Sunday, January 25, 2015

ကချင်ဒေသ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲ

(VOA)

ကချင်ပြည်နယ် ဖားကန့်ဒေသ ကာမိုင်းမြို့ဘက် မှာ ကေအိုင် အိုနဲ့ မြန်မာ စစ်တပ်အကြား ဇန်နဝါ၇ီလ ၂၃ နဲ့ ၂၄ ရက်တွေမှာ နှစ်ည ဆက်ပြီး တိုက်ပွဲတွေ ဖြစ်နေကြောင်း ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်က ပြောပါတယ်။ တချိန်တည်းမှာပဲ ကချင်နှစ်ချင်း ခရစ်ယာန်အသင်းချုပ် KBC က စေတနာ့ဝန်ထမ်းဆရာမ နှစ်ယောက် သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ ကချင်လူမှုအသိုင်းအဝိုင်းကြားမှာ မကျေနပ်မှုတွေလည်း တိုးပွားလာနေပါတယ်။ အကြောင်းစုံကိုတော့ နန်းလောဝ်က ဆက်သွယ် မေးမြန်းထားပါတယ်။

ကချင်ဆရာမ ၂ ဦး အသတ်ခံရမှု ရွာသားအချို့ ငြိမ်းခြောက်ခံရ

(DVB)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ ကောင်းခါးကျေးရွာမှာ ကချင်ဆရာမ ၂ ဦး သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး ရွာသားတချို့ကို စစ်တပ်က ခြိမ်းခြောက် နှုတ်ပိတ်ထားတဲ့အတွက် သက်သေထွက်ဆိုရဲတဲ့သူ မရှိဘူးလို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အတွင်းရေးမှူး ဒေါက်တာဆမ်ဆွန်က ပြောပါတယ်။

အခင်းဖြစ်ပြီး ဇန်န၀ါရီ ၂၁ ရက်နေ့က ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် တာဝန်ရှိသူတွေ ကောင်းခါးကျေးရွာကို သွားရောက်ပြီး နှစ်သိမ့်အားပေးစားပြောကြားရာမှာ စစ်တပ်ရဲ့ခြိမ်းခြောက်မှု ခံရကြောင်း ရွာသားတွေက ပြောကြားခဲ့တာလို့ ဆိုပါတယ်။

စေတနာ့ဝန်ထမ်းကျောင်းဆရာမလေး နှစ်ဦးဘက်မှ အတူတကွ ရပ်တည်ကြပါစို့

(KIC)
ဆိုရှယ် မီဒီယာ မျက်နှာစာပေါ် တွင် ပိုးစိုးပက်စက် အကြမ်းဖက် သတ်ဖြတ်ခံရ သည့် ရုပ်ပုံများ၊ သွေးသံရဲရဲ လုပ်ကြံဖန်တီးထား သည့် ရုပ်ပုံများကို သည်းထိတ်၊ ရင်ထိတ်၊ မြင်ဖူး၊ ကြည့်ဖူး၊ တွေ့ဖူးပါသည်။
ယခု မြင်တွေ့ရသော ရုပ်ပုံသည် ယခင့်ယခင်က မြင်ဖူး၊ ကြည့်ဖူး၊ တွေ့ဖူးသည်ထက် အဆများပို၍ ချောက်ခြားဖွယ်၊ တုန်လှုပ် ဖွယ်၊ နာကျည်းဖွယ်ကောင်းသော ပုံရိပ်များ ဖြစ်နေပါသည်။


သွေးအလိန်းလိန်းဖြင့် အသက်မဲ့ ဗလာကျင်းနေသော ခန္ဓာကိုယ် ၂ခု။ ထိုခန္ဓာကိုယ် ၂ခုသည် ကချင်ခရစ်ယာန်အသင်းချုပ် (KBC)မှ စေတနာ့ဝန်ထမ်းကျောင်းဆရာမလေး နှစ်ဦး၏ ခန္ဓာကိုယ်ဖြစ်ပါသည်။ 

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင်၊ ပန်ဆိုင်းမြို့နယ်အတွင်း ကချင် ကျောင်းဆရာမနှစ်ဦး မုဒိန်းကျင့်သတ်ဖြတ်ခံရမှု အသေးစိတ် အချက်အလက်များ

(Duwa Kachin)

နောက်ခံ အကြောင်းအရာ

မြစ်ကြီးနားမှ မရမ်လုရာ (အသက် ၂၀) နှင့် ၀ိုင်းမော်မှ တန်ဘောလ်ခေါန်နန်စင် (အသက် ၂၁ နှစ်) တို့သည်ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ အရှေ့ဘက်မိုင်၂၀ ခန့်အကွာရှိကောင်ခါရှဘုတ်ကျေးရွာတွင်စေတနာ့ဝန်ထမ်းဆရာမများအဖြစ်လုပ်ကိုင်နေခဲ့ကြသည်။ ကချင်နှစ်ခြင်းအသင်းတော်က သူတို့နှစ်ဦးကို ယင်းနေရာတွင်လွန်ခဲ့သည့်၈ လခန့်က တာဝန်ချထားခဲ့ခြင်း ဖြစ်သည်။ သူတို့သည် ကျေးရွာစာသင်ကျောင်းတွင် စာသင်ကြပြီး ကျေးရွာ ဘုရားကျောင်းဝင်းအတွင်းရှိဝါးအိမ်ငယ်လေးတွင်နေထိုင်ကြသည်။ ရွာစွန်တွင်ရှိသော ဘုရားကျောင်းအတွင်း အခြားနေထိုင်သူမည်သူမျှမရှိပေ။ ကျေးရွာတွင်အိမ်ခြေ ၄၀ ခန့်ရှိပြီး လူဦးရေမှာ ၁၆၀ ခန့်သာ ရှိသည်။ အစိုးရ ထိန်းချုပ်မှုဧရိယာအတွင်းတွင်ရှိသော်လည်း မည်သည့် မြန်မာစစ်တပ်မျှ ကျေးရွာတွင်တပ်စွဲထားခြင်း မရှိပါ။ ကျေးရွာအတွင်း(သို့မဟုတ်) ပတ်ဝန်းကျင်တွင်တော်လှန်ရေး တပ်ဖွဲ့များလည်း လှုပ်ရှားနေခြင်း မရှိပါ။