Saturday, November 26, 2016

စစ်သီဝရီအရ မှန်တယ်

(By U Ravika)

မြောက်ပိုင်းမဟာမိတ်ရဲ့ လက်ရှိစစ်ပွဲဟာ သီဝရီအရ မှန်တယ်လို့ ပြောရမယ်။ တရုတ်အစိုးရက တိုင်းရင်းသားတွေရဲ့ လုပ်ရပ်ဟာ လူထုထောက်ခံမှု ကျဆင်းစေနိုင်တယ်လို့ သုံးသပ်တယ်။ ဒါ မမှန်ပါ။ ဒေသခံတိုင်းရင်းသားတွေဟာ သူတို့ဆိုင်ရာတော်လှန်ရေးသမားတွေကိုပဲ ထောက်ခံပါတယ်။ ပြည်မသားတွေကလည်း ဗမာလက်နက်ကိုင်တွေကိုပဲ ထောက်ခံကြကြောင်း ထင်ရှားသွားခဲ့ပြီ။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ဟာ အမျိုးသားရေးပြဿနာ ဖြစ်လို့ ဒါဟာ သဘာဝကျပါတယ်။ 

တရုတ်အစိုးရ၊ ဝအဖွဲ့၊ NLD အစိုးရနဲ့ တိုက်ခိုက်နေတဲ့ မြောက်ပိုင်းမဟာမိတ်တွေက " စစ်ပွဲကို ရပ်တန့်ဖို့ အာသီသရှိကြပါတယ်။ ဒါပေမဲ့ မအလရဲ့ လက်နက်ကိုင်တပ်များဟာ အရင်လိုပဲ ဆက်တိုက်နေမှာ သေချာပါတယ်။ ဗမာလူထု မထောက်ခံတဲ့ အချိန်မှာတောင် စစ်ကို တိုက်ခဲ့သေးတာပဲ။ အခု ဒေါ်စုကို အမှီသဟဲပြုပြီး လူထုထောက်ခံမှုကို ရတဲ့အခါမှာ မအလအတွက် စစ်ပွဲတွေကို ရပ်ဖို့ အကြောင်းမရှိပါ။ မအလတပ်ဟာ ဗမာလူမျိုးတွေကိုပဲ အကာအကွယ်ပေးနေတဲ့ ဗမာ့လက်နက်ကိုင်စစ်စစ်သာ ဖြစ်ပါတယ်။


၁။ စိတ်ဓာတ်စစ်ဆင်ရေး
စစ်သားဦးရေအရ မြောက်ပိုင်းမဟာမိတ်တွေ အရေအတွက် နည်းပါလိမ့်မယ်။ ဒါပေမဲ့ လူမျိုးအရ ကြည့်ရင် ကချင်၊ ပလောင်၊ ရခိုင်နဲ့ ကိုးကန့်လူမျိုး(၄)မျိုးတို့ဟာ ဗမာ့လက်နက်ကိုင်များကို ဝိုင်းတိုက်နေတဲ့ သဘောပါ။ ဒါဟာ ဗမာလက်နက်ကိုင်များအတွက် စိတ်ဖိစီးမှု ဖြစ်စေပါတယ်။ တကယ်လို့-
" ငါ ကချင်ဟေ့"
" ရခိုင် လာပြီဟေ့"
" ပလောင်ပါကွ"
"ကိုးကန့်တဲ့"

စသည် အော်ဟစ်ပြီး တိုက်နိုင်ခဲ့ရင် ဗမာလက်နက်ကိုင်တွေအတွက် ခြောက်ခြားစရာ ဖြစ်တယ်။ ဒါဟာ မဟာမိတ်စစ်သားတွေကိုလည်း ပျော်မြူးစေပါတယ်။ ဒုတိယကမ္ဘာစစ်တုန်းက မဟာမိတ်တပ်ဖွဲ့တွေက နာဇီဂျာမနီကို တိုက်ထုတ်ခဲ့သလိုမျိုးပေါ့။

၂။ လူထုထောက်ခံမှု
မြောက်ပိုင်းမဟာမိတ်တွေက ပထမဆုံးအနေနဲ့ ထိုးစစ်ဆင်တော့ "လူထုထောက်ခံမှု ဘယ်လောက်ကျဆင်းသွားပြီလဲ။ ကိန်းဂဏန်းကို တွက်ပြလို့ မရပါဘူး။ ဒီတိုက်ပွဲမှာ ဗမာ့လက်နက်ကိုင်များကလည်း မရိုးမသားလုပ်မှုတွေ ရှိပါတယ်။ မီးရှို့တာကတော့ ထုံးစံအတိုင်းပါပဲ။ အရပ်သားတွေကို ဖမ်းဆီးတာကလည်း လုပ်ရိုးလုပ်စဉ်ပါ။ ငွေကြေးတောင်းယူခြင်းမှာလည်းပဲ ရိုးနေပါပြီ။ ဒီတော့ ဒေသခံတိုင်းရင်းသားလူမျိုးများဟာ ဗမာလက်နက်ကိုင်များကို အရင်လိုပဲ ချဉ်နေမြဲပါ။ ပြည်မနေ ဗမာလူများစုတွေကတော့ ဒေါ်စုထောက်ခံသူများသာ ဖြစ်ရာ ဒေါ်စုက စစ်တပ်ကို ထောက်ခံဖို့ အချက်ပြလိုက်လို့ သူတို့က စစ်တပ်နဲ့ ပူးပေါင်းသွားကြပါတယ်။ ဒါဟာ တိုင်းရင်းသားတွေအတွက် ဆုံးရှုံးမှုလားဆိုတော့ မဟုတ်ပါဘူး။ တိုင်းရင်းသားတွေရဲ့ တော်လှန်ရေးဟာ တိုင်းရင်းသားတွေကိုပဲ အခြေခံလို့ပါပဲ။ ဗမာတွေ ထောက်ခံလည်း မအလက လာတိုက်မှာပဲ။ မထောက်ခံလဲ လာတိုက်မှာပဲ။ ဗမာလူထုနဲ့ တိုင်းရင်းသားလူထုတွေ ထောက်ခံလို့ မဲပေးခဲ့တဲ့ ဒေါ်စုကိုတောင် စစ်တပ်က သမ္မတဖြစ်ခွင့် မပေးနိုင်မှတော့ တိုင်းရင်းသားတွေက တိုက်တိုက်၊ မတိုက်တိုက်၊ ဗမာလူထုထောက်ခံမှုရှိရှိ မရှိရှိ မအလက သွားတိုက်မှာပဲ။

၃။ မိုင်ပေါင်း၂၈၀ ကျော် လမ်းမပေါ်ရှိ အကျိုးစီးပွားများ
ဗမာလက်နက်ကိုင်တွေက ဂိဒွန်စခန်းကို နေ့တိုင်း ဝင်တိုက်နေခြင်း၊ ဒေါ်စုက အစိုးရတပ်ကို လုံးဝမဝေဖန်ခြင်းတို့ဟာ ဒီစစ်ပွဲရဲ့ နိဒါန်း ဖြစ်တယ်။ ဒါပေမဲ့ မိုင်းပေါင်း ၂၈၀ ကျော်ရှိ ဒီအမှတ်(၃)အဝေးပြေးလမ်းမကြီးပေါ်ရှိ အကျိုးစီးပွားကလည်း အရေးပါလှတယ်။ မြောက်ပိုင်းမဟာမိတ်တွေက ဗမာလက်နက်ကိုင်ကို တိုက်လိုက်တာနဲ့ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးလုပ်ငန်း(၈၀)ရာခိုင်နှုန်းနီးပါး ရပ်တန့်သွားမှာ ဖြစ်တယ်။ အိန္ဒိယ+ဘင်္ဂလား+တရုတ် ဖိုခနောက်ခုံမဟာဗျူဟာနဲ့ မြန်မာ့စီးပွားရေးကို စိုးမိုးခြယ်လှယ်ဖို့ တရုတ်အစိုးရဲ့ အကြံအစည်းကိုလည်း ထိခိုက်စေပါတယ်။ မြန်မာအစိုးရခေါင်းဆောင် ဒေါ်စုနဲ့ သဘောတူညီထားဖွယ်ရှိတဲ့ မြစ်ဆုံစီမံကိန်း ပြန်စရေးဟာလည်းပဲ သောင်မတင်ရေမကျ ဖြစ်သွားစေနိုင်ပါတယ်။ ဒီအကျိုးစီးပွားတွေကို ကာကွယ်ရမှာ ဖြစ်ကြောင်း မြန်မာအစိုးရနဲ့ တရုတ်အစိုးရတို့ သိရှိနာလည်ထားကြပါတယ်။ အခု မြောက်ပိုင်းမဟာမိတ်တွေရဲ့ တိုက်ခိုက်မှုကို လူများစုဗမာတွေက ရှုတ်ချနေကြပေမဲ့ မကြာခင်မှာ မြစ်ဆုံကို ဒေါ်စု စဖို့ ရှိရင် မြောက်ပိုင်းမဟာမိတ်တွေရဲ့ စေတနာကို အပြည့်မဟုတ်ခဲ့ရင်တော့ အနည်းအကျဉ်းတော့ နားလည်လာပါလိမ့်မယ်။ လောလောဆယ်မှာ ဗမာတွေက ဒီကုန်သွယ်ရေးလမ်းကြောင်းကို အသုံးပြုရမှာပဲ ဖြစ်တယ်။ အသုံးပြုခဲ့ရင်လည်း ဗမာလက်နက်ကိုင်တွေက မိုင် ၂၈၀ ကျော်ကို လုံခြုံရေးပေးဖို့ လွယ်ကူမှာ မဟုတ်ဘူး။ ဒါကြောင့် မြောက်ပိုင်းမဟာမိတ်တွေကို ချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ ပတ်သက်နေရအုံးမှာ ဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် မိမိကားမှာ လုံခြုံရေးအတွက ဗမာလက်နက်ကိုင်တစ်ယောက်ယောက်ကို ထည့်ခဲ့ရင် လုံခြုံရေးက ပိုဆိုးမှာကို ကားသမားတိုင်း သိကြပါတယ်။

၎။ တရုတ်ကြောက်အစိုးရ
အရင်က သိန်းစိန်အစိုးရကို "တရုတ်ကြောက်အစိုးရ"လို့ ဒီမိုတွေ အပုပ်ချခဲ့ကြတယ်။ အခုအခါမှာ ဘာတွေ ဖြစ်လာသလဲဆိုရင် ဒေါ်စုအစိုးရလည်း တရုတ်ကို ပြားပြားဝပ် ကြောက်နေကြောင်း ဒီပွဲမှာ တွေ့ရှိနိုင်ပါတယ်။ ဒေါ်စုအစိုးရအနေနဲ့ ဦးနုနဲ့ နေဝင်းတို့လိုပဲ ဒီနိုင်ငံရဲ့ တစိတ်တပိုင်းကို အိန္ဒိယနဲ့ တရုတ်တို့ကို ဖဲ့ပေးရရင်တောင် တိုင်းရင်းသားတွေကို ကိုယ်ပိုင်ပြဌာန်းခွင့်ပေးဖို့ မသဒ္ဓါနိုင်ဘူးဆိုတဲ့ သဘောပါ။ ဦးနုလက်ထက်က မွန်ကရင်တွေကို တိုက်ဖို့ ကိုးကိုးကွန်းစုအချို့ကို အိန္ဒိယကို ပေးခဲ့ရတယ်။ ကချင်ကို ထိန်ဖို့ နေဝင်းက ကချင်(၅)ရွာကို တရုတ်လက်ထဲ ထည့်ပလိုက်တယ်။ ဘုရားသုံးဆူကို သိမ်းဖို့ နယ်မြေအနည်းငယ်ကို ထိုင်းလက်ထဲ ထည့်ပေးလိုက်တာလည်း ရှိတယ်။ ဥပမာ-မွန်ပြည်သစ်ပါတီဌာနချုပ်ဟာ အခုအခါမှာ ထိုင်းနိုင်ငံနယ်နမိတ်ထဲ ပါသွားပြီဖြစ်ပါတယ်။ အခုလည်း တိုင်းရင်းသားတွေကို အခွင့်အရေး မပေးရလေအောင် အိန္ဒိယ၊ တရုတ်၊ ထိုင်းတွေကို အခွင့်အရေးပုံအောပေးအုံးမှာ သေချာပါတယ်။ အခုတောင် တရုတ်ပြည်အစိုးရအာဘော်သတင်းစာက မြန်မာနိုင်ငံပြဿနာကို တရုတ်ပြည်ပြဿနာလို သဘောထားပြီး "တရုတ်အစိုးရကိုယ်တိုင် ဝင်ရောက်ဖြေရှင်းပေးဖို့ အချိန်ကျရောင်ပြီဖြစ်ကြောင်း" အတိအလင်း ရေးသားထားတယ်။ 

၅။ KNU ဟာ မအလရဲ့ နယ်ရုပ်
အရင်က UNFC က အစည်းအဝေးလုပ်ပြီဟေ့ဆိုရင် KNU က နေပြည်တော်ကို ပြေးရပြီ။ မအလကို ဖက်လို့၊ သိန်းစိန်ကို ဖက်လို့နဲ့ ဗမာလက်နက်ကိုင်အကြိုက်စကားကို ပြောပြီး ပြန်သွားခဲ့တာ အခါခါပါ။ အခုလည်း မြောက်ပိုင်းမှာ တိုက်ပွဲ ဖြစ်တော့ မူတူတို့အုပ်စု မအလဆီကို အပြေးကလေးသွားတွေ့ရပြန်ပါတယ်။ မအလက ခေါ်တွေ့မဲ့အစား မူတူတို့တွေ့ချင်တာက ဖြစ်နိုင်ခြေများပါတယ်။ ဒါပေမဲ့ ဒီတစ်ချက်ကို ပြောကြည့်ရအောင်ပါ။ တကယ်လို့ မြောက်ပိုင်းမဟာမိတ်တွေက ဗမာလက်နက်ကိုင်တွေကို တိုက်လို့ လူထုထောက်ခံမှု ကျခဲ့ရိုးမှန်ရင် ဗမာလက်နက်ကိုင်တွေနဲ့ ပလူးပလဲပေါင်းနေတဲ့ KNU အပေါ် လူထုထောက်ခံမှု တိုးရမှာပေါ့။ ဘာကြောင့် မတိုးနိုင်ရသလဲ။ ဒါဟာ အဖြေပဲ။ KNU ဟာ မူတူးတို့တက်လာတဲ့နောက်ပိုင်းမှာ ကရင်လူထုရဲ့ ထောက်ခံမှု အများကြီး ကျဆင်းသွားခဲ့ရသလို တိုင်းရင်းသားလူမျိုးများရဲ့ ယုံကြည်ကိုးစားမှုလည်း မရှိတော့ပါ။ ဒါဟာ အမှန်တရား ဖြစ်တယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။