Tuesday, November 22, 2016

မူဆယ်ကယ်ဆယ်ရေးသွားသည့် လူနာတင်ကား ပစ်ခတ်ခံရ၊ ၁ ဦးဒဏ်ရာရ

(DVB)

မူဆယ် ၁၀၅ မိုင် ကုန် သွယ်ရေးဇုန် အတွင်း ပိတ်မိနေတဲ့ စစ်ဘေးရှောင်ပြည် သူတွေကို ကူညီကယ်ဆယ်ဖို့ သွားရောက်တဲ့ လူနာတင်ယာဉ် ၂ စီး မနေ့ ညနေ ၄ နာရီလောက်က  သေနတ်နဲ့အပစ်ခံရပြီး ကားပေါ်ပါ လူငယ်တဦး ထိခိုက်ဒဏ်ရာရသွားပါတယ်။

 
မူဆယ်မြို့မှ မေတ္တာမွန် လူမှုကူညီရေးအသင်းနဲ့ ၁၀၅ မိုင် ပါရမီလူမှုကူညီရေးအသင်းတွေက မှန်လုံလူနာတင် ၂ စီးကို ကေအိုင်အေ၊ တီအန်အယ်လ်အေနဲ့ အမ်အန်ဒီအေအေ လက်နက်ကိုင်တပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တာလို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောပါတယ်။

ပစ်ခတ်မှုကြောင့် မေတ္တာမွန် လူမှုကူညီရေးအသင်းယာဉ်ပေါ် လိုက်ပါလာတဲ့ ရွှေလီမြို့နေ ကြင်နာနွေးထွေး ပရဟိတလူငယ်အသင်းက ကိုရဲမင်းအောင် (၂၃ နှစ်) ရဲ့ ဝဲဘက်ရင်ဘတ်ဘေး ဖောက်ထွက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

လူမှုကူညီရေးအသင်းက လူနာတင်ယာဉ် ၂ စီးဟာ  လွယ်အင်ကျေးရွာ အနီးပတ်ဝန်းကျင်မှာ စစ်ဘေးရှောင်ဒုက္ခသည်တွေ ရောက်ရှိနေကြောင်း ဆက်သွယ် အကြောင်းကြားလာတာကြောင့် အကူအညီပေးဖို့ သွားရောက်စဉ် လက်နက်ကိုင်အဖွဲ့တွေက ဘုရားကုန်းလမ်းဘေး တောင်ကုန်းကနေ လက်နက်ငယ်နဲ့ ၄ ချက် ပစ်ခတ်ခဲ့တာလို့ သတင်းထုတ်ပြန်ပါတယ်။

မော်တော်ယာဉ်ကို လက်နက်ငယ်နဲ့ ပစ်ခတ်ခံရပြီးနောက် ဆက်မသွားနိုင်တော့ဘဲ မူဆယ်ကို ပြန်လှည့်လာခဲ့ပြီး ဒဏ်ရာရသူကို မူဆယ်ပြည်သူ့ဆေးရုံ ပို့ဆောင် ဆေးကုသပေးနေရတယ်လို့ သိရပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။