Friday, March 20, 2015

ကိုးကန့်ဒေသမှာ မြန်မာစစ်တပ် အကျအဆုံးများ

(RFA)

မြန်မာနိုင်ငံမြောက်ပိုင်းက ကိုးကန့်ပြဿနာ နဲ့ ပတ်သက်ပြီး အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်တွေ သီးခြားအစီအစဉ်နဲ့ ဆွေးနွေးဖို့ သဘောတူခဲ့ကြပါတယ်။ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေရဲ့ (၇) ကြိမ်မြောက် ညှိနှိုင်းဆွေးနွေးပွဲ တတိယနေ့ဖြစ်တဲ့ မနေ့က သဘောတူခဲ့ကြတာပါ။
ဆွေးနွေးပွဲ အဓိကအစီအစဉ်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူမူကြမ်းက ထိပ်ဆုံးကို ရောက်နေတာကြောင့် တစ်ကြောင်း၊ ဆွေးနွေးပွဲမှာ နိုင်ငံတကာ သံတမန်တွေ ပါဝင်နေတာကတစ်ကြောင်းတို့ကြောင့် ကိုးကန့်ပြဿနာကို သီးခြားအစီအစဉ်နဲ့ ဆွေးနွေးဖို့အဆိုကို အစိုးရ ရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC က သဘောတူခဲ့ တာ ဖြစ်တယ်လို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

အပစ်ရပ်စာချုပ်တွင် “တော်လှန်ရေး” စာလုံးကို ထည့်သွင်း အသုံးပြုရန် သဘောတူညီချက် ရရှိ

(ဧရာဝတီ)

တနိုင်ငံလုံး အပစ်ရပ်စာချုပ်(NCA) တွင် တိုင်းရင်းသားအဖွဲ့များ ၏အမည်ကို တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များဟူ၍ ထည့်သွင်းရန် အစိုးရမှ သဘောတူညီလိုက်ပြီဟု သတင်းရရှိသည်။
ထိုသဘောတူညီချက် ရရှိခြင်းနှင့် ပတ်သက်ပြီး မတ်လ ၁၉ ရက်က ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်းဗဟိုဌာန(MPC)တွင် ပြုလုပ်သည့် အစိုးရ ကိုယ်စားလှယ်များနှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT) တို့၏ NCA ၇ ကြိမ်မြောက် ဆွေးနွေးပွဲ တတိယရက်အပြီးတွင် NCCT ကိုယ်စားလှယ်များ က ပြောဆိုခြင်း ဖြစ်သည်။

အီးယူအဖွဲ့ဝင်နိုင်ငံမှ ကိုယ်စားလှယ်များ ကချင်သို့ သွားရောက်

(Mizzima)

ဘယ်လ်ဂျီယမ်၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ပိုလန်၊ ယူကေနှင့် အီးယူ ကိုယ်စားလှယ်အဖွဲ့တို့သည် ကချင်ပြည်နယ်သို့ သုံးရက်ကြာ ခရီးစဉ်တစ်ခု သွားရောက်ခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ရှေ့လာမည့် အထွေထွေရွေးကောက်ပွဲများ အကြောင်းတို့ကို အဓိကဆွေးနွေးခဲ့သည်ဟု အီးယူက မတ် ၁၉ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

အီးယူကိုယ်စားလှယ်များသည် ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ၎င်း၏အစိုးရအဖွဲ့၊ ကေအိုင်အို၊ ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်၊ ကချင်ပြည်နယ်အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် ဘာသာရေး အခြေပြုအဖွဲ့အစည်းများ၊ ကချင်စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံတကာအကျိုးအမြတ် မယူသည့် အဖွဲ့အစည်းများအပြင် ကချင်ပြည်နယ်တွင် လှုပ်ရှားနေသော လူမျိုးစုအခြေပြုနိုင်ငံရေး ပါတီများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသည့်ဒုက္ခသည် ၂,၂၀၀ ကျော်ကို လက်ခံထားရှိသည့် Maina KBC စခန်းသို့လည်း သွားရောက်ခဲ့ကြသည်။

Thursday, March 19, 2015

ကိုးကန့်အပေါ် မြန်မာတပ် ပြင်းထန်စွာထိုးစစ်ဆင်

(VOA)

မြန်မာစစ်တပ်အနေနဲ့ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ကို နိုင်ငံရပ်ခြားက ကျူးကျော်စစ် သဏ္ဍာန်ထားပြီးတော့ အပြင်းအထန် ထိုးစစ်ဆင်နေတာကြောင့် ဒီလုပ်ရပ်မျိုးတွေကို ရပ်ပြီးတော့ ပြဿနာတွေကို တွေ့ဆုံ ဆွေးနွေး အဖြေရှာသင့်တယ်လို့ MNDAA ကိုးကန့်တပ်ဖွဲ့ဘက်က ပြောဆိုလိုက်ပါတယ်။
ကိုးကန့်လူမျိုးတွေဟာ ဖွဲ့စည်းပုံအရ မြန်မာလူမျိုး တိုင်းရင်းသားထဲမှာ ပါဝင်တယ်လို့ ကိုးကန့်တပ်ဘက်က ရည်ညွှန်းပြောဆိုခဲ့တာပါ။ လက်ရှိအားဖြင့်တော့ ကိုးကန့်ဒေသမှာ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေပြီးတော့ ထိခိုက်ကျဆုံးမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဝင်းမင်း က တင်ပြထားပါတယ်။

တရုတ်နယ်စပ် ကျော်ပြီး လောင်တဲ့ ကိုးကန့်စစ်မီး ဘယ်လိုငြှိမ်းမလဲ

(ဧရာဝတီ)

ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် ကိုးကန့်ဒေသမှာ တကျော့ပြန် လောင်မြိုက်နေတဲ့ စစ်မီးဟာ တလကြာမြင့်လာပြီး နှစ်ဖက် အကျအဆုံး တိုးလာသလို ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာတော့ တရုတ်ပြည်ဘက်ကိုပါ ကူးစက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က တရုတ်နိုင်ငံဘက်ကို မြန်မာ့လေတပ်မတော်က ကြဲချခဲ့တယ်ဆိုတဲ့ ဗုံးကြောင့် တရုတ်နိုင်ငံသား ၄ ဦး သေဆုံးခဲ့ပြီး ၉ ဦး ဒဏ်ရာရသွားခဲ့ပြီးနောက် ဘေဂျင်း အစိုးရ ဒေါသထွက်ကာ တရုတ်ထိပ်တန်း အစိုးရအရာရှိတွေနဲ့ စစ်ဘက်အရာရှိကြီးတွေက မြန်မာအစိုးရကို ပြင်းပြင်းထန်ထန် သတိပေးမှုတွေ လုပ်လာပါတယ်။

မြန်မာအစိုးရ သတင်းစာများရဲ့ အဆိုအရ ကိုးကန့်လက်နက်ကိုင်များနဲ့ အစိုးရတပ်အကြား တရုတ်-မြန်မာ နယ်စပ်အနီး လွန်ခဲ့တဲ့ ရက်သတ္တပတ် အတွင်း တိုက်ပွဲတွေ ပြင်းထန်နေခဲ့ပြီး လေကြောင်း က ပစ်ခတ်မှုများ လည်း ရှိနေကြောင်း သိရပါတယ်။ တရုတ်အစိုးရရဲ့ ဆင်ဟွာသတင်းဌာနက တရုတ် နယ်စပ်မြို့ လင်ချန်း မြို့တွင်းကို မတ်လ ၁၃ ရက် သောကြာနေ့က ဗုံးကျခဲ့တယ်လို့ သတင်းဖော်ပြပါ တယ်။ နေပြည်တော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက မီဒီယာတွေကိုပြောဆိုရာမှာ တရုတ် တွေပေးတဲ့ အချက်အလက်တွေအပေါ် စစ်ဆေး တွက်ချက်မှုတွေအရ ဒါဟာ မြန်မာ့တပ်မတော်လေရဲ့ လက်ချက်မဟုတ်ဘူးလို့ ငြင်းဆိုပြီး ကိုးကန့် သူပုန်တွေရဲ့ လက်ချက်လို့ ပြောခဲ့ပါတယ်။

၇ ကြိမ်မြောက် အပစ်ရပ် ဆွေးနွေးပွဲ၌ တပ်ပိုင်းဆိုင်ရာ ပြေလည်မှု တချို့ရရှိ

(ဧရာဝတီ)

အစိုးရ ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ၏ ရန်ကုန်မြို့တွင် ယနေ့ ကျင်းပသော တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်(NCA) ဆွေးနွေးပွဲ၌ တပ်ပိုင်းဆိုင်များ ညှိနှိုင်းရာတွင် ပြေလည်မှုတချို့ရရှိကြောင်း နှစ်ဖက် ကိုယ်စားလှယ်များက ပြောသည်။

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး ဌာန(MPC) တွင် ပြုလုပ်သည့် ၇ ကြိမ်မြောက် NCA ဆွေးနွေးပွဲ ဒုတိယရက် ယနေ့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC ) နှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT) တို့ တွေ့ဆုံ ဆွေးနွေးခြင်း ဖြစ်သည်။

ကိုးကန့်ဒေသ တိုက်ပွဲဆက်

(RFA)

ရန်ကုန်မှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား ငြိမ်းချမ်းရေးဆွေးနွေးနေချိန်အတွင်း MNDAA ကိုးကန့်လက်နက်ကိုင်အဖွဲ့နဲ့ အစိုးရစစ်တပ် ကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်။
လောက်ကိုင်မြို့အရှေ့ဘက် ခုတ်ထန်ဒေသမှာ ဗျူဟာ အရ အရေးကြီးတဲ့တောင်ကုန်းတွေမှာ နှစ်ဖက်တပ်တွေ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ အစိုးရစစ်တပ်ဘက်က သတင်း ထုတ်ပြန်ရာမှာ မတ်လ ၁၆ ရက်နေ့ တိုက်ပွဲအပြီး ကိုးကန့်တပ်သားအလောင်း သုံးလောင်း၊ မူးယစ်ဆေးဝါး နဲ့ လက်နက်အချို့ သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

တရုတ်-မြန်မာ ဆက်ဆံရေး နှင့် ကိုးကန့် ဂယက်

(VOA)

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ မြန်မာ့တပ်မတော်က ကိုးကန့် ဦးဖုန်ကျားရှင်တို့ တပ်ဖွဲ့တွေကို တရုတ်နဲ့ ချိတ်ဆက်ဖို့ လုပ်နေတာဟာ အမေရိကန်စစ်တပ်နဲ့ ဆက်ဆံရေးကောင်းချင်တဲ့ ရည်ရွယ်ချက်ရှိတယ်လို့ တရုတ်-မြန်မာအရေး စောင့်ကြည့်လေ့လာသူ ဒေါက်တာလှကျော်ဇော က ဆိုပါတယ်။ အသေးစိတ်ကို ဒေါက်တာလှကျော်ဇော နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော်တို့ နားလည်တာက စစ်ဆိုတာ ပြဿနာတခုကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလို့ မရတဲ့အခါမှာ နောက်ဆုံး အသုံးချတဲ့ နည်းလမ်းလို့ ကြားဖူးပါတယ်။ နားလည်ပါတယ်။ ဆိုတော့ အခု ကိုးကန့်ပြဿနာဟာ ဘယ်လောက်များ ခက်ခဲနေလို့၊ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမရလို့ တိုက်ကြတယ်လို့ ထင်ပါလဲ။ ဒေါ်လှကျော်ဇောရဲ့  အမြင်ကို ပထမဦးဆုံး ကြားချင်ပါတယ်။

Monday, March 16, 2015

ငြိမ်းချမ်းရေးစစ်တမ်း (၁၃)။ အချုပ်အခြာအာဏာကို ကိုးကားပြီး တိုင်းပြည် မီးလောင်တိုက်သွင်းဘို့ ကြိုးစားနေခြင်းလား။

(Aung Htoo)

ကိုးကန့် ပြသနာနှင့် စပ်လျှဉ်း၍ အရပ်ဝတ်ဦးသိန်းစိန်ခေါင်းဆောင်သော စစ်အစိုးရသည် “မြောက် မီးခဲကိုင်” သည့် အခြေအနေသို့ ဆိုက်လျှက်ရှိသည်။မကိုင်လို့ လဲ မရတော့။ မီးကို ငြိမ်းသတ်နိုင်ရန် ကိုင်မှ ဖြစ်မည်။ ကိုင်မိသည့် မီးမှာလည်းရိုးရိုးမဟုတ်။အရှိန်ပြင်းသောမီးကျီးခဲဖြစ်သည်။ လက်တဘက်မှာ ပူလွန်းလာသောအခါ အခြားတဘက်သို့  ပြောင်းရသည်။မီးဒဏ်ခံစားရသဖြင့် ခုန်ဆွခုန်ဆွ ဖြစ်လျှက်ရှိသော မြောက်ဘ၀ကို တွေးမိသည်။ ဤမြောက်ကိုစာနာ သနား ကူညီကယ်မ ရမည်လား။ သို့ မဟုတ် အလျှံညီးညီး မီးကျီးခဲကို ကိုင်ပြီး တပြည်လုံးကို မီးဟုန်းဟုန်းတောက်၊ ပြာကျအောင် လိုက်ရှို့ တော့မည် ဖြစ်သဖြင့် အန္တရာယ် “မြောက်”အဖြစ်သတ်မှတ်ပြီး ရိုက်သတ် ရတော့မည်လား။ သုံးသပ်ဖွယ်ရှိလာသည်။
  

KIO ကိုယ်စားလှယ်များ UPWC ဥက္ကဌ နဲ့ဆွေးနွေး

(RFA)

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော် မတီ UPWC ဥက္ကဌ ဒေါက်တာ စိုင်းမောက်ခမ်းနဲ့ ကချင် လွတ်မြောက်ရေးအဖွဲ့ KIO ကိုယ်စားလှယ်တွေဟာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ရဖို့ အတွက် နှစ်ဖက်သဘောထားတွေကို ဒီနေ့ နေပြည်တော် မှာ ဆွေနွေးကြပါတယ်။
လာမယ့် ၁၇ ရက်နေ့မှာ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ NCCT အဖွဲ့တို့ ရန်ကုန်မှာ ၇ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှာ ဖြစ် ပါတယ်။
အဲ့ဒီအစည်းအဝေးမှာ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ရဖို့ ဆွေးနွေးကြမှာ ဖြစ်တာကြောင့် ဒီတကြိမ်မှာ အားလုံးက အောင်မြင်အောင် ဆွေးနွေးသွားနိုင်ဖို့ အကြိုသဘောမျိုး တွေ့ဆုံတာဖြစ်တယ်လို့ KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောပါတယ်။

ရှုံးမဲမဲပြီး ရှက်ရမ်းရမ်းနေတဲ့ မင်းအောင်လှိုင်

(Jinghpawkasa)

မင်းအောင်လှိုင်ဟာ ဖေဖော်ဝါရီ ၉-၁၀-၁၁-၁၂ ရက်တွေတုံးက သူ့တပ်တွေအထိနာသွားခဲ့တဲ့ ကိုးကန့်ဒေသမှာ တပ်ရင်း ၃၀ ကျော်ထပ်ဖြည့်သုံးနေပေမဲ့ ဖေဖော်ဝါရီ ၂၇-၂၈-မတ် ၁ ရက်နေ့ သုံးရက်အတွင်း တိုက်ပွဲတွေမှာ တပ်မ ၃၃ လက်အောက်ခံ ခမရ ၁၁၁ နဲ့ ခမရ ၁၂၀ က အရာရှိ ၂ ယောက်အပါဝင် ၆၈ ယောက်ကျခဲ့တယ်။ မတ်လထဲမှာဘဲ ခမရ ၁၁၉ ကို လေတပ်ကမှားဗုံးကြဲလို့ ၈ ယောက်လောက်ကျသွားသေးတယ်။

ဗမာစစ်တပ်တွေ စုတ်ပြတ်သတ်အောင်ခံလိုက်ရတဲ့အတွက် မင်းအောင်လှိုင်ဟာ အခဲမကြေနိုင်ဘဲ ကိုးကန့်တပ်တွေကို အပြုတ်တိုက်မယ် အမြစ်ပြတ်ချေမှုန်းမယ် ကြွေးကြော်ပြီး ခြေလျင်တပ်မ တစ်မ ထပ်ပေးမယ်၊ လေကြောင်းပစ်ကူ၊ အမြောက်ပစ်ကူ လိုသလောက်ပေးမယ်လို့ တပ်မမှူး ကစထမှူးတွေကို ကတိပေးပြီး ကတိကိုဖြည့်ဆီးပေးနိုင်ဖို့ အသည်းအသန်ကြိုးစားနေရရှာတယ်။