Wednesday, November 23, 2016

သျှမ်းမြောက်တိုက်ပွဲကြောင့် ငြိမ်းချမ်းရေးထိခိုက်နိုင်မလား ?

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်မြောက်ပိုင်း မူဆယ် မြို့နယ် ၁၀၅ မိုင် (ကုန်သွယ်ရေးဇုန်) မှာ နိုဝင်ဘာ ၂၀ ရက်နေ့မနက် ပိုင်းက မြန်မာပြည်မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု အဖွဲ့ ကနေပြီး အစိုးရတပ်ရဲ့ ၁၀၅ မိုင် လုံခြုံရေး တပ်စခန်း ကို ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် အစိုးရနဲ့ တနိုင်ငံလုံး အပစ်ရပ်ရေးလက် မှတ်ထိုး ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့  တွေလုပ်ဆောင်နေဆဲ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကြီး အပေါ်ယုံကြည်မှု ပိုမိုနည်းပါးလာနိုင်ကြောင်း  သျှမ်းပြည်နိုင်ငံရေး စောင့်ကြည် သူများက သုံးသပ်ပြောဆိုပါတယ် ။


သျှမ်းပြည်နိုင်ငံရေးစောင့်ကြည့်လေ့လာသူတဦးဖြစ်တဲ့ သျှမ်းစာပေပညာရှင်၊ စာရေးဆရာ ဟင်းကာယန်း က - "ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံကို နိုင်ငံတော်အစိုးရကနေ ကြိုးပမ်းလုပ်ဆောင်နေတာကိုတော့ တွေ့ရတယ်။ဒါပေမယ့် တစ်ချိန်တည်းမှာဘဲ မြန်မာ့တပ်မတော် နဲ့ ဒီတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ တိုက်ပွဲကလည်း အဆက်မပြတ်ဖြစ်နေတာပေါ့နော် ။ ကချင်ပြည်နယ်မှာ ဖြစ်တယ် ။ အခု သျှမ်းပြည်နယ်မှာ ဆိုလို့ရှိရင် လက်နက်ကိုင်အဖွဲ့အစည်း သုံးလေးဖွဲ့ ပေါင်းပြီးတော့မှ တိုက်ပွဲဖြစ်နေတယ် ၊အပြစ်မဲ့ ပြည်သူတွေလည်း အများကြီးသေတယ် ။  နောက် တရုတ်ပြည်ဘက်ခြမ်းကို လူသောင်းချီထွက်ပြေးနေရတယ် အဲ့ဒါဟာ အစိုးရလုပ်နေတဲ့ ငြိမ်းချမ်းရေးညီလာခံကြီးကို အယုံအကြည်မယ့်စေတယ်။နောက်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း နဲ့ အစိုးရကြားမှာ ယုံကြည်မှု တည်ဆောက်မှုကိုလည်း လျှော့ပါးစေနိုင်တယ်လို့ မြင်တယ် ပါတယ်။" လို့ပြောပါတယ် ။

တိုက်ပွဲတွေသာဖြစ်နေရင်  ငြိမ်းချမ်းရေးကတော့ အလှမ်းဝေးနေအုံးမယ်လို့ ဟင်းကာယန်းက ပြောပါတယ် ။


"အဲ့ကြောင့် နိုင်ငံတော် သမ္မတ နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် နှစ်ဦးကနေပြီးတော့ မှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအနေနဲ့ ဘာကြောင့်မို့ ဒီလို စစ်ဆင်ရေးတွေ လုပ်ရတာလဲ ဘာကြောင့် တိုက်ပွဲတွေက မပစ်ရပ်ရတာလဲ ဆိုတာကို ညှိနှိုင်းဆွေးနွေးနိုင်ဖို့။   တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေကို ဖိတ်ခေါ်ပြီးတော့မှ ဆွေးနွေးသင့်တယ်။တစ်ဘက်မှာလည်းဘဲ တပ်မတော်ကို ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်မှာ တပ်မတော်အနေနဲ့ ယုံယုံကြည်ကြည်နဲ့ ပိုမိုပြီးတော့ပါဝင် လာနိုင်ဖို့အတွက် ပိုမိုပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် နိုင်ငံရေးနည်းအားဖြင့် သူတို့ကို ချဉ်းကပ်သင့်တာပေါ့နော် ။စည်းရုံးသင့်တယ်။ အဲ့လိုမှ မဟုတ်ရင် တိုင်းရင်းသားပြည်သူ လူထု အတွက် ကုန်ဈေးနှုန်းတွေတက် ငွေကြေးဖောင်းပွမှုတွေ အရမ်းများနေတဲ့ချိန်မှာ အခု တိုက်ပွဲတွေ ထပ်ပြီးရင်ဆိုင်နေရတဲ့ခါကျတော့ အစိုးရရဲ့ ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းတွေကိုကော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုကော ယုံကြည်မှု ပိုပြီးတော့ နည်းပါးလာနိုင်တယ် ။ လူထုရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှု မရှိတဲ့ လုပ်ငန်းဟာ ဘယ်လိုမှ မအောင်မြင်နိုင်ပါဘူး။ လူထုတွေ ယုံကြည်မှု လျှော့ကျလာတာနဲ့အမျှ အစိုးရရဲ့ ဆောင်ရွက်ချက်လည်းဘဲ နှောင့်နှေးစေနိုင်မှာ ဖြစ်တယ်။  တိုက်ပွဲဖြစ်တာ မကောင်းဘူး အထူးအားဖြင့်တော့ အရပ်သားပြည်သူလူထုတွေကို ထိခိုက်နစ်နာစေတယ် ဘယ်သူဘဲ လုပ်လုပ် ကျနော်တို့က ကန့်ကွက်ရမယ် တိုက်ပွဲကို ကျနော်တို့ လက်မခံနိုင်ဘူး တိုက်ပွဲမဖြစ်စေချင်ဘူး အထူးအားဖြင့် ပြည်သူလူထုကို ထိခိုက်တာကို ကျနော်တို့ လုံးဝ ရှုံ့ချပါတယ် ။"


သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဌ စိုင်းအိုက်ပေါင်း ကတော့ နိုင်ငံရေးစကားဝိုင်းမှာ ပြောဆိုဆွေးနွေးတာ အကောင်းဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
"အမှန်ကတော့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးလိုက်တာ အဲ့ဒါအကောင်းဆုံဘဲပေါ့နော်။ တိုက်ပွဲဖြစ်တော့ ပြည်သူလူထုတွေလည်း နစ်နာတာပေါ့၊တိုင်းပြည်လည်း နစ်နာတာပေါ့၊ အကောင်းဆုံးကတော့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးလိုက်တာ အကောင်းဆုံးပါဘဲ။ လူထုကတော့ စစ်ကို ငြီးငွေ့နေပြီလေ။ စစ်ရဲ့ အနိဌာရုံကို ပြည်သူလူထုက အရွယ်သုံးပါး ခံစားနေရတာလေ စစ်ပြေးဒုက္ခသည်တွေဆိုရင် ခုထက်ထိ နေရပ်မပြန်နိုင်သေးဘူး အဲ့တော့ ဘယ်လိုဘဲ ဖြစ်ဖြစ် ငြိမ်းချမ်းရေးလိုချင်တယ် ငြိမ်းချမ်းရေးရမှဘဲ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှာပေါ့။ စစ်ပွဲဖြစ်တယ်ဆိုတဲ့ဟာက အမှန်က သူ့လိုလားချက်ကတော့ စားပွဲဝိုင်းမှာဆွေးနွေးတာ အကောင်းဆုံးပါဘဲ ဒီတိုင်းလက်နက်ကိုင်ပြီးတော့ တိုက်နေတာ နှစ်ပေါင်း ၆၀ ကျော်ပြီ အဖြေမှမပေါ်တဲ့ဟာကို နိုင်ငံရေးဆွေးနွေးပွဲနဲ့ဘဲ အဖြေပေါ်မှာပါ ။"


မြန်မာ့ငြိမ်းချမ်းရေးကိုအစဉ်ပံ့ပိုးပေးနေတဲ့ ပြည်ထောင်စုအင်စတီကျုက ဒါရိုက်တာ ဦးခွန်စိုင်းကတော့ မငြိမ်းချမ်းမှုကြားက ငြိမ်းချမ်းရေးအတွက်အားတိုက်ကြိုးပမ်းရမယ်လို့ပြောပါတယ် ။

" ငြိမ်းချမ်းရေးအတွက် လူထုတရပ်လုံးက ကြိုးပမ်းနေချိန် တိုက်ပွဲကဖြစ်လာတယ်ဆိုတော့ အနည်းနဲ့အများကတော့ ငြိမ်းချမ်းရေးကိုထိခိုက်စေမှာအမှန်ပါဘဲ။ ဒါပေမယ့်  ငြိမ်းချမ်းရေး ကိုထိခိုက်လို့ ဆိုပြီး ငြိမ်းချမ်းရေးအတွက်ဆက်မကြိုးစားရင်တော့ ပိုပြီးတော့ ထိခိုက်နစ်နာစေမှာပါဘဲ။ ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေးကိုရပ်ဆိုင်းလိုက်တာနဲ့ ဖြစ်နေတဲ့တိုက်ပွဲ ပိုကြီးလာအောင် တွန်းအားပေးလိုက်သလိုဖြစ်သွားမယ်။ ဒါပေမယ့် တိုက်ပွဲဖြစ်နေတဲ့ကြားက ငြိမ်းချမ်းရေးကိုဆက်လက်လုပ်ဆောင်သွားမယ်ဆိုရင် ငြိမ်းချမ်းရေးဟာ ပျံ့နှံ့သွားပြီး မငြိမ်းချမ်းမှုကိုအနိုင်ယူသွားလိမ့်မယ်လို့ယုံကြည်တယ်။ ဒါကြောင့် ငြိမ်းချမ်းရေးလိုချင်တယ်ဆိုတာက  ငြိမ်းချမ်းမှုမရှိလို့ငြိမ်းချမ်းရေးလုပ်ရတာဖြစ်တယ်။ဆူပူရှုပ်ထွေးမှုကြောင့်ငြိမ်းချမ်းရေးမလုပ်တော့ဘူးဆိုရင်တော့ ဘယ်တော့မှ ငြိမ်းချမ်းရေးရနိုင်တော့မှာမဟုတ်ဘူး။ ဒါကြောင့် တိုက်ပွဲကြီးမားလေလေ ငြိမ်းချမ်းရေးအတွက်ပိုကြိုးစားရလေလေ ဖြစ်ပါတယ် ။"


သျှမ်းပြည်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့ကစပြီး တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားမဟာမိတ်တပ်ပေါင်းစု (တအာင်း၊ ကချင်၊ ကိုးကန့်၊ ရခိုင်) နဲ့ အစိုးရတပ်မတော်တို့ ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့ပါတယ်။ တိုက်ပွဲကြောင့် စစ်ဘေးရှောင်သောင်းနဲ့ချီရှိခဲ့ပြီး စစ်ဒဏ်သင့်လို့သေဆုံးရတဲ့လူထုလည်းရှိခဲ့ပါတယ် ။
 

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။