ်တိုင်း ဗမာ့တပ်မတော်က ဘာကြောင့် ရွာတွေကို ဖျက်ကြသလဲ။ တိုင်းရင်းသားတပ်မတော်တွေက ပြည်သူလူထုကို အခြေပြုတဲ့ တိုက်ပွဲကို တိုက်နေလို့ပဲ ဖြစ်တယ်။ 
ရွာတွေကို အခြေခံပြီး စစ်သတင်းတွေကို ရတယ်၊ ပြောက်ကြားစစ်ကို ဆင်နွှဲလို့ ရတယ်။ 
ဒါကြောင့် တော်လှန်ရေးရဲ့ အခြေခံ ဖြစ်တဲ့ ရွာတွေကို ဖျက်ဆီးပစ်တာ ဖြစ်တယ်။ နေဝင်းလက်ထက်က အကောင်အထည်ဖော်ခဲ့တဲ့ ဖြတ်လေးဖြတ် အစီအစဉ်ပါပဲ။ မြန်မာ့တပ်မတော်ရဲ့ တိုက်နည်းတိုက်ဟန်တွေက အရင်ကတည်းက ဒီအတိုင်းပဲ ရှိခဲ့တယ်။ အခုထိ ဘာအပြောင်းအလဲမှ မရှိသေးဘူး။

ပြဿနာရှိတာက တိုင်းရင်းသားတပ်မတော်အဖွဲ့အစည်းတွေပဲ ဖြစ်တယ်။ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေဟာ မြန်မာ့တပ်မတော်ရဲ့ ဖြတ်လေးဖြတ်မဟာဗျူဟာကို ချေပဖို့ စစ်ရေးပရိယာယ်အသစ်တွေကို မတီထွင်ခဲ့ကြဘူး။ သူတို့လည်း သမရိုးကျတော်လှန်ရေးကိုပဲ ဆက်လုပ်နေခဲ့တယ်။ ဒါကြောင့် အကျိုးနဲ့အကန်း တိုက်နေတဲ့ တိုက်ပွဲလိုမျိုး ဖြစ်နေတယ်။ ဘယ်တော့မှ မပြီးနိုင်တဲ့ ပြည်တွင်းစစ်ပါပဲ။
နောက်တစ်ခုမှာ တိုင်းရင်းသားခေါင်းဆောင်တွေဟာ တဖက်က မြန်မာအစိုးရနဲ့ မြန်မာ့တပ်မတော်ကို မကြိုက်လို့ တိုက်နေရပါတယ်လို့ ပြောတယ်။ အခြားတဖက်မှာ သူတို့ဟာ မြန်မာအစိုးရနဲ့ မြန်မာ့တပ်မတော်တို့လိုပဲ တွေးကြတယ်၊ အတုခိုးကြတယ်၊ လိုက်လုပ်ကြတယ်။ ဒါဟာ တော်လှန်ရေးမဟုတ်ဘူးပေါ့။ တကယ့်တော်လှန်ရေးဆိုရင် မြန်မာအစိုးရနဲ့ မတူတဲ့ စနစ်တစ်ခု ရှိကိုရှိရမယ်။ မြန်မာ့တပ်မတော်နဲ့ မတူတဲ့ တပ်ဖွဲ့စည်းမှုတစ်ခု ရှိကို ရှိရမယ်။ မြန်မာ့တပ်မတော်ရဲ့ မဟာဗျူဟာကို ချေဖျက်နိုင်တဲ့ စစ်ရေးမဟာဗျူဟာတစ်ခု ရှိကို ရှိနေရမယ်။
ဒါမှ တော်လှန်ရေးလို့ ခေါ်မယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။