Monday, July 18, 2016

ရှမ်းမြောက် ဌာနေ တိုင်းရင်းသားများ လူ့အခွင့်အရေး အတွက် ဆန္ဒပြ

(ကချင်သတင်းဌာန)

ရှမ်းပြည်နယ် မြောက်ပိုင်း ကချင်၊ ရှမ်း၊ တအောင်း ဌာနေ တိုင်းရင်းသား လူမှု အဖွဲ့အစည်းများမှ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး ဇူလိုင် ၁၆ ရက်၊ ယမန်နေ့ လားရှိုးမြို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဆန္ဒထုတ်ဖော်ပွဲ ကို မနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီခန့် အထိ လားရှိုးမြို့ ရဲတပ်ဖွဲ့ရုံး ခွင့်ပြုမှုဖြင့် ပြုလုပ်ခဲ့ပြီး ပြည်သူ လူထု အင်အား ၁၀၀၀ ခန့် ပါဝင်ခဲ့ကြောင်း သိရပါသည်။

လမ်းလျှောက် ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ် ရခြင်းနှင့် ပတ်သက်ပြီး ကချင် လူငယ်အဖွဲ့ အစည်း (ရှမ်းပြည်နယ်) မှ ကို ဇေဒေါင် က “အဓိက ကျနော်တို့ လုပ်ရတဲ့ အကြောင်းက ပြည်သူတွေ ကောင်းစားဖို့ ပြည်သူတွေရဲ့ အသံကို ကြားစေချင်တဲ့ အတွက်ပါ။ အဓိက ခံစားနေရ တာက ကျနော်တို့ တိုင်းရင်းသားတွေဖြစ်တဲ့အတွက် ကျနော်တို့ပဲ လုပ်ရတာပါ။” ဟု ပြောပါသည်။


အဓိက တောင်းဆိုခဲ့သည့် အချက်များမှာ ပြည်သူများ ‘လွတ်လွပ် လပ်လပ် အေးချမ်းစွာ သွားလာ နေထိုင်နိုင်ရေး၊ စစ်ပြေးဒုက္ခသည် ပြည်သူများ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ လူ့ အခွင့်အရေး ချိုးဖောက်မှုများ ရပ်တန့်ရေး၊ တိုင်းရင်းသားများ၏ အခွင့်အရေးကို အာမခံသည့် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာရေး’ စသည်တို့ ဖြစ်ကြောင်း ကို ဇေဒေါင် က ဆက်ပြောပါသည်။

စီတန်းလှည့်လည် ဆန္ဒပြပွဲတွင် ကချင်လူထု ၂၀၀ ခန့်ပါဝင်ခဲ့ပြီး ရှမ်းနှင့် ပလောင် လူထုမှ အများစု ပါဝင်ခဲ့ကြောင်း သိရပါသည်။

ထို့အပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်များကွန်ယက်၊ ရှမ်း လူငယ်အဖွဲ့၊ ကချင်လူငယ်အဖွဲ့အစည်း (ရှမ်းပြည်)၊ တအာင်း အမျိုးသမီးအဖွဲ့အစည်း၊ တအာင်းကျောင်းသားနှင့် လူငယ်များ အဖွဲ့တို့မှ ဆန္ဒပြပွဲကို အဓိက ဦးဆောင် စီစဉ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

ရှမ်းမြောက်ဒေသတွင် အစိုးရနှင့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ ၏ တိုက်ပွဲကြောင့် ဒေသခံပြည်သူ့များ လူ့အခွင့်အရေးချို့ ဖောက်ခံနေရမှု များစွာ ရှိနေပြီး အထူးသဖြင့် လွန်ခဲ့သည့် ဇွန်လ ၂၅ ရက်နေ့က လည်း လားရှိုးမြို့နယ် မိုင်းယော် ကျေးရွာမှာ ရွာသား (၇)ဦး အသတ်ခံခဲ့ရပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။