Wednesday, July 20, 2016

အစိုးရ နှင့် KIA နှစ်နေရာ မှာ တိုက်ပွဲ ဖြစ်ပွား

(ကချင်သတင်းဌာန)

မြန်မာ အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA ကြား ဇူလိုင် ၁၈၊ ယမန်နေ့ နှစ်နေရာ တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
အစိုးရ စစ်ကြောင်းနှင့် တိုက်ပွဲများသည် ကချင်ပြည်နယ် တောင်ပိုင်း ဗန်းမော်ခရိုင် မံစီမြို့နယ် တပ်ရင်း (၁၂) နယ်မြေ နှင့် ပြည်နယ် အနောက်ဘက် ကားမိုင်းမြို့နယ်ခွဲ KIA တပ်ရင်း (၆) နယ်မြေ တို့ ဖြစ်ပွားခဲ့သည်။
တိုက်ပွဲများသည် နှစ်ဖက်တပ် ‘ထိတွေ့ပစ်ခတ်မှုများ’ သာ ဖြစ်ကြောင်း KIO သတင်းနှင့် ပြန်ကြားရေး ဌာနမှ တာဝန်ရှိသူ ဒုဗိုလ်မှုးကြီး နော်ဘူ က ကချင်သတင်းဌာန KNG ကို ယခုလို အတည်ပြု ပြောပါသည်။

“ပစ်ခတ်မှုတော့ဖြစ်တယ် ဒါပေမယ့် ထိတွေ့ တိုက်ပွဲပေါ့ ၁၀ မိနစ် ၅ မိနစ်လောက်ပေါ့။ ကားမိုင်း ထွယ်ဆန်ယန် မှာလည်း ဂေါင်ရီဘက်ကို ဆင်းသွားတဲ့အဖွဲ့ကို တိုက်ပွဲ ရယ်လို့တော့ မဟုတ်ဘူး မိုင်း ဖောက်ခွဲ တာလောက်ပါပဲ”

အစိုးရတပ်နှင့် ရှမ်းနီပြည်သူ့စစ် ပူးပေါင်းတပ်များ စီးလာသည့် စစ်ကား ၂ စီးကို KIA တပ်ရင်း ၆ တပ်ဖွဲ့များမှ မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ အစိုးရတပ်ဘက် (၄)ဦး ဒဏ်ရာ ရပြီး (၁)ဦး သေဆုံးခဲ့သည်ဖြစ်ကြောင်း ဒေသခံ သတင်းများ ပြောပါသည်။

တဖန် မံစီ မြို့နယ် ကောင်ဂျာ (Kawg Ja) နှင့် ဟန်းကိုင်ခက် (Hkang Kai Hkyet) ကြား ဇိုင်ဘရူစွန် (Zai Bru Tsun) မှာ KIA တပ်ရင်း (၁၂)နှင့် ဖြစ်ပွားသော တိုက်ပွဲတွင် အစိုးရတပ် ခမရ (၅၂၁)မှ စစ်သား ၂ ဦး ကျဆုံးခဲ့ကြောင်း ဒေသခံ သတင်းများတွင် ဖော်ပြပါသည်။

ယမန်နေ့ ည အချိန်တွင်လည်း ဖားကန့် ကံဆီး (Ginsi) KIA စခန်း နှင့် နန့်ယား (Nam Ya) KIA စခန်းရှိသော နေရာများသို့ အစိုးရတပ်များ လက်နက်ကြီးဖြင့် အကြိမ်ကြိမ် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ဆိုပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။