Tuesday, September 1, 2015

တိုက်ပွဲတွေအတွက် ဘာမှ အာမခံချက် မရှိဘူး

(ဧရာဝတီ)

တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ် ရေးထိုးနိုင်ရေး အတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား ညှိနှိုင်းဆောင်ရွက်ရာမှာ အစိုးရက တပ်မတော်နဲ့ တိုက်ပွဲဖြစ်နေတဲ့ အဖွဲ့တချို့ကို ကန့်သတ်ပြီး ချန်ထားခဲ့ချင်တဲ့ သဘောကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ လူထုအကြားမှာ စိုးရိမ်ဝေဖန်မှုတွေ မြင့်တက်လာပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သြဂုတ်လ ၂၁ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ကျင်းပခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေး (EAOS) ကတော့ အစိုးရက ကန့်သတ်ထားတဲ့ လက်နက်ကိုင် ၆ ဖွဲ့ကို အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေး ဆွေးနွေးပွဲအဆင့်ထိပါ တပါတည်း ပါဝင်နိုင်ရေးအတွက် သမ္မတ ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ ထိပ်တိုက် တွေ့ဆုံဆွေးနွေးကြဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အစိုးရချန်ထားလိုတဲ့၊ လက်ရှိလည်း တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) လည်း အပါအ၀င် ဖြစ်ပါတယ်။ အဲဒါကြောင့် NCA လက်မှတ် ထိုးရာမှာ ပါဝင်နိုင်ရေး အခြေအနေနဲ့ အဖွဲ့ရဲ့ သဘောထားကို TNLA အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် တာအိုက်ဘုန်းနဲ့ ဧရာဝတီ အကြီးတန်း သတင်းထောက် ကျော်ခက တွေ့ဆုံ မေးမြန်းထားပါတယ်။

 
မေး ။ ။ NCA လက်မှတ်ထိုးတဲ့အခါမှာ အားလုံး ပါဝင်ရေးမူနဲ့ ပတ်သက်ပြီးတော့ အစိုးရက TNLA ကို ၁၅ ဖွဲ့ အပေါင်း ၁ (၁၅+၁) ဆိုပြီးတော့ ပုံစံမျိုးနဲ့ ထည့်သွားမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ကြားနေရတယ်။ အဲဒါ ဘယ်လိုပုံစံလဲ ခင်ဗျ။

ဖြေ ။ ။ အစိုးရက ရပ်တည်ထားတဲ့ ၁၅+၁ ဆိုတာကတော့ ကျနော်တို့ တိတိကျကျ ပြောဖို့ခက်တယ်။ ဒါပေမယ့် ကျနော်တို့ ကိုယ်တိုင်ပါခဲ့တဲ့ဟာနဲ့ ဦးအောင်မင်းကိုယ်တိုင် ပြောခဲ့တဲ့ဟာတွေ ၁၅+၁ မရှိပါဘူး။ သူတို့က ၁၄+၁ ပဲ ပြောတယ်။ နောက်ပိုင်း မှာ ၁၅+၁ ဖြစ်တယ် ဆိုတာကတော့ ဘယ်အပေါ်မှာ အခြေခံ ဖြစ်လာသလဲ ဆိုတာကတော့ ကျနော်တို့ ဂဃဏန မသိဘူး။ ကျနော် ပြောလို့မရဘူး။ အဲဒီလို အခြေအနေမျိုးမှာ ရှိတယ်။

မေး ။ ။ ဒါဆိုရင် အားလုံးပါဝင်ရေးကိစ္စမှာ အစိုးရက အရင်အတိုင်းပဲ ၆ ဖွဲ့ကို ကန့်သတ်ထားဆဲလို့ ပြောလို့ရမှာပေါ့။

ဖြေ ။ ။ ဟုတ်ပါတယ်။ အဲဒီလိုပဲပါပဲ။

မေး ။ ။ အခု နေပြည်တော်မှာ သွားပြီးတော့ နှစ်ဘက်ထိပ်သီး ခေါင်းဆောင်တွေသွားပြီး ဆွေးနွေးကြမယ်။ အဲဒီဆွေးနွေးပွဲမှာ အားလုံး ပါဝင်ရေးကိစ္စကို သဘောမတူဘူးဆိုလို့ရှိရင် ဘယ်လိုဆုံးဖြတ်မလဲ။

ဖြေ ။ ။ ဒီလိုရှိတယ်ဗျ။ ကျနော်တို့ ၃ ရက် အချိန်ယူပြီးတော့ ဆွေးနွေးတဲ့ဟာက အဓိက အဲဒီအချက်ပါပဲ။ ကျနော်တို့ တိုင်းရင်းသားတွေကို တောက်လျှောက် အတူလက်တွဲပြီးတော့ ပါလာခဲ့တဲ့ ကျနော်တို့ အခု ၆ ဖွဲ့ ဖြစ်တယ်။ ဒီအချိန်ရောက်မှ အစိုးရဘက်က ဒီအဖွဲ့တွေကို လက်မခံနိုင်ဘူး။ အကြောင်း အမျိုးမျိုး ပြပြီးတော့မှ ချန်ထားချင်တယ် ဆိုတော့ ကျနော်တို့ တိုင်းရင်းသား ဘက်ကလည်း အစိုးရဘက်ကရော၊ တပ်မတော်ဘက်ကရော အကြောင်းအမျိုးမျိုး ပြထားတဲ့ဟာတွေကို ဘယ်လောက်အထိ ခိုင်လုံလဲဆိုတာကို ကျနော်တို့ ဒီနေ့ ဆွေးနွေးခဲ့တယ်။ ဒီမှာရှိတဲ့ အဖွဲ့တွေကိုလည်း အသိပေးခဲ့တယ်။ ဒါတွေက ခိုင်လုံတဲ့ အကြောင်းပြချက်တွေ မဟုတ်ပါဘူး။
ကျနော်တို့ဘက်ကလည်း တကယ့် ငြိမ်းချမ်းရေးကို လိုချင်တဲ့ အဖွဲ့တွေ ဖြစ်တယ်။ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကိုလည်း တခြား ညီနောင် အဖွဲ့အစည်းတွေနည်းတူ တချိန်တည်း၊ တပြိုင်တည်း အတွင်း ပါဝင် လက်မှတ်ထိုးချင်တဲ့ အဖွဲ့တွေ ဖြစ်တယ်ဆိုတာကို ကျနော်တို့ ပြောခဲ့တယ်။ ပြောတဲ့အပေါ်မှာပဲ ကျနော်တို့က အားလုံးပါဝင်ရေးမူကို ဆက်လက်ပြီးတော့ သွားပြီးတော့ တင်ပြဖို့ ဆွေးနွေးဖို့ ထပ်ပြီးတော့ ကျနော်တို့ တောင်းဆိုတာ ဖြစ်တယ်။

အားလုံးပါဝင်ရေး နေရာမှာတောင်မှ အနည်းဆုံး SD အဖွဲ့က ၁၇ ဖွဲ့ပါဖို့ လိုတယ်လို့ ထပ်ပြီးတော့ တင်တယ်။ အဲဒါကြောင့် ဒီနေ့ ၄ ရက်မြောက် အစည်းအဝေးမှာတော့ နံပါတ် ၁ ကတော့ အဓိက ပထမ ရွေးချယ်မှုကတော့ အားလုံးပါဝင်ရေးကို ဆက်လက် ပြီးတော့ သွားဆွေးနွေးဖို့ ကျလာပါပြီ။
ပထမ ရွေးချယ်မှုကတော့ အနိမ့်ဆုံးအဆင့် ၁၇ ဖွဲ့ ပါဝင်ဖို့ပေါ့။ ဒုတိယ ရွေးချယ်မှုကို ညှိနှိုင်းမှာ ဖြစ်ပါတယ်။ ဒုတိယ ရွေးချယ်မှုက ဘာလဲဆိုရင် ကျနော်တို့ အခုတိုက်နေတဲ့ သုံးဖွဲ့ကို တပေါင်းတည်း Bilateral အပစ်အခတ် ရပ်စဲရေး လုပ်ဖို့ပေါ့နော်။ အဲဒါကို ကျနော်တို့ တောင်းဆိုချင်တယ်။ ညှိနှိုင်းပေးဖို့ ကျနော်တို့ ဒီက တင်ပြခဲ့တာ ဖြစ်တယ်။ ANC ၊ LDU နဲ့ WNO ကြတော့ နိုင်ငံရေး ဆွေးနွေးပွဲမှာ ပါပြီးတော့ အာမခံချက်တွေ ရှိဖို့ပေါ့။ ၁၇/၁ တွေဘာတွေနဲ့ မငြိဖို့ပေါ့လေ။ အဲလိုမျိုး စဉ်းစားဆုံးဖြတ်ထားတာ ရှိတယ်။
တကယ်လို့ အဲဒါမဖြစ်လာဘူး ဆိုရင်တော့ အစိုးရပြောနေတဲ့ ၁၆ ဖွဲ့ ရှိတယ်။ အဲဒီ ၁၆ ဖွဲ့မှာ PSLF/TNLA ပါတယ်ဆိုတော့ အဲဒီ အဖွဲ့နဲ့ ရအောင် နံပါတ် ၁ အဆင့်အနေနဲ့ အရင်လုပ်မယ်။ နံပတ် ၂ က AA ၊ MNDAA နဲ့ Bilateral ရအောင် လုပ်မယ်။ တောက်လျှောက်ပေါ့၊ ဆက်စပ်ပြီးတော့ လုပ်သွားမယ်။ နံပါတ် ၃ ကတော့ ခုနပြောတဲ့ အဖွဲ့သုံးဖွဲ့ကလည်း နိုင်ငံရေး ဆွေးနွေးပွဲမှာ အာမခံချက်ရှိရှိနဲ့ ပါသွားဖို့ပေါ့။ အဲဒီအပေါ်မှာ အခြေခံပြီးတော့ ကျနော်တို့ ခုနပြောတဲ့ နိုင်ငံရေး၊ စစ်ရေး အာမခံချက်၊ လူမှုရေး အာမခံချက်တွေ တွဲပြီးတော့ ပြဌာန်းထားဖို့လိုတယ်။ အဲဒါကို SD ခေါင်းဆောင်တွေရော ထိပ်သီး ၅ ယောက်ကနေ ဒါကို ဆက်လက် တာဝန်ယူပြီး ညှိနှိုင်းဖို့ ကျနော်တို့ ဆွေးနွေးထားပါတယ်။

မေး ။ ။ နေပြည်တော်မှာ ထိပ်သီး ခေါင်းဆောင်တွေအကြား ဆွေးနွေးပြီး ထွက်လာမယ့် ရလဒ်အပေါ် ဘယ်လို မျှော်လင့်ထားလဲ။

ဖြေ ။ ။ ကျနော်တို့ကတော့ ဆွေးနွေးပွဲကနေ ရလဒ်ကောင်း ထွက်လာမယ်လို့ မျှော်လင့်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရဘက်ကရော တပ်မတော်ဘက်ကရော ဒီအပေါ်မှာ သူတို့ကလည်း အမြင်ကျယ်ကျယ်၊ စိတ်ရှည်ရှည်နဲ့ တိုင်းပြည် အတွက်ကို ငဲ့ညှာပြီးတော့ တကယ့်စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကနေတဆင့် နိုင်ငံရေး ပြောင်းလဲမှု၊ နိုင်ငံရေးတိုးတက်မှု ပြီးရင် ကျနော်တို့ရဲ့ ပြည်တွင်း တည်ငြိမ်မှု၊ ဖွံ့ဖြိုးမှုကို သူတို့ (အစိုးရနဲ့ တပ်မတော်) တကယ်လို့ လိုလားမယ်ဆိုရင်တော့ ဒါကို လက်ခံဖို့တော့ လိုတာပေါ့။ ကျနော်တို့ကတော့ ဒီလိုပဲ မြင်ပါတယ်။ ရလဒ်ကတော့ ရလဒ်ကောင်းထွက်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။

မေး ။ ။ အခု ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေက ဆက်တိုက်ဆိုသလို ဖြစ်နေတုန်းပဲပေါ့လေ။ ဒီလို အခြေအနေမျိုးမှာ အစိုးရအနေနဲ့ TNLA ကို ချန်ခဲ့လိုရရှိရင် NCA ဆိုတဲ့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး ဆိုတာကို ဆောင်ပါ့မလား။ ဒီအပေါ်မှာ ဘယ်လိုပြောချင်လဲ။

ဖြေ ။ ။ နံပါတ် ၁ ကတော့ လုံးဝ မဆောင်ပါဘူး။ ခေါင်းစဉ်က တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို ပြောနေတာ ဖြစ်တယ်။ ကွက်ကြားထားပြီးတော့ အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ထိုးမယ်ဆိုရင်တော့ ဒီကွက်ကြားဖြစ်တဲ့ နေရာကတော့ တိုက်ပွဲက တောက်လျှောက် ဖြစ်နေမှာပဲ။ နံပါတ် ၂ ကတော့ အခု ကျနော်တို့ဒေသမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေက ကျနော်တို့က ချုပ်ငြိမ်း နိုင်ဖို့အတွက် ကျနော်တို့က နည်းလမ်းရှာနေတာ ဖြစ်တယ်။
အဲဒီ ချုပ်ငြိမ်းနိုင်ဖို့ နည်းလမ်းရှာတယ် ဆိုတဲ့နေရာမှာလည်း ကျနော်တို့ အဖွဲ့ကလည်း တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးထဲမှာ တောက်လျှောက်ပါလာတဲ့ အဖွဲ့ဖြစ်တယ်ဆိုတာ ဒီထဲကနေ ကျနော်တို့ ပါဝင်ပြီးတော့ ဖြစ်နေတဲ့ စစ်ပွဲကိုလည်း ဒီတနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကနေတဆင့် လျှော့ချနိုင်မယ်၊ ရပ်တန့်နိုင်မယ်လို့ ကျနော်တို့ မြင်တယ်။ အဲဒီအထဲမှာ မပါလာဘူး ဆိုရင်တော့ စစ်ပွဲကတော့ ဘယ်ဘက်မှာမှ အာမခံချက်ရှိမှာမဟုတ်ပါဘူး။ ဆက်ပြီးတော့ ဖြစ်နေမှာဘဲ။
အဲဒီတော့ ဒေသမှာ ကွက်ကြား၊ ကွက်ကြား တိုက်ပွဲတွေက တောက်လျှောက် ဖြစ်နေမှာဘဲ။ နောက်ပိုင်းလည်း ဒီထက် ပိုမို ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်။ ဘာကြောင့် အဲဒီလို ပြောရဲလည်းဆိုတော့ မြန်မာ့တပ်မတော်တွေက အများကြီး တက်လာတယ်။ ဒီနေ့အထိလည်း တပ်မတွေ အများကြီး ရှိနေတယ်ဆိုတော့ တိုက်ပွဲတွေအတွက် ဘာမှ အာမခံချက် မရှိဘူး။ ဆက်ဖြစ်နေမယ့် အလာအလား ရှိပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။