Wednesday, September 16, 2015

အန်စီအေစာချုပ်မှာ ချိုးဖောက်သူကို ဘယ်လိုအရေးယူမယ်ဆိုတဲ့ အာမခံချက်မပါဘူး – ဦးအောင်ထူး

(DVB)

နှစ်ပေါင်း ၇၀ နီးပါး ပြည်တွင်းစစ်ကာလတလျှောက်မှာ အမြင့်မားဆုံး ဖြစ်ထွန်းမှုအဖြစ် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) ကို အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပူးတွဲရေးဆွဲနိုင်ခဲ့ပါတယ်။ ဒီစာချုပ်ကို မကြာခင်ကာလမှာ (ရက်အတိအကျ မသတ်မှတ်နိုင်သေး) လက်မှတ်ရေးထိုးကြဖွယ်ရှိပါတယ်။ ဒီစာချုပ်ကို လက်မှတ်ထိုးလိုက်ကြရင် ဘာအကျိုးကျေးဇူးတွေ ထွက်ပေါ်လာမလဲ၊ ဒီအကျိုးကျေးဇူးတွေကို ပြည်သူတွေက အဓိက ခံစားရမှာလား။ ဒီစာချုပ်ဟာ ဘယ်သူတွေကို အဓိက အကျိုးဖြစ်ထွန်းစေမလဲ။ စာချုပ်ကြီးမှာ ဘာအားသာချက်တွေပါရှိပြီး ဘာအားနည်းချက်တွေ တွေ့ရပါသလဲ။ ဥပဒေ အထောက်အကူပြုကွန်ရက် (Legal Aid Network) တည်ထောင်သူ၊ Federal Law Academy ကျောင်းအုပ်ဆရာကြီး ရှေ့နေ ဦးအောင်ထူးကတော့ စာချုပ်ပါအချက် ချိုးဖောက်သူကို ဘယ်လိုအရေးယူမယ်ဆိုတဲ့ အဓိက အရေးကြီးတဲ့ အာမခံချက် မပါရှိခြင်းဘဲလို့ ထောက်ပြပါတယ်။ ဦးအောင်ထူးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။
 
ဒီနှစ် ၉ ရက်၊ ၉ လ၊ ၉ နာရီမှာ နေပြည်တော်မှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ၉ ယောက်ချင်းတွေ့ပြီး အန်စီအေ လက်မှတ်ထိုးဖို့ သဘောတူကြတယ်။ အောက်တိုဘာလဆန်းပိုင်းမှာ ထိုးမယ်လို့ အစိုးရဘက်က ထုတ်ပြောထားတယ်။ ဒီဖြစ်စဉ်တွေမှာ တက်သုတ်ရိုက်မှုတွေ ပါနေလား။ သမားရိုးကျလား။ ဘယ်လိုမြင်ပါသလဲ။

“ပထမတခုကတော့ အဲဒီနေ့က လက်မှတ်ထိုးမယ်လို့ အတိအကျ ဆန္ဒထုတ်ဖော်တာတော့ ဆရာနားလည်တာတော့ အစိုးရဖြစ်တယ်လေ။ တိုင်းရင်းသားခေါင်းဆောင်တွေ ဘက်ကတော့ အားလုံးပါဝင်ရေးမူကို ဆက်လက်တောင်းဆိုထားပြီးတော့ စောင့်နေတဲ့သဘောပဲ ဖြစ်တယ်။ နောက်တခုက တက်သုတ်ရိုက်နေသလား ဆိုတာကတော့ မှန်ပါတယ်၊ တက်သုတ်ရိုက်တယ်ဆိုတဲ့ သဘောတော့ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိတက်နေတဲ့ မြန်မာစစ်အစိုးရအနေနဲ့က အကြောင်း ၂ ချက်၊ ၃ ချက် ရှိတယ်ပေါ့။ ပထမ ၁ ချက်က သူတို့က နိုင်ငံတကာကနေ၊ အထူးသဖြင့် အီးယူတို့ နော်ဝေတို့ကနေပြီးတော့ ငြိမ်းချမ်းရေး ခေါင်းစဉ်အောက်ကနေ ယူထားတဲ့ ငွေကြေးအကူအညီက အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ နီးပါး ကပ်သွားပြီ။ အဲလိုဆိုတဲ့အခါကျတော့ နှစ်ပေါင်း ၃၊ ၄ နှစ်အတွင်းမှာ သူတို့အတွက်က ရလဒ်ပြဖို့ လိုအပ်လာတယ်။ အဲဒီရလဒ်က ဘာလဲဆိုတော့ အန်စီအေ  (တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်) ဖြစ်မယ်လေ။ အဲဒီတော့ အန်စီအေကို အကြီးအကျယ် လက်မှတ်ထိုးစေချင်တာကတော့ လက်ရှိတက်နေတဲ့ ဦးသိန်းစိန် ဦးဆောင်တဲ့ မြန်မာစစ်အစိုးရဘက်ကဖြစ်တယ်။

“နောက်တခုက တကယ်လို့  အစိုးရမျှော်မှန်းထားတဲ့အတိုင်းပဲ အန်စီအေကို လက်မှတ်ထိုးဖြစ်သွားတယ်၊ တိုင်းရင်းသားအဖွဲ့ အများစုကြီးက လက်မှတ်ထိုးလိုက်တယ်ဆိုရင် လာမယ့်ရွေးကောက်ပွဲအတွက်၊ သူတို့အတွက် အကြောင်းပြစရာ ရသွားတယ်။ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ပြီ၊ ငြိမ်းချမ်းရေးရသွားပြီ၊ အပစ်အခတ် ရပ်စဲရေးကြီးဟာ တကယ့်ငြိမ်းချမ်းရေးရဲ့ တကယ့်လမ်းကြောင်းကြီးဖြစ်တယ် ဆိုပြီးတော့ ရွေးကောက်ပွဲမှာ မဲဆွယ်ခွင့်လည်း ရသွားနိုင်တာကြောင့်မို့လို့ အန်စီအေကို လက်ရှိတက်နေတဲ့ မြန်မာစစ်အစိုးရဘက်ကတော့ အကြီးအကျယ် လက်မှတ်ထိုးစေချင်တာဖြစ်တယ်။ ဒါကြောင့် တက်သုတ်ရိုက်နေတယ်လို့ ပြောလို့ရပါတယ်။”

အန်စီအေ လက်မှတ်ထိုးဖို့ဆိုတဲ့ သတင်းဟာ ဟိုးလေးတကြော်ဖြစ်တော့ နှစ်ပေါင်း ၇၀ နီးပါး စစ်ဘေးဒဏ်သင့်သူ ပြည်သူတွေအကြား အိုးစည်ဗုံပေါင်းနဲ့ သဲသဲလှုပ် ၀မ်းမြောက်ပျော်ရွှင်ကြလိမ့်မယ်လို့ တွေးမိတာပေါ့နော်။ တကယ်ကျတော့ အဲသလိုမဟုတ်ဘဲ တက်တက်စင်လွဲတယ်။ လက်ခုပ်သံတောင် ကောင်းကောင်း မကြားရဘူး။ ဘာဖြစ်လို့လဲ၊ ဘာချို့ယွင်းချက်ကြီး ရှိနေလို့လဲ။

“အဲဒါ အင်မတန်ကောင်းတဲ့မေးခွန်းပဲ။ ပထမ တချက်ကတော့ လက်ရှိအခြေအနေအောက်မှာ လက်မှတ်ထိုးလိုက်လို့ ရှိရင်လည်းပဲ ဘာဖြစ်လဲဆိုတော့ အနိမ့်ဆုံးအားဖြင့် စစ်ပွဲကိုတောင်မှ ရပ်နိုင်မှာ မဟုတ်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဘက် ၂ ဘက်ပဲ လက်မှတ်ထိုးကြတာ ဖြစ်တာကြောင့်မို့လို့ တဘက်ဘက်က အထူးသဖြင့် အတွေ့အကြုံအရ ပြီးခဲ့တဲ့ ၁၉၈၉ ခုနှစ် ဒီဘက်ပိုင်းကတည်းကိုက စစ်အစိုးရ အဆက်ဆက်ဘက်ကပဲ ချိုးဖောက်ပြီးတော့ စ တိုက်ပွဲတွေဆင်ခဲ့တဲ့ အတွက်ကြောင့်မို့လို့ တကယ့်လက်တွေ့ကျတော့ အပစ်အခတ်က မရပ်စဲနိုင်ဘူး။ ပြန်တိုက်ကြတာပဲ။ ဒါကြောင့် အခု လက်မှတ်ထိုးတဲ့ အခါကျတော့လည်းပဲ ပထမတုန်းကရထားတဲ့ သဘောတူညီချက်တွေနဲ့ အလားတူပဲ ဖြစ်တာကြောင့်မို့လို့ အနည်းဆုံး အပစ်အခတ်ရပ်စဲရေးကိုတောင်မှ တကယ်ဖြစ်နိုင်ဖို့ဆိုတာ လက်တွေ့မကျဘူး။ ဒါက တခုဖြစ်တယ်။ ဒုတိယတခုက ကဲဒါဖြင့် ဒီစာချုပ်ကြီးကို လက်မှတ်ထိုးလိုက်ဦးတော့ ဘက် ၂ ဘက်ကတော့ သူတို့လိုချင်တာ ရကောင်း ရသွားနိုင်တာပေါ့။ အထူးသဖြင့်တော့ မြန်မာစစ်အစိုးရဘက်က ရသွားမှာပေါ့။ ဒါပေမယ့်လို့ ဘက် ၂ ဘက်ထဲမှာ လုံးဝမပါတဲ့ ကြားထဲက လူထုရဲ့ အခွင့်အရေးက ဘာလဲ။ လူထုက ဘာအခွင့်အရေးကို ရမှာလဲ။ လက်မှတ်ထိုးပြီးတဲ့ အခါကျတော့ ဟုတ်လား ဒုက္ခသည်တွေ၊ အိုင်ဒီပီတွေ အတွက်ကို အာမခံချက် ဘယ်လောက်ရှိသလဲ။ ဒေသခံလူထုအတွက် ဥပဒေစိုးမိုးရေး ဘာအာမခံချက်ရှိသလဲ။ အဲဒီတော့ ဒီနေ့လက်မှတ်ထိုးတယ်၊ မနက်ဖြန်ကစပြီးတော့ မြေယာတွေ၊ သဘာဝသယံဇာတတွေ၊ ရေမြေတောတောင်တွေ စီမံခန့်ခွဲခွင့်မှာ လူထုရဲ့ ပါဝင်ပတ်သက်မှုက ဘာလဲ။ နိုင်ငံတကာကရော ဘယ်လောက်ထိအောင် ၀င်လာပြီးတော့ လူထုကို ကာကွယ်စောင့်ရှောက်ပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ် ပုံမှန်သွားနိုင်အောင် အာမခံချက်ရှိသလဲဆိုတဲ့ ရှုထောင့်တွေက ကြည့်တဲ့အခါကျတော့ ဘာမှ တိတိကျကျ မရှိတာကြောင့် လူထုအများစုကြီးက စိတ်ဝင်စားမှုမရှိဘူးလို့ သုံးသပ်ပါတယ်။”

အပစ်ရပ်လက်မှတ်ထိုးလိုက်ချိန်မှာ အပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေကို မတရားသင်း ကြေညာထားရာကနေ ပယ်ဖျက်ရေးနဲ့ ပတ်သက်လို့ စာချုပ်မှာ ခိုင်မာအားကောင်းတဲ့အချက် မတွေ့မိဘူး။ ဆက်လက်ဆောင်ရွက်ရန်လို့သာ ဆိုထားတယ်ဆိုတော့လေ။ ဒီအချက် အားမကောင်းတာဟာ ဘယ်လိုဖြစ်နိုင်ခြေ လမ်းကြောင်းတွေ ပေါ်ထွက်လာစေသလဲ။

“သိပ်မှန်ပါတယ်။ စာချုပ်မှာ အခြေခံအားဖြင့် မတရားအသင်းကနေ ပယ်ဖျက်ရုပ်သိမ်းပေးရေးကို လုပ်မယ်ဆိုတဲ့ဟာကို အတိအကျ ဖော်ပြမထားဘူး။ ရုပ်သိမ်းရေး ဆက်လက်ဆောင်ရွက်သွားရန် သဘောတူသည် ဆိုတဲ့အခါကျတော့ ဒါက ဥပဒေကြောင်းအရ လှည့်ကွက်တခု ဖြစ်တယ်ဆိုတာ မြင်သာတယ်။ ဒီလိုမျိုး ဆက်လက်ဆောင်ရွက်မယ်လို့ ရေးသားထားတာဟာ ဥပဒေကြောင်းအရ လှည့်ကွက်ဖြစ်ပြီး မတိကျဘူးဆိုတဲ့ အသံတွေ ထွက်လာတဲ့ အခါကျတော့ ပြီးခဲ့တဲ့ ၂ ရက်၊ ၃ ရက်ကတင်ပဲ ဦးလှမောင်ရွှေ (မြန်မာငြိမ်းချမ်းရေးစင်တာမှ အကြီးတန်းအရာရှိ) က ဘာပြောလဲဆိုတော့ ‘လက်မှတ်ထိုးကာနီးကျရင် ထိုးကာနီးမှာ ကပ်ပြီးတော့ သမ္မတက သူ့ရဲ့ သမ္မတအမိန့်ကို သုံးပြီးတော့မှ လက်မှတ်ထိုးမယ့်အဖွဲ့တွေကို မတရားသင်းအဖြစ်က ရုပ်သိမ်းပေးသွားမယ်၊ ပြီးတော့မှ လက်မှတ်ထိုးမယ်’ ဆိုတဲ့ဟာကို ထွက်လာတယ်။ ဒါက နောက်ဆုံးထွက်လာတဲ့ အချက်ပေါ့လေ။ အဲဒီတော့ အဲလို ထွက်လာတဲ့အခါမှာ ပြဿ   နာ ၂ ခုဖြစ်သွားတယ်။ တခုက ဘာလဲဆိုတော့ အဲဒီလိုမျိုးလုပ်ပေးဖို့ တကယ် သဘောထားရှိတယ်ဆိုရင် စာချုပ်ထဲမှာ ထည့်ရေးရမယ်။ စာချုပ်ထဲမှာ ဤစာချုပ်ကို လက်မှတ်ရေးထိုးပြီးတာနဲ့ တပြိုင်နက် မတရားအသင်းအဖြစ် ကြေညာထားခြင်းမှ ပယ်ဖျက်ရုပ်သိမ်းရမည်လို့ ပြင်ရေးရမယ်။ ဒုတိယတခု ပိုအရေးကြီးတာက ဘာလဲဆိုတော့ တပ်နဲ့ အဖွဲ့နဲ့ ၂ ပိုင်းကွဲသွားနိုင်တယ်။ ဒီအတိုင်းရေးလိုက်လို့ရှိရင်။ ဆိုလိုချင်တာက ဥပမာ ကေအန်ယူ ဆိုပါစို့။ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးဆိုရင် ကရင်အမျိုးသားအစည်းအရုံးဟာ စာချုပ်အရ မတရားအသင်းကနေ ပယ်ဖျက်သွားပြီ ဆိုကြပါစို့။ စာချုပ်မှာ ခုနပြောသလို တိတိကျကျ ထည့်သွင်းလိုက်တဲ့အတွက် လက်မှတ်ထိုးတဲ့အချိန်ကစပြီး မတရားအသင်းအဖြစ်က ပယ်ဖျက်ရုပ်သိမ်းပြီးသွားပြီ ဆိုကြပါစို့၊ သို့သော် ကေအန်ယူကပဲ ရုပ်သိမ်းလိုက်တာဖြစ်တယ်၊ ကေအန်အယ်လ်အေလို့ခေါ်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်ရဲ့ တရားဝင်အာမခံချက်က ဘာလဲ။ ဘာမှမပါဘူး ဖြစ်နေတယ်။ အဲဒီတော့ ဥပဒေအရ ဘာသွားတွေ့ရလဲဆိုတော့ ဒီလိုလုပ်လိုက်တာဟာ ဘာဖြစ်သွားလဲဆိုတော့ အဖွဲ့အစည်းနဲ့ တပ်ကို ၂ ပိုင်းကွဲသွားနိုင်တယ်။ အဲဒီတော့ အဖွဲ့အစည်းကတော့ တရားအသင်း ဖြစ်သွားနိုင်တယ်။ သို့ပေမယ့် ရာနှုန်းပြည့်ဆိုတာကတော့ ဒီအစီအစဉ်အတို်င်း သွားမယ်ဆိုရင် သူတို့အဖွဲ့အစည်းက တည်ထောင်ထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးဟာ မတရားအသင်း ဆက်ဖြစ်နေမှာကြောင့်မို့လို့ ၂ ပိုင်းကွဲသွားနိုင်တဲ့ မြန်မာစစ်အစိုးရရဲ့ လှည့်ကွက်လို့ ဆရာတော့ အဲလို နားလည်ပါတယ်။”

အန်စီအေ လက်မှတ်ထိုးဖို့ စက်တင်ဘာ ၂၉ ရက် သမ္မတက အဆိုပြုတယ်။ တဘက်က အောက်တိုဘာလလယ်ပိုင်းလို့ ပြန်အဆိုပြုတယ်။ အောက်တိုဘာ ပထမပတ်မှာ ရေးထိုးကြဖို့ ရက်သတ်မှတ်ကြတယ်လို့လည်း ကြားနေတယ်။ အန်စီအေက ချက်ခြင်းလက်ငင်းကြီးထိုးဖို့ လိုသလား။ ရွေးကောက်ပွဲကျော်ရင်ကော မဖြစ်ဘူးလား။ မထိုးဘူးဆိုရင် တိုက်ပွဲတွေ ပြန်ဖြစ်နိုင်လို့လား။ အဲဒီအချက်တွေပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

“အမှန်က မထိုးလည်းဘဲ တိုက်ပွဲကတော့ ဖြစ်နေတာပဲ။ အခုလည်း ဖြစ်နေတာပဲ။ ထိုးပြီးတော့လည်း တိုက်ပွဲတွေ ရပ်သွားမယ်ဆိုတာက ဘယ်သူမှ အာမခံချက် မပေးနိုင်ဘူး။ အမ်ပီစီကပုဂ္ဂိုလ်တွေ ကိုယ်တိုင်ကလည်း အဲဒီလို ပါးစပ်နဲ့ထုတ်ပြောနေတာပဲ ‘လက်မှတ်ထိုးလိုက်ဦးတော့ တိုက်ပွဲတွေ ချက်ချင်းရပ်သွားမှာ မဟုတ်ဘူး’ ဆိုပြီးတော့။ ဒါဖြင့် လက်မှတ်ထိုးတဲ့ အဓိပ္ပာယ်က ဘာလဲ။ လက်မှတ်ထိုးတာ လက်မှတ်ထိုးတဲ့ အချိန်အတွင်းမှာ တိုက်ပွဲက ရပ်မသွားဘူးဆိုရင် လက်မှတ်ထိုးတဲ့ အဓိပ္ပာယ်က ဘာလဲ၊ အဓိပ္ပာယ်က မရှိတော့ဘူး။ ဘာကြောင့် အဓိပ္ပာယ်မရှိလဲဆိုတော့ ဘက် ၂ ဘက်တည်းကပဲ ရပ်ဖို့ သဘောတူတယ်။ ကြီးကြပ်မယ့်အဖွဲ့မရှိဘူး၊ တတိယအင်အားစု မရှိဘူး။ တတိယအင်အားစုက ဆုံးဖြတ်ချက်ချနိုင်တဲ့ အနေအထားမရှိဘူး။ နိုင်ငံတကာရဲ့ ပါဝင်ပတ်သက်မှုက သက်သေလောက်ပဲဖြစ်တယ်။ တကယ့်လက်တွေ့ ကြီးကြပ်တဲ့ Monitoring Mission မှာ အရေးပါတဲ့နေရာကို ယူထားပြီးတော့ ထိန်းကွပ်ဆောင်ရွက်နိုင်မယ့် အားမရှိဘူး။ အဲဒါကြောင့် အခုလက်မှတ်ထိုးလိုက်လည်း ရွေးကောက်ပွဲ မတိုင်မီမှာ ဒရောသောပါးနဲ့ လက်မှတ်ထိုးလိုက်လည်း ဆရာ့အနေနဲ့ မြင်တာကတော့ဖြင့်ရင် လက်တွေ့ပစ်ခတ်တိုက်ခိုက်မှု  ရပ်စဲဖို့တောင်မှ လက်တွေ့ဖြစ်ဖို့က မလွယ်ဘူး။ အဲဒီတော့ ဒီကိစ္စက ခုနပြောသလို ဒီစာချုပ်ကြီးဟာ မီဒီယာဆရာ ခုနကမေးသလို လူထုက စိတ်ဝင်စားတဲ့ စာချုပ်ကြီးဖြစ်အောင် လူထုအကျိုးစီးပွားကို ဖော်ဆောင်တဲ့ စာချုပ်ကြီး ဖြစ်ရေးအတွက်ဆိုရင် ပါသင့်ပါထိုက်တဲ့၊ သက်ဆိုင်ရာ ဒေသခံ တိုင်းရင်းသားတွေ ရသင့်ရထိုက်တဲ့ လူထုအခွင့်အရေး အခြေခံတွေကိုပါ ထည့်သွင်းချုပ်ဆိုထားတဲ့ စာချုပ်ကြီးမျိုး ဖြစ်တော့မှသာလျှင် လက်မှတ်ထိုးတာ ပိုသဘာဝကျတယ်။ ဒါကြောင့် ရွေးကောက်ပွဲမတိုင်ခင် လက်မှတ်ထိုးဖို့ ဆိုတာဟာ တော်တော်လေးကို ဒေသခံတိုင်းရင်းသား လူထုအတွက် ဘာတခုမှ အကျိုးစီးပွား မမျှော်မှန်းနိုင်တဲ့ အခြေအနေအောက်မှာ လက်မှတ်ထိုးခြင်းပဲ ဖြစ်လိမ့်မယ်လို့ ဆရာတော့မြင်တယ်။”

အန်စီအေစာချုပ်ကို ဆရာလည်း ကျယ်ကျယ်ပြန့်ပြန့် လေ့လာသုံးသပ်ပြီးလောက်ပြီလို့ ယူဆပါတယ်။ ဒီစာချုပ်ဟာ ဗမာပြည်မှာ အဓိကလိုအပ်နေတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့၊ တရားဥပဒေ စိုးမိုးရေးတို့၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ရရှိရေးတို့ စတဲ့ အခြေခံ ရေခံမြေခံကောင်းတွေကလေ အန်စီအေထဲမှာ တော်တော် ပြည့်ပြည့်စုံစုံ၊ ကုံကုံလုံလုံ  လွှမ်းခြုံမှုကို မြင်ရလားဆရာ။ ဘယ်လိုမြင်ရလဲ အန်စီအေနဲ့ ပတ်သက်ပြီးတော့။

“ဒီလိုပါ လက်ရှိ အန်စီအေက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက လုပ်ခဲ့တဲ့ Gentleman Agreement လို့ခေါ်တဲ့ နှုတ်ကတိတို့၊ ၁၉၉၄ မှာ ကေအိုင်အိုနဲ့ စစ်အစိုးရကြားထဲမှာ ချုပ်ခဲ့တဲ့ သဘောတူညီချက်တို့နဲ့ စာရင်တော့ ခုလက်ရှိ အန်စီအေက တော်တော်လေးကို ကောင်းတယ်လို့ ပြောရမှာပေါ့လေ။ ပုံသဏ္ဌာန်အရကောင်းတယ်။ ရေးသားဖော်ပြပုံလေးက ကောင်းတယ်။ ဥပဒေပုံသဏ္ဌာန်ပါတယ်။ ခေါင်းစဉ်တော်တော်များများ ပါလာတယ်။ ဒါပေမယ့် သူ့ပြဿ နာက ဘာလဲဆိုတော့ ခုန မီဒီယာဆရာရဲ့မေးခွန်းကို ဖြေရင်တော့ သူ့မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို သွားနိုင်တဲ့ ဖက်ဒရယ်ကိုပဲ ဆွေးနွေးတော့ မယောင်ယောင်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပဲ ရတော့မလိုလို၊ ဒီမိုကရေစီအခြေခံပဲ တည်ဆောက်သွားနိုင်မလိုလို ဆိုတဲ့ ရေးသားပုံမျိုးတွေပါတယ်။  ကဲ ဒါဖြင့်ရင် ဘာတခု တိတိကျကျ ရသလဲဆိုတော့ ဘာတခုမှ အတိအကျမရဘူး။ လက်ရှိ အန်စီအေရဲ့ပြဿ  နာက ဒါပဲ။ အဲဒီတော့ တိုင်းရင်းသားပြည်နယ်တွေမှာ လိုအပ်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရဖို့အတွက် ဘယ်အပိုဒ်က ဘယ်လိုရေးသားထားလို့ အာမခံချက်ရှိသလဲလို့မေးရင် ဘယ်သူမှ မပြောနိုင်ဘူး။ ဘယ်အပိုဒ်တခုတလေ၊ တကြောင်းတလေကမှ တိုင်းရင်းသားတွေ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် အာမခံချက်ရှိတဲ့ သဘောတူညီချက် တကြောင်းတလေမှ မပါဘူး။ ထိုနည်းတူစွာ ဖက်ဒရယ်လည်း အဲဒီအတိုင်းပဲ။ ဆိုတော့ တိုင်းရင်းသားပြည်နယ်တွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဖက်ဒရယ်အခြေခံတွေ၊ အမျိုးသားတန်းတူရေး အခြေခံတွေကို တိကျတဲ့ အာမခံချက်စာချုပ်မှာ မပါဘူးဆိုရင်တော့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ ဒီစာချုပ်ပေါ် မူတည်ဖို့ ဆိုတာကတော့ စိတ်ကူးယဉ်အိပ်မက်ပဲ ဖြစ်ပါလိမ့်မယ်။”

၉ လပိုင်း၊ ၉ ရက်နေ့က နေပြည်တော်မှာ အစိုးရကိုယ်စားလှယ် ၉ ဦးနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ် ၉ ဦးတို့ တွေ့ဆုံပွဲမှာ  တိုင်းရင်းသားတွေ တောင်းဆိုတဲ့ အန်စီအေမှာ အားလုံးပါဝင်ရေးဆိုတာကို သမ္မတက မူအားဖြင့် လက်ခံတယ်။ တအာင်းပလောင်၊ ရခိုင်နဲ့ ကိုးကန့်ကို အစိုးရက ချန်ထားတယ်။ တဆင့်ချင်းလုပ်သွားဖို့။ ကိုးကန့်ဆို ဦးဖုန်ကြားရှင်နဲ့တောင်မှ သမ္မတက လမ်းကြောင်းဖောက်မယ်။ ရခိုင်ကတော့ တမျိုးတဖုံ ကိုင်တွယ်မယ်။ တအာင်းက ဘိုင်လက်ထရယ်ထိုးဖို့လုပ်ပြီး နိုင်ငံရေးဆွေးနွေးပွဲကို တက်ပေါ့။ ဒီအပေါ် တိုင်းရင်းသားတွေ လက်သင့်ခံသင့်လား။ လက်သင့်မခံသင့်ဘူးလား။ ဘယ်လိုမြင်လဲ။ ဘာကြောင့်လဲ။

“အမှန်မှာကတော့ ဒီလို။ စာချုပ်ရဲ့ သဘောသဘာဝနဲ့ဆိုင်တယ်။ အဲဒါ ဘယ်လိုဆိုင်လဲဆိုတော့ တကယ်တော့ တဖွဲ့ချင်းစီသွားခဲ့တဲ့ Bilateral Agreement (အပစ်ရပ်နားရန် အပြန်အလှန်သဘောတူညီချက်) အဖွဲ့အစည်းအများစုက လုပ်ထားလိုက်ပြီးပြီ။ ဒါကြောင့် ဒါက အဓိက မကျသင့်တော့ဘူး။ အဲဒီတော့ အခု အန်စီအေ ပေါ်လာတဲ့အခါမှာ ဘက် ၂ ဘက်လုံးက တူညီတဲ့ ရပ်တည်ချက်က ဘာလဲဆိုတော့ စာချုပ်ခေါင်းစဉ်မှာလည်း ပါတယ်။ ‘တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်’ ဖြစ်တယ်။ ခေါင်းစဉ်မှာလည်းပါတယ်။ ၂ ဘက်က ဦးတည်ချက်ကလည်း ဒီအတိုင်းပဲ ကြိုးစားခဲ့ကြတယ်။ ဒါကြောင့် စာချုပ်ကို လက်မှတ်ရေးထိုးလိုက်ပြီးတဲ့ အချိန်မှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု တကယ်ရပ်စဲသွားဖို့ကို လိုတာ။ အဲလို လိုတဲ့အတွက် အဲဒီမှာ ပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းတွေမှန်သမျှ အကုန်လက်မှတ်ထိုးဖို့ လိုတယ်။ ဥပမာဆိုရင် အခု မီဒီယာဆရာ ပြောသွားတဲ့ တအာင်းပလောင်၊ ကိုးကန့် ဟုတ်လား၊ ရခိုင် ထားပါဦးတော့လေ၊ ဒါက သူက အခု ကွဲကွဲပြားပြား လုပ်နေပြီ၊ တဘက်က ကိုးကန့်ကိုတော့ သမ္မတက ဆွေးနွေးမယ်တို့၊ ရခိုင်ကတော့ ဘယ်လိုဖြစ်တယ်တို့၊ ဒီဟာက အဲဒီလိုသွားလို့မရဘူး ဥပဒေစိုးမိုးရေး သဘာဝအရ၊ ဥပဒေစိုးမိုးရေး သဘာဝအရ သူတို့ လက်မှတ်ထိုးသင့်တယ်လို့ ယူဆတဲ့ အဖွဲ့အကုန်လုံးဟာ တပြေးတည်း တချိန်တည်းမှာ လက်မှတ်ထိုးဖို့လိုတယ်။ နောက် အခုမပြောသေးတဲ့ ၀သပ (၀ပြည်သွေးစည်းညီညွတ်ရေးပါတီ) ဗျ။ ၀သပလည်း ပါဝင်လက်မှတ်ရေးထိုးပေးဖို့ လိုတယ်။ ၀သပက ကြေညာချက် ထုတ်ထားလိုက်တယ်၊ အဲဒါဘာလဲဆိုတော့ ပြည်ထောင်စုအဆင့်မှာ လက်မှတ်ထိုးထားပြီးသား၊ ငြိမ်းချမ်းရေးစာချုပ် ချုပ်ထားပြီးသားဖြစ်လို့ လက်မှတ်ထိုးစရာမလိုဘူး ရပ်တည်ချက်ဖြစ်တယ်။ ဒါက ဆရာမြင်တာကတော့ ဒီရပ်တည်ချက်ကလွဲတယ်။ ဘာကြောင့်လဲဆိုတော့ အခု ဒီစာချုပ်ကို လက်မှတ်ထိုးလိုက်လို့ရှိရင် အခုလက်မှတ်ထိုးတဲ့စာချုပ်က ရှေ့ကစာချုပ်ကို လွှမ်းမိုးသွားလိမ့်မယ်။ အဲလိုဆိုတဲ့အခါကျတော့ တကယ်ကိုပဲ ၀သပဟာလည်း တကယ်ကိုပဲ ငြိမ်းချမ်းရေးကို တကယ်လိုချင်တယ်၊ မျှော်မှန်းတယ်ဆိုရင် တခြားအဖွဲ့များ အားလုံးနဲ့ အတူတကွ ပါဖို့လိုတယ်ဆိုတာ နားလည်ထားရင် ၀သပလည်း တပါတည်း ပါဝင်လက်မှတ်ရေးထိုးဖို့ လိုပါတယ်။ အဲဒီတော့မှ နောင် ၀သပကို တိုက်မယ့် အလားအလာလည်း မတိုက်နိုင်တော့ဘူး၊ ၀သပ ကိုယ်တိုင်လည်း အာမခံချက်ရှိသွားမယ်၊ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် ဆိုတာလည်း အဓိပ္ပာယ်ရှိသွားနိုင်တယ်။”

(မှတ်ချက်။                     ။ ၀အထူးဒေသ (၂) က အစိုးရနဲ့ ငြိမ်းချမ်းရေးစာချုပ် ရေးထိုးပြီးပြီဖြစ်လို့ အန်စီအေကို လက်မှတ်ထိုးရန်မလိုဟု စက်တင်ဘာ ၄ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ စက်တင်ဘာ ၁၂ ရက်နေ့မှာတော့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌတွေဖြစ်တဲ့ ဦးအောင်မင်းနဲ့ ဦးသိန်းဇော်တို့ဟာ ဝ အထူးဒေသ-၂ ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်ယူရီ၊ မိုင်းလား အထူးဒေသ-၄ ဥက္ကဋ္ဌ ဦးစိုင်းလင်းတို့ကို ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) နဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြ။)

အန်စီအေကို လက်မှတ်ထိုးကြပါပြီ ဆိုပါစို့။ စောင့်ကြည့်အဖွဲ့တွေ ပူးတွဲဖွဲ့မယ်။ အကျိတ်အခဲဖြစ်လာရင် ညှိနှိုင်းမယ်လို့ သဘောတူတယ်။ ဘယ်လိုညှိနှိုင်းမယ်၊ ဆုံးဖြတ်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း မရှိဘူး။ အရင်တုန်းကလည်း ဥပမာ ကေအိုင်အိုနဲ့ အစိုးရအကြား ညှိနှိုင်းတဲ့အဖွဲ့တွေ ရှိနေသားနဲ့ ပစ်နေ ခတ်နေကြတာပဲလေ။ ဒီတော့လေ အပစ်ရပ်စာချုပ် ချုပ်ပြီးကာမှ ချိုးဖောက်တဲ့သူ၊ အဖွဲ့ကို ဘယ်လိုကိုင်တွယ်မယ်၊ အရေးယူမယ်ဆိုတာတွေရော ဒီစာချုပ်မှာ အာမခံချက်ရှိရဲ့လားဆရာ။ ဘယ်လိုမြင်လဲ။

“ဟုတ်တယ်။ အဲဒီမေးခွန်းက အရေးကြီးဆုံးပဲဖြစ်တယ်။ အစပိုင်းမှာလည်း ဆရာ နည်းနည်းပြောခဲ့ပြီးပြီ။ အဲဒီမေးခွန်းက လုံးဝအရေးကြီးဆုံးပဲ၊ ဘာကြောင့်လဲဆိုတော့ ၁၉၉၄ ကေအိုင်အိုနဲ့ အစိုးရချုပ်တဲ့ စာချုပ်တုန်းကလည်းပဲ ပူးတွဲညှိနှိုင်းသွားမယ်ဆိုတာက အဓိက အနှစ်သာရပဲ။ အခု ဒီစာချုပ်ကြီးကလည်း ကြီးမားလာတယ်၊ စာမျက်နှာတွေ များလာတယ်၊ ပုံသဏ္ဌာန်ကောင်းလာတယ်၊ ခေါင်းစဉ်တွေ ပါလာတယ် ဆိုပေမယ်လို့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ထိန်းချုပ်တဲ့နေရာမှာတော့ဖြင့်ရင်၊ ထိန်းချုပ်ဖို့ ကြိုးစားတဲ့ နေရာမှာတော့ဖြင့်ရင် ၁၉၉၄ တုန်းက ကေအိုင်အိုနဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်နဲ့ အတူတူပဲ။ ဘာကြောင့်လဲဆိုတော့ နှစ်ဘက် ပူးတွဲအဆင့်ပဲဖြစ်တယ်။ ပူးတွဲအဆင့်ပဲ ရှိတဲ့အခါကျတော့ တဘက်ဘက်က စတိုက်ချင်ရင် ဒီစာချုပ်က ပျက်တာပဲ။ လက်တွေ့အရ ပျက်သွားတာပဲ။ ဖြစ်နိုင်ခြေအများဆုံးကလည်းပဲ မြန်မာစစ်အစိုးရဘက်က အချိန်မရွေး ပြန်တိုက်နိုင်တဲ့ အခြေအနေရှိတယ်။ အဲဒီတော့ ခုန မီဒီယာဆရာမေးသလို အာမခံချက် ရှိစေချင်ရင်တော့ဖြင့်ရင် အကောင်းဆုံးကတော့ ၂ ချက်ပေါ့။ ၁ ချက်က ဘာလဲဆို အင်ဒိုနီးရှားနိုင်ငံ အာချေးမှာ ချုပ်ခဲ့သလိုမျိုး Crisis Management Board လို့ခေါ်တဲ့ အကျပ်အတည်း  စီမံခန့်ခွဲရေးအဖွဲ့လိုဟာမျိုးကို နိုင်ငံတကာ ကိုယ်တိုင်ရဲ့ ပါဝင်ပတ်သက်မှု၊ ကြီးကြပ်မှု၊ ဥပမာ Chairmanship position ယူထားပြီးတော့ ဘက် ၂ ဘက်စလုံးက အဲဒီ Chairmanship position ရဲ့ အဲဒီ Crisis Management Board လို့ခေါ်တဲ့ အကျပ်အတည်း စီမံခန့်ခွဲရေး အဖွဲ့လိုဟာမျိုး အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်ကို ၂ ဘက် နာခံပါ့မယ်ဆိုတဲ့ သဘောတူညီချက်မျိုးကို စာချုပ်မှာ ပါဖို့လိုတယ်။ ဒါက ပထမ ၁ ခုဖြစ်တယ်။ ဒုတိယ ၁ ခုက မြန်မာနိုင်ငံ အခြေအနေကျတော့ အင်ဒိုနီးရှား အခြေအနေထက်တောင် ပိုဆိုးနေပြီ။ ဘာကြောင့်လဲဆိုတော့ ၁၉၈၉ က စခဲ့တဲ့ ဖြစ်စဉ်ကြီးဟာ နှစ်ကလည်း တော်တော့်ကိုကြာနေပြီ။ တိုက်ချင်တဲ့အချိန်တိုက်တယ်၊ ရပ်ချင်တဲ့အချိန်ရပ်တယ်။ အမျိုးမျိုးလုပ်ခဲ့တာ ထောင်းလမောင်းကြေနေပြီ။ ဒါ့ကြောင့် တကယ့်ကိုပဲ အပစ်အခတ် ရပ်စဲသွားပြီးတော့ တကယ့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ တကယ်ပေါ်စေချင်တယ် ဆိုရင်တော့ဖြင့်ရင် အကောင်းဆုံးက ကုလသမဂ္ဂမှာလည်း ဒါ အစီအစဉ်ရှိတယ်။ UN Peace Keeping Force ဆိုတာ ရှိတယ်။ ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်တွေကို နှစ်ဘက်သဘောတူ လက်မှတ်ရေးထိုးပြီးတောင်းရင် ကနေ့တောင်းရင် လတချို့အတွင်းမှာ ကုလသမဂ္ဂတပ်တွေ ရောက်လာနိုင်တယ်။ အဲဒါအကောင်းဆုံးပဲလို့ ဆရာတော့မြင်တယ်။”

အန်စီအေ လက်မှတ်ထိုးလိုက်လို့ရှိရင် အပစ်ရပ်အဖွဲ့တွေရဲ့ နယ်မြေတွေမှာ စီးပွားရေးဇုန်တွေ ပေါ်လာမယ်။ ဖွံ့ဖြိုးမှုလုပ်ငန်းတွေ၊ ခရီးသွားလုပ်ငန်းတွေ ဖြစ်ထွန်းပြီး ဒေသဖံွံ့ဖြိုးလာတော့မယ်လို့ ယူဆချက်တွေကြောင့်လေ အန်စီအေဟာ အားကောင်းချက်၊ အားသာချက်တွေ မဖြစ်နိုင်ဘူးလား။ နှစ်ပေါင်းများစွာ စစ်ဘေးဒုက္ခ ခံခဲ့ကြရတဲ့ ပြည်သူတွေအတွက်လေ။

“အန်စီအေဟာ  အားကောင်းချက် ဖြစ်သွားနိုင်တယ်၊ ဘယ်သူ့အတွက်လဲဆိုရင် လက်ရှိတက်နေတဲ့ မြန်မာစစ်အစိုးရရယ်၊ စစ်ခေါင်းဆောင်ဟောင်း၊ သစ်တွေရယ်၊ သူတို့ရဲ့  နိုင်ငံရေး၊ စီးပွားရေး လက်ဝေခံ ခရိုနီတွေ အတွက်ကတော့ စီးပွားရေး သိပ်ကောင်းသွားမယ်။ ဘာကြောင့်လဲ။ ဒါက ရမ်းပြောတာမဟုတ်ပါဘူး။ တည်ဆဲဥပဒေရှိတယ်၊ ပြန်လေ့လာကြည့်ပါ။ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေရှိတယ်။ ၂၀၁၁-၂၀၁၄ ခုနှစ် အထူးစီးပွားရေးဇုန် ဥပဒေများ ရှိတယ်။ အဲဒီဥပဒေများအရ မြေယာနဲ့ သယံဇာတတွေအပေါ် အဓိက စီမံခန့်ခွဲသွားမှာက လက်ရှိဗဟိုအစိုးရပဲ။ လက်ရှိမြန်မာစစ်အစိုးရ ဖွဲ့စည်းထားတဲ့ ကော်မရှင်တွေပဲ။ ၂၀၁၂ လယ်ယာမြေဥပဒေကလည်း အဲဒီအတိုင်းပဲ။ အဲဒီတော့ နိုင်ငံတော်ဟာ ရေထု၊ မြေထု၊ လေထုကို ပိုင်တယ်ဆိုတဲ့အောက်က စီမံခန့်ခွဲသွားမှာ။ ခုနပြောတဲ့ အခြေခံတွေအရ၊ ဥပဒေတွေအရ ဒီနေ့ လက်မှတ်ထိုးပြီးသွားတဲ့ အချိန်ကနေ စပြီးတော့ မနက်ဖြန်ကနေစပြီးတော့ ၂၀၁၁ – ၂၀၁၄ ခုနှစ် မြန်မာ့အထူးစီးပွားရေးဇုန် ဥပဒေအရ လိုင်ဇာ (ကေအိုင်အိုဌာနချုပ်) ကိုပဲဖြစ်ဖြစ်၊ လေးဝါး (ကေအန်ယူဌာနချုပ်) ကိုပဲဖြစ်ဖြစ် ဟုတ်လား၊ ကြိုက်တဲ့နေရာကို မြန်မာနိုင်ငံရဲ့ အထူးစီးပွားရေးဇုန်အဖြစ်နဲ့ သတ်မှတ်လိုက်လို့ရတယ်။ ဥပဒေအတိုင်း သတ်မှတ်လို့ရတယ်။ ဒါကြောင့် ဘယ်နေရာကိုပဲ သတ်မှတ်သတ်မှတ်၊ ဖားကန့်လား ကြိုက်တဲ့နေရာ သတ်မှတ်လို့ရတယ်။ သတ်မှတ်လို့ရတဲ့ အချိန်ကနေစပြီး ဗဟိုအစိုးရက တိုက်ရိုက်စီမံခန့်ခွဲသွားလို့ရတယ်။ အုပ်ချုပ်သွားလို့ရတယ်၊ အခွန်ကောက်လို့ရတယ်။ ဒေသက ဘာမှလုပ်ခွင့်မရှိတော့ဘူး။ ဆိုတော့ ဒီဥပဒေကို လက်တွေ့ အကောင်အထည်ဖော်သွားမှာ ဖြစ်တာကြောင့်မို့လို့ ဒီဥပဒေကို ကိုင်ပြီးတော့ မြန်မာအစိုးရက သူတို့ကြိုက်တဲ့ ခရိုနီတွေ၊ ကုမ္ပဏီတွေ၊ နိုင်ငံခြားသား လိုင်စင်တွေ ချပေးသွားမယ်၊ သူတို့ကိုယ်တိုင် ၀င်ရောက်စီမံခန့်ခွဲမယ်၊ သဘာဝသယံဇာတတွေကို ကြိုက်သလောက် ထုတ်သုံးစွဲသွားမှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီနေ့ အန်စီအေကို လက်မှတ်ထိုးပြီးပြီးချင်းမှာ မနက်ဖြန်ကစပြီးတော့ အကြီးအကျယ် အကျိုးစီးပွား ဖြစ်သွားမှာကတော့ ဒေသခံတိုင်းရင်းသားတွေ မဟုတ်ဘူး၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ မဟုတ်ဘူး။ လက်ရှိတက်နေတဲ့ မြန်မာစစ်အစိုးရနဲ့ သူ့ရဲ့ အသိုင်းအ၀ိုင်းတွေပဲဖြစ်တယ်။”

အန်စီအေစာချုပ်ကို လက်မှတ်ထိုးလိုက်ကြပြီဆိုပါစို့။ ဒီစာချုပ်ကြီးဟာ နောင်အစိုးရတွေ အဆက်ဆက် တည်မြဲတဲ့စာချုပ် ဖြစ်နိုင်မလား။ သမိုင်းဝင် ပင်လုံစာချုပ်က လျစ်လျူရှုခံရတယ်ဆိုတော့။ ဒီစာချုပ်မှာ ခိုင်မာမှု၊ အားကောင်းချက်၊ အားသာချက်တွေ ဘာတွေတွေ့လဲ။

“အဲဒါလည်း အင်မတန်ကောင်းတဲ့မေးခွန်းပဲ။ နှိုင်းယှဉ်ပြောရလို့ရှိရင်တော့ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာတုန်းက အစိုးရတရပ် လုပ်ဆောင်မှုကို နောက်အစိုးရတရပ်က တာဝန်ခံတဲ့ ပြဋ္ဌာန်းချက်ကို အဲဒီ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ရေးသားဖော်ပြထားတယ်။ အဲဒီတော့ မကျေနပ်ရင် အစိုးရကို တရားစွဲဆိုခွင့်ရှိတယ်။ အဲဒီအထိ တာဝန်ခံမှုကို ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါတယ်။ သို့သော် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာကျတော့ ပုဒ်မ ၄၄၅ မှာ ဘာပါလဲဆိုတော့ တာဝန်ခံမှုက ပြဿ   နာရှိတယ်။ အဲဒါဘာလဲဆိုတော့ န၀တ၊ နအဖ ပေါ့လေ အရင်စစ်အုပ်စုလက်ထက်က လုပ်ဆောင်ခဲ့တဲ့ ဆောင်ရွက်မှု၊ လုပ်ငန်းနဲ့ တာဝန်တွေ အကုန်လုံးကို အခု ဒီအစိုးရက တာဝန်ခံတယ်ဆိုတဲ့ အဆင့်အထိပဲပါတယ်။ ဆိုတော့ အခု ၂၀၁၁ ခုနှစ်မှာ တက်လာတဲ့ အစိုးရက တာဝန်ခံတယ်ဆိုတဲ့အဆင့်ထိပဲ ပါတယ်။ ဆိုလိုတာက ဖွဲ့စည်းပုံ အခြေခံဥပဒေက အစိုးရတိုင်းရဲ့ တာဝန်ခံမှုကို မရည်ညွှန်းထားဘူး။ အဆင့်တဆင့်ပဲ ရည်ညွှန်းထားတယ်။ အဲဒီတော့ န၀တ၊ နအဖ လက်ထက်က လုပ်ဆောင်ခဲ့တဲ့ ဆောင်ရွက်ချက်၊ လုပ်ငန်းနဲ့ တာဝန်တွေကို အခု ဒီအစိုးရက တာဝန်ခံတယ်ဆိုတာပဲ ပါတယ်။ အခု ဒီအစိုးရ လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်ချက်တွေကို နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ ပေါ်တဲ့အစိုးရတွေက တာဝန်ခံတယ်ဆိုတဲ့ Continuous Action Responsibility လုံးဝမမပါဘူး ဖြစ်တယ်။ ဒါကြောင့်မို့လို့ ပွင့်ပွင့်လင်းလင်း ဥပဒေအရ ပြောရရင်တော့ဖြင့်ရင် အခု ဒီကနေ့ အန်စီအေကို လက်မှတ်ထိုးလိုက်ဦးတော့ နောက်တက်လာတဲ့ အစိုးရဟာ တာဝန်ခံလားဆိုတာ ဥပဒေအရ တာဝန်ခံတဲ့အပိုဒ်က လုံးဝမတွေ့ရဘူး။”

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မယ်လို့ တပ်မတော်က အခါအားလျော်စွာ အကြိမ်ကြိမ်ထုတ်ပြောတယ်။ ကာချုပ်ကိုယ်တိုင် ပြောတာတွေလည်းရှိတယ် အရေးကြီးတယ်ပေါ့။ ဒီတိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေကျတော့ ဒီဖွဲ့စည်းပုံဟာ သူတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မဖြစ်နိုင်ဘူး၊ လက်မခံဘူးဆိုပြီးတော့ ရပ်တည်ချက်ကို ဆုပ်ကိုင်ထားတယ်။ ဒီတော့လေ အန်စီအေကို လက်မှတ်ထိုးကြပြီး နိုင်ငံရေးဆွေးနွေးပွဲကို ရောက်ရင် ဒီအယူအဆနှစ်ခု ထိပ်တိုက်တွေ့ကြတဲ့အခါ ဘယ်လိုမျိုးဖြစ်မယ်လို့ ကြိုတင်ခန့်မှန်းနိုင်မလဲ။

“ဟာ ဒါလည်း သိပ်ကောင်းတဲ့မေးခွန်းပဲ။ ဆိုတော့ တကယ်တော့ ဒီကိစ္စဟာ ခုကတည်းက ဆွေးနွေးရမှာ၊ မီဒီယာဆရာ စဉ်းစားချက်က သိပ်ကိုမှန်တယ်။ အခုကတည်းက ဆွေးနွေးရမှာ။ တကယ်တော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ရှိသမျှ ကာလပတ်လုံး ဘယ်တော့မှ ဒီမိုကရေစီမရနိုင်ဘူး။ တိုင်းရင်းသား အခွင့်အရေးဆိုတာ စိတ်ကူးယဉ်ပဲဖြစ်မယ်။ အဲဒီတော့ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုတာကတော့ တိမ်တောင်ပေါ်မှာ ဆွဲတဲ့အရုပ်လိုပဲ ဖြစ်သွားလိမ့်မယ်။ အဲဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်ဘူး။ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ပူးတွဲညှိနှိုင်းရေးဆွဲသွားမယ်ဆိုတဲ့ သဘောတူညီချက်မျိုးက အခုက ရနိုင်ရင် အကောင်းဆုံးပဲ။ အဲဒါမရဘဲနဲ့ လာမယ့် နိုင်ငံရေးဆွေးနွေးပွဲဆိုတာကို ဆက်သွားမယ်ဆိုရင်တော့ စစ်အစိုးရဘက်က ရာခိုင်နှုန်းပြည့် သေချာတယ်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ဘောင်အောက်ထဲကို ဆွဲသွင်းသွားလိမ့်မယ်။ အဲဒီအခါမှာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေက ၁၉၉၃ နောက်ပိုင်းမှာ အမျိုးသားညီလာခံတက်ခဲ့တဲ့  အတွေ့အကြုံမျိုးကိုပဲ ပြန်ပြီးတော့ တွေ့ရလိမ့်မယ်။ အဲဒါဘာလဲဆိုတော့ အမျိုးသားညီလာခံ ဘောင်ထဲကို အတင်းဆွဲသွင်းတဲ့အခါကျတော့ မကျေနပ်လို့ ဆန္ဒပြရင်ပြမယ်၊ ၁၃ ဖွဲ့၊ ၁၄ ဖွဲ့ စာရေးတင်တာ ရှိရင်ရှိမယ်၊ နောက်ဆုံး နုတ်ထွက်တာ ရှိရင်ရှိမယ်။ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ ဒါကြောင့် အကောင်းဆုံးကတော့ဖြင့်ရင် အခု အန်စီအေ လက်မှတ်မထိုးခင်မှာ အခုန မီဒီယာဆရာပြောတဲ့ ဖွဲ့စည်းပုံကိစ္စကို အရင်ရှင်းထားပြီးတော့ ကဲ စစ်အစိုးရဘက်က လက်ခံနိုင်ရင်ခံ၊ မခံနိုင်ရင်လည်း တိုက်စရာရှိတာ ဆက်တိုက်၊ ဒီလိုမျိုး သွားတဲ့နည်းလမ်းသာလျှင် အကောင်းဆုံးပဲလို့ ဆရာတော့ မြင်ပါတယ်။”

မည်သို့ပင်ဆိုစေကာမူ အန်စီအေစာချုပ်ကို လာမယ့်လထဲမှာ လက်မှတ်ထိုးကောင်း ထိုးနိုင်ကြတယ်ပေါ့။ ပြည်တွင်းစစ်ကို ရပ်နိုင်တာကလည်း အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေပဲဆိုတော့ ဘက် ၂ ဘက်က ပုဂ္ဂိုလ်တွေကို ဆရာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဘာပြောစရာရှိမလဲခင်ဗျ။

“ဘက် ၂ ဘက်က ပုဂ္ဂိုလ်တွေကတော့ ခုနကျနော်ပြောခဲ့တဲ့ဟာတွေမှာ အခြေခံကနေ ပါနေပါပြီ။ ဒါက သူတို့ဆုံးဖြတ်ဖို့ပဲဖြစ်တယ်။ အဓိကကတော့ လူထုကို ပြောချင်ပါတယ်။ အခု တိုင်းရင်းသားတွေဘက်ကလည်း ဘာလဲဆိုတော့ ရှေ့ကိုဆက်တိုးရတာ ခက်သွားပြီ။ ဘာကြောင့်လဲဆိုတော့ တဘက်က စစ်ရေးအရ ဖိအားပေးနေတာရှိတယ်၊ ဟုတ်လား တဖက်သတ်ပေါ့လေ၊ မြန်မာစစ်အစိုးရဘက်ကတော့ ဘဏ္ဍာငွေ အကြီးအကျယ်ကိုင်ပြီးတော့။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမှာတော့ ဘာဘဏ္ဍာငွေမှ ဟုတ်တိပတ်တိမရဘဲ ဆွေးနွေးပွဲ ဆက်သွားနေရတယ်။ သူတို့ဘက်က အကျပ်အတည်းတွေရှိတယ်။ နောက် ဥပဒေအရ ချည်နှောင်ထားခံရတာရှိတယ်။ ခုန ကျနော်တို့ အလယ်မှာ ဆွေးနွေးခဲ့သလို ဒီစာချုပ်ကို ဘာကြောင့် လူထုကြီးက စိတ်မ၀င်စားသလဲဆိုတော့ လူထုအခွင့်အရေးတွေ မပါလို့ပဲဖြစ်တယ်။ ဒါကြောင့် ဒီစာချုပ်ကြီးမှာ လူထုအခွင့်အရေးတွေပါလာဖို့၊ ဒီမိုကရေစီအခွင့်အရေးတွေ၊ တိုင်းရင်းသားပြည်နယ်တွေ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေ၊ အမျိုးသားတန်းတူရေးအခွင့်အရေးတွေ၊ သဘာဝသယံဇာတတွေအပေါ်မှာ ဒီနေ့စာချုပ်လက်မှတ်ထိုးပြီးရင် နောက်နေ့ကစလို့ လူထုအခွင့်အရေးတွေ ဘာတွေပါမလဲဆိုတဲ့ဟာတွေကို ပါဝင်ထည့်သွင်းပြဋ္ဌာန်းနိုင်ရင် တပြည်လုံးအတွက် အကျိုးရှိလိမ့်မယ်။ အဲလိုဆိုတော့ အခု ၂ ဖက်က၊ ၂ ဖက်လုံးက ရှေ့ကိုသွားဖို့အတွက် တန့်နေတဲ့သဘောရှိတဲ့အခြေအနေမှာ လူထုက ကိုယ့်ရဲ့အင်အားကိုပြပြီးတော့ ကိုယ်လိုချင်တဲ့အခွင့်အရေးတွေ ဒီစာချုပ်မှာ ပါလာအောင်၊ အခြေခံအားဖြင့် ပါလာအောင် လူထုလှုပ်ရှားမှုတွေ၊ တောင်းဆိုမှုတွေ၊ ဆွေးနွေးမှုတွေ ဒီလိုမျိုးတွေနဲ့ ဖိအားပေးမယ်ဆိုရင်တော့ဖြင့်ရင် ငြိမ်းချမ်းရေးဟာ တကယ်ပဲ အသက်ဝင်ဖြစ်လာနိုင်ပါတယ်လို့ ကျနော်အကြံပေးချင်တယ်၊ တိုက်တွန်းချင်ပါတယ်။”

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။