Wednesday, July 20, 2016

အစိုးရတပ် က ကချင် ကျေးရွာများမှ တူမီး သေနတ်များ သိမ်းယူ နေ

(ကချင်သတင်းဌာန)

ဖားကန့် ကျောက်စိမ်းမှော်တွင် အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA ကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေချိန် အစိုးရတပ် က ဖားကန့်လမ်းကြောင်း ကချင်ကျေးရွာများမှ တူမီး သေနတ်များ သိမ်းယူနေပါသည်။
လွန်ခဲ့သော အပတ်အတွင်း မိုးကောင်းနှင့် ကားမိုင်းကြား ကထန်ယန် (Kahtan Yang) ကျေးရွာ နှင့် လွယ်ဆိုင် (Loi Seng) ကျေးရွာ မှ တူမီး သေနတ်များကို အစိုးရစစ်သားများ အဓမ္မ နည်းလမ်းဖြင့် သိမ်းယူခြင်း ခဲ့ကြောင်း ရွာသားများ ဆိုပါသည်။
အစိုးရတပ် ခမရ ၄၂၇ မှ ဗိုလ်ကြီး နေလင်းအောင်နှင့် ဗိုလ်ကြီး ထွန်းထွန်း ဦးဆောင်သော စစ်ကြောင်းသည် အဆိုပါ ကျေးရွာ ၂ ခု မှ တူမီး သေနတ် ၂၂ လက်ကို ဇူလိုင် ၁၂ မှ ၁၅ ရက်ထိ သိမ်းယူခဲ့ကြောင်းကို ဇူလိုင် ၁၆ ကချင် လွတ်လပ်ရေး အဖွဲ့ KIO Kachinnet သတင်း မှာလည်း ဖော်ပြခဲ့သည်။

တပ်မတော် စစ်သားများက ရွာသားများ ၎င်းတို့၏ တူမီး သေနတ်များ မအပ်နှံလျှင် ‘တရား ဥပဒေ အရ အရေး ယူမည်’ ဆိုပြီး ခြိမ်းခြောက် သိမ်းယူခဲ့သည်ဟု ရွာသားများ ဆက်ဆိုသည်။

တူမီး သည် ကချင် ရိုးရာ ယဉ်ကျေးမှု အရ အမွေအနှစ် ပစ္စည်း တခု ဖြစ်ခြင်း သာမက တောင်ယာနှင့် အမဲလိုက်ခြင်း လုပ်ငန်းများဖြင့် အဓိက အသက်မွေးသော ကချင် ရွာသားများ အတွက် မရှိမဖြစ်လိုအပ်သော ပစ္စည်း တခုလည်း ဖြစ်ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။