Friday, May 8, 2015

ဖားကန့်တွင် ကမ်းပါးပြိုကျမှုကြောင့် ကျောက်တူးဖော်သူ ရေမဆေးသမားနှစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရ

(Eleven Media Group)

ဖားကန့်ဒေသ ကောင်ဆန်ကျေးရွာ အနီးရှိ စိန်လုံကျောက်မျက်ကုမ္ပဏီလုပ် ကွက်အတွင်း မေ ၆ ရက် ည ၉ နာရီဝန်းကျင်၌ ကျောက်တောင်ကမ်းပါး ပြိုကျမှုဖြစ်ပွားခဲ့ရာ ပြင်ပမှ ညအချိန်ဝင်ရောက် ကျောက်တူးဖော်နေသော ရေမဆေးသမားနှစ်ဦး သေဆုံးသွားပြီး တစ်ဦးမှာ ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သတင်းရရှိသည်။


အဆိုပါ ပြိုကျသော ကျောက်တောင် ကမ်းပါးမှာ ကျောက်စိမ်းမတူးဖော်ရသေးသော နေရာဖြစ်၍ ပြင်ပမှ ရေမဆေးသမားများအား ရှာခွင့်မပြုသည့်အတွက် ညအချိန် ၀င်ရောက်တူးဖော် ကြခြင်းဖြစ်ကြောင်း၊ ၎င်းမှာ စိန်လုံနှင့် သစ်သုံးလုံး ကုမ္ပဏီလုပ်ကွက် နှစ်ခုအကြားတွင်တည်ရှိပြီး စိန်လုံကုမ္ပဏီ လုပ်ကွက်အပိုင်ဖြစ်ကြောင်း သိရသည်။

ည ၉ နာရီအချိန်လောက်မှာ ဖြစ်သွားတာ။ သုံးယောက်ပါသွားတယ်လို့တော့ ပြောတာပဲ။ တစ်ယောက်ကတော့ မသေသေးဘူး။ သူတို့အချင်းချင်း ဆေးခန်းပို့မယ်ဆိုပြီး ခေါ်သွားတယ်။ ရှာကြည့်တော့ နှစ်ယောက်တွေ့ရပြီ။ တစ်ယောက်ကတော့ ဖော်ပြီးသွားပြီ။ ကျန်တဲ့တစ်ယောက်ကတော့ ကမ်းပါးအလယ်နားမှာ တင်နေလို့ အလောင်းသွား ကောက်ဖို့အတွက် အခက်အခဲ ဖြစ်နေတယ်” ဟု သစ်သုံးလုံးကုမ္ပဏီမှ တာဝန်ခံကိုယ်စားလှယ် ဦးစိုးဝင်းက ပြောကြားသည်။

သေဆုံးသူနှစ်ဦးအား မေ ၇ ရက်က ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းတို့မှာ မည်သူမည်ဝါမှန်း မသိရှိရသေးဘဲ ဆေးရုံ၌ ဒဏ်ရာရှိထားသူ တစ်ဦးကလည်း စကားပြောဆိုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။


ယခုနောက်ပိုင်း၌ ဖားကန့်ဒေသတွင် စွန့်ပစ်မြေစာပုံနှင့် ကုမ္ပဏီလုပ်ကွက်တို့ မကြာခဏ ပြိုကျမှုဖြစ်ပေါ်လျက်ရှိပြီး ဇန်န၀ါရီ ၆ ရက်က ရတနာဆင်သီရိ စွန့်ပစ်မြေစာပုံ၊ မတ် ၆ ရက်က အောင်ဟိန်းမင်း မြေစာပုံ၊ မတ် ၃၀ ရက်က ရာဇဌာနီ(မိုက်ကျဲ)မြေစာပုံ၊ ဧပြီ ၈ ရက်က မြတ်ယမုံ ကုမ္ပဏီလုပ်ကွက်၊ မေ ၂ ရက်က ဆဲဗင်းစတား ကုမ္ပဏီလုပ်ကွက်တို့ ပြိုကျမှုဖြစ်ပွားခဲ့ရာ ၂၀၁၅ ခုနှစ်အတွင်း မြေပြိုမှု ခြောက်ကြိမ်ဖြစ်ပွားခဲ့ပြီး လူပေါင်းများစွာ သေဆုံးသွားကြောင်း သိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။