Friday, May 8, 2015

အစိုးရတပ်မတော်နှင့် ကေအိုင်အေတို့ မန်စီမြို့နယ်အတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေ

(Eleven Media Group)

အစိုးရတပ်မတော်နှင့် ကေအိုင်အေတို့  မန်စီမြို့နယ်အတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
ဧပြီ  ၁၈ ရက်မှ ၂၁ ရက်အထိ ဖားကန့်ဒေသနှင့် တနိုင်းဒေသတို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက်  လ၀က်ခန့်အကြာတွင် ယခုကဲ့သို့ နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပေါ်လာ ခြင်းဖြစ်သည်။ တိုက်ပွဲဖြစ်ပွားသည့် နေရာမှာ မန်စီမြို့နယ် နန့်လင်းပါကျေးရွာနှင့် မိုးတိမ်ပါကျေးရွာ အနီးတွင်ဖြစ်ပြီး မေ ၆ ရက် နှင့် မေ ၇ ရက်များတွင် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

မိုးတိမ်ပါကျေးရွာမှ လေးမိုင်ခန့်အကွာတွင် တည်ရှိသော မိုင်းခေါင်ကျေးရွာသား တစ်ဦးက “မနေ့က ၁ နာရီကနေ ၅ နာရီ ကနေဖြစ်တယ်။ ဒီကနေ့ မနက် ၇ နာရီ လောက်ကနေ ပစ်နေကြပါတယ်။ နန့်လင်းပါ နားပစ်နေကြတာပါ။ နေ့လယ်ကတော့ စစ်တပ်က လေယာဉ်လာပြီး ပစ်သွားပါတယ်။ ကျေးရွာသားတွေက အရင်နှစ်တွေကတည်းက ပြေးနေကြလို့ ရွာသားတွေ မနေကြပါဘူး။ သစ်လုပ်ငန်းကတော့ ရှိနေတယ်” ဟု ပြောကြားသည်။
ယင်းထိတွေ့မှုများနှင့် ပတ်သက်၍ မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) သို့ စာပို့အကြောင်းကြားထားပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုလည်း ကေအိုင်အိုပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့က အကြောင်းကြားထားကြောင်း ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ ဦးလမိုင်ခွန်ဂျာက “တိုက်ပွဲတွေက မနေ့လည်း ဖြစ်တယ်။ ဒီနေ့လည်း တစ်နေ့လုံးဖြစ်ပြီး နေ့လယ် ၁၂ နာရီ ၁၅ မိနစ်မှာ လေယာဉ်နဲ့ လာပစ်တယ်လို့ သိရပါတယ်။ နန့်လင်းပါနဲ့ မိုးတိမ်ပါကြားမှာလို့ သိရတယ်။ တပ်ကတော့ သစ်ဖမ်းဖို့ သွားတယ်ပြောပါတယ်။ အတိအကျတော့ မသိရဘူး။ လောလောဆယ် အဲဒီဒေသမှာတော့ စစ်ရေးတင်းမာတဲ့ သဘောရှိနေပါတယ်။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုလည်း ကေအိုင်အို ပဋိပက္ခညှိနှိုင်းရေးအဖွဲ့က အကြောင်းကြားထားတာ ရှိတယ်လို့ သိရပါတယ်” ဟုဆိုသည်။
မန်စီမြို့နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍ မြောက်ပိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူများထံ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းသော်လည်း အလုပ်မအားသေးကြောင်းသာ ဖြေကြားခဲ့သည်။ လိုင်ဇာမြို့ရှိ ကေအိုင်အို ဗဟိုဌာနချုပ်သို့ ဆက်သွယ်သော်လည်း ဆက်သွယ်မှုမရခဲ့ပေ။
ကေအိုင်အိုမှ ဗိုလ်ချုပ်ဂွမ်မော်က “ကျွန်တော်ကတော့ ငြိမ်းချမ်းရေး ကိစ္စတွေနဲ့ ခရီးလွန်နေပါတယ်။ တိုက်ပွဲဖြစ်နေကြောင်း သိရပြီး ဘယ်လိုဖြစ်နေတယ် ဆိုတာကို အတိအကျ မသိရပါဘူး။ ကေအိုင်အို ဗဟိုက ပြောရေးဆိုခွင့်ရှိသူထံကို ဆက်သွယ်နိုင်ပါတယ်” ဟုဆိုသည်။
အစိုးရနှင့် အေအိုင်အို ပဋိပက္ခညှိနှိုင်းရေး အဖွဲ့တို့သည့် ဧပြီ ၁၈ မှ ၂၁ ရက်တွင်း ဖားကန့်ဒေသနှင့် တနိုင်းဒေသတို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့မှုကြောင့် လစဉ်လဆန်းပိုင်း တွေ့ဆုံမှုထက်စောကာ ဧပြီ ၂၇ ရက်တွင် တွေ့ဆုံခဲ့ပြီး တိုက်ပွဲများ လျော့ကျရေးနှင့် ပဋိပက္ခနယ်မြေများကို ကွင်းဆင်းလေ့လာရန် သဘောတူခဲ့သော်လည်း ကွင်းဆင်းလေ့လာရေး လုပ်ငန်းစဉ်မှာ ပျက်ပြယ်ခဲ့သည်။
ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်း ဂိုက်ထိပ်နှင့် နန့်ခမ်းလမ်းကြောင်းပေါ်ရှိ မန် စီမြို့နှင့် ၂၆ မိုင်နှင့် ၂၇ မိုင်ကြားတွင် ၂၀၁၅ ခုနှစ် မတ် ၂၁ ရက် ညနေပိုင်းမှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားလာပြီး မတ် ၂၂ ရက်က တပ်မတော်မှ လေကြောင်းဖြင့် ကေအိုင်အေ ရှေ့တန်းစခန်းတစ်ခုကို အကြိမ်ကြိမ်လာ ရောက်ပစ်ခတ်ခဲ့ကြောင်း ကေအိုင်အေဘက်က ဆိုသည်။ တပ်မတော်ဘက်က သစ်မှောင်ခိုကိစ္စကို အကြောင်းပြခဲ့သော်လည်း ယင်းသစ်များမှာ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းတို့မှ ရောက်ရှိလာသော သစ်များဖြစ်ကြောင်း သစ်မှောင်ခို လုပ်ငန်းတွင် ပါဝင်ခဲ့သူများက ပြောကြားသည်။
အစိုးရတပ်နှင့် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့တို့သည် ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း သစ်မှောင်ခိုကိစ္စကို အကြောင်းပြု၍ ၂၀၁၃ ခုနှစ်တွင် တစ်လနီးပါးကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး သစ်တန်ပေါင်း ၄၀၀၀ ကျော်ကိုလည်း ဖမ်းဆီးမိခဲ့သည်။ ယင်းသစ်များမှာလည်း ကသာခရိုင်နှင့် ကချင်ပြည်နယ် ရွှေကူမြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်၊ မိုးမောက်ဘက်မှ ရောက်ရှိလာသော ကျွန်းနှင့်တမလန်း သစ်များဖြစ်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ်တွင် တရုတ်နိုင်ငံသား သစ်ခိုးထုတ် မှောင်ခိုဂိုဏ်းတစ်ခုကို ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်၊ ကန်ပိုင်တည်မြို့နယ်၊ ဆဒုံးမြို့နယ်များတွင် လူ ၁၄၉ ဦး၊ ကားအစီး ရေ ၄၀၀ ကျော်နှင့် တခြားယာဉ်ကြီးများကို ဖမ်းမိခဲ့သော်လည်း သစ်ခိုးဂိုဏ်းသူဌေးများကိုမူ ဖမ်းမိခဲ့ခြင်းမရှိပေ။ ယင်းဖမ်းမိသူများကို မြစ်ကြီးနား အကျဉ်းထောင်တွင် ထိန်းသိမ်းထားပြီး ရုံးထုတ်စစ်ဆေး နေဆဲဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။