Tuesday, May 26, 2015

တပ်မတော်နှင့် ကေအိုင်အေတို့ မန်စီမြို့နယ်အတွင်း ပြင်းထန်သော တိုက်ပွဲများ ဆက်လက်ဖြစ်ပွား

(Eleven Media Group)

တပ်မတော်နှင့် ကေအိုင်အေတို့ မန်စီမြို့နယ်အတွင်း ပြင်းထန်သောတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ကချင်ပြည်နယ်အခြေစိုက် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဝင်များက The Daily Eleven သတင်းစာသို့ မေ ၂၅ ရက်တွင် ပြောကြားသည်။

မေ ၂၄ ရက်တွင် တပ်မတော်နှင့် ကေအိုင်အေတို့ နန့်လင်းပါကျေးရွာအနီးနှင့် မဂျယန်ကျေးရွာအနီးတွင် နံနက် ၉ နာရီခွဲ ၀န်းကျင်မှ ညနေ ၃ နာရီခွဲအထိ ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အစိုးရတပ်မတော်နှင့် ကေအိုင်အေတို့ ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်း ယခုမေ ၅ ရက်မှ စတင်ကာ သစ်မှောင်ခိုကိစ္စ အကြောင်းပြု၍ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

ယင်းပစ်ခတ်မှုများ ရှိစဉ်အတွင်း တပ်မတော်မှလေယာဉ်ဖြင့် ပစ်ခတ်မှုများ ပါရှိခဲ့ပြီး နှစ်ဖက်ထိခိုက်ဒဏ်ရာနှင့် ကျဆုံးမှုများလည်း ရှိခဲ့ကြောင်း ကေအိုင်အေနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းက ဆိုသည်။

မြောက်ပိုင်းတိုင်း စစ်ဆင်ရေးဌာနမှ အကြီးတန်း စစ်ဆင်ရေးအရာရှိတစ်ဦးက “မနေ့က ဖြစ်တာလည်း နန်လင်းပါကျေးရွာ အနီးမှာပါပဲ။ နယ်မြေရှင်းလင်းရင်း ဖြစ်တာပါ။ ဟိုဘက်ဒီဘက် အကျအဆုံးတော့ မပြောတတ်တော့ဘူး။ သစ်တင်ကားတွေ၊ သစ်တွေလည်း ဖမ်းမိထားတာ ရှိပါတယ်။ မေ ၅ ရက်ကတည်းက ကျွန်တော်တို့ စဖမ်းနေတာပါ။ ကျွန်းသစ်အများစု အပါအ၀င် တန် ၂၀၀ ကျော်လောက် ရှိမှာပါ။ တရားမ၀င်သစ်တွေနဲ့ ပတ်သက်ပြီး ရှင်းလင်းနေတဲ့ ကာလပတ်လုံး၊ သစ်တွေနဲ့ ပါဝင်ပတ်သက်မှု ရှိနေသမျှ ကာလပတ်လုံး ရှင်းလင်းမှု လုပ်နေရင် ဒီလိုမျိုး ဖြစ်နေမှာပါပဲ။ သူတို့ ပါဝင်ပတ်သက်တာ ရှိတာ မရှိတာထက် ကျွန်တော်တို့ နယ်မြေရှင်းတယ်။ အဓိက သစ်ကိစ္စကြောင့်ပါ။ သူတို့ဘက်က ကာကွယ်ပစ်ခတ်တယ်။ ထိတွေ့မှုဖြစ်တယ်။ ပါဝင်ပတ်သက်မှု ရှိမရှိကတော့ စဉ်းစားကြည့်ပေါ့။ ကျွန်တော်တို့ကတော့ နိုင်ငံတော် သယံဇာတကို ကာကွယ်တာပဲလေ။ ကာကွယ်တာဖြစ်တဲ့အတွက် ရှိတဲ့နေရာ ရှင်းနေတာပဲ။ ကေအိုင်အေက ပါဝင်နေတယ်။ အဲဒီအပေါ်မှာ ဖြစ်နေတာ။ ကျန်တဲ့နေရာလဲ အဲဒီလို လုပ်နေတာပဲ။ ကာကွယ်တာ တားဆီးတာ လုပ်ရမှာပဲ။ အဲဒါ ကျွန်တော့်အပိုင်း မဟုတ်ဘူး။ အဲဒီဒေသ သွားကြည့်ပါ။ ကျွန်တော်တို့တွေ့တဲ့ ရောက်တဲ့နေရာမှာ မျက်စိပိတ်၊ နားပိတ်လုပ်လို့ မရဘူး။ ကျွန်တော်တို့က ကင်းထောက်မှုအရ ကောင်းကင်ဓာတ်ပုံတွေအရ သွားဖမ်းတာပဲ။ လေယာဉ်ကင်းထောက်မှုကတော့ လုပ်နေရဆဲပါ။ ထိတွေ့မှုတွေက ဖြစ်လာတာ ကြာခဲ့ပါပြီ” ဟု ပြောကြားသည်။

မေ ၂၄ ရက် ထိတွေ့မှုများကို ကေအိုင်အေ ပဋိပက္ခညှိနှိုင်းရေးအဖွဲ့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို စာ၊ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားခဲ့ပြီး မေလအတွင်း ပစ်ခတ်တိုက်ခိုက်မှုများကို မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC)နှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီသို့လည်း ဆက်သွယ်အကြောင်းကြား၊ စာပေးပို့မှုများ ရှိခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ ဦးလမိုင်ခွန်ဂျာက “မနေ့ တစ်နေ့လုံး မနက်ပိုင်း ၉ နာရီခွဲကနေ ညနေပိုင်း ၃ နာရီခွဲအထိ ဖြစ်တာလို့ သိရတယ်။ ဘာကြောင့်လဲဆိုတော့ တပ်မတော်ကလည်း သစ်သွားဖမ်းဖို့သွားတဲ့အချိန် ကေအိုင်အေကလည်း စစ်တပ် တပ်ရင်းနှစ်ရင်း၊ သုံးရင်း ၀င်လာတော့ သူတို့ကို တိုက်မယ်ဆိုတဲ့ စိုးရိမ်မှုနဲ့ ကာကွယ်တိုက်ခိုက်တဲ့ သဘောပါလို့ ပြောတယ်။ နှစ်ဖက်ကတော့ လက်နက်ကြီးငယ်တွေ သုံးကြတယ်လို့ သိရတယ်။ ထိခိုက်ကျဆုံးတယ်လို့ သိရပေမယ့်။ ဘယ်နှဦး ထိခိုက်ကျဆုံးတာလဲတော့ မသိရဘူး။ လွန်ခဲ့တဲ့ နှစ်ရက်၊ သုံးရက်ကလည်း လေယာဉ်နဲ့သွားတိုက်တယ်။ ဖြစ်နေတာကတော့ ကေအိုင်အေတပ်မဟာ (၃) လက်အောက်ခံရင်း (၁၂) နေရာမှာ ဖြစ်နေတာပါ။ မေလအတွင်းမှာ နန့်လင်းပါ အနီးမှာတော့ ရက်ခြား ဆက်တိုက်လိုဖြစ်နေတာ” ဟု ဆိုသည်။

တပ်မတော်နှင့် ကေအိုင်အေတို့ မေလအတွင်း မန်စီမြို့နယ် နန့်လင်းပါ ကျေးရွာအနီး တိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်မှုကြောင့် အစိုးရနှင့် ကေအိုင်အို ပဋိပက္ခညှိနှိုင်းရေး အဖွဲ့တို့ မေ ၂၁ ရက်က မြစ်ကြီးနားမြို့ ကေအိုင်အိုဆက်ဆံရေးရုံးတွင် တွေ့ဆုံခဲ့ကြပြီး တပ်မတော်ဘက်မှ နိုင်ငံတော်သယံဇာတများကို ကာကွယ်ခြင်းဖြစ်ပြီး ကေအိုင်အေမှ တပ်မတော်တပ်ရင်းများ အလုံးအရင်းဖြင့် တက်လာမှုကြောင့် တပ်ရင်းဒေသများကို လာတိုက်မည့်ပုံစံ ရှိနေသည့်အတွက် တိုက်ရခြင်းဖြစ်ကြောင်း၊ နှစ်ဖက်ရှောင်ရှားနိုင်မည့် နည်းလမ်းများကို ရွေးချယ်နိုင်ခြင်း မရှိခဲ့ကြောင်း၊ ဆက်လက်ပစ်ခတ်မှုများ ဖြစ်နေပါက အပစ်အခတ်ရပ်စဲရေးကိုပါ ထိခိုက်နိုင်ကြောင်း ဦးလမိုင်ခွန်ဂျာက ဆိုသည်။

၎င်းက “မေ ၂၁ ရက်ကလည်း နန့်လင်းပါကိစ္စနဲ့ ပတ်သက်ပြီး နှစ်ဖက်ပဋိပက္ခဖြေရှင်းရေးအဖွဲ့ တွေ့ကြပါတယ်။ အခုချိန်မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မူကြမ်းဆွဲပြီး ဇွန်လဆန်းပိုင်းမှာ တိုင်းရင်းသားခေါင်းဆောင်တွေ တွေ့ဆုံပွဲလုပ်တော့မယ်။ အခုလို ပစ်နေတာကတော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ထိခိုက်နိုင်တယ်လို့ မြင်ပါတယ်။ တစ်ဖက်နဲ့ တစ်ဖက်က ညှိညှိနှိုင်းနှိုင်း ထိန်းထိန်းသိမ်းသိမ်း လုပ်သင့်တယ်လို့ တင်ပြတယ်။ ဒီလိုသာ ဆက်ဖြစ်နေရင် ယုံကြည်မှု တည်ဆောက်ရခက်ပြီး အပစ်အခတ်ရပ်စဲရေး စာချုပ်တွေအထိပါ ထိခိုက်နိုင်ပါတယ်။ သစ်ကိစ္စနဲ့ ပတ်သက်ပြီး ပဋိပက္ခညှိနှိုင်းရေး ဆွေးနွေးပွဲမှာ အကြီးအကျယ် ဆွေးနွေးခဲ့တာ မရှိဘူး။ သူတို့က ကေအိုင်အေကို တိုက်ဖို့သွားတာ မဟုတ်ဘူး။ သစ်ဖမ်းဖို့သွားတာလို့ တစ်ချိန်လုံး ပြောနေတာပါ။ တပ်ဘက်ကလည်း သွားဖမ်းမယ်ဆိုရင် အကြောင်းကြား၊ ကေအိုင်အေကလည်း ဖမ်းမယ့်နေရာကနေ ရှောင်ရှားရင်ကောင်းမယ်လို့ အကြံပြုထားတာ ရှိပါတယ်။ တပ်မတော်ကတော့ နိုင်ငံပိုင် သယံဇာတတွေ ပြည်တွင်းကနေ မထွက်အောင် တားဆီးလို့ပြောပြီး ကေအိုင်အေကလည်း သူတို့နေရာကို တပ်ရင်း သုံး၊ လေးခု တက်လာတော့ တပ်ရင်းတွေကို လာတိုက်မယ့် ပုံစံရှိနေတော့ စိုးရိမ်လို့ တိုက်ရတာပါ။ ဒါကို ဆက်လက်ပြီးမဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာ အဖြေပေးတာ မရှိဘူး” ဟု ပြောကြားသည်။

တပ်မတော်နှင့် ကေအိုင်အေတို့သည် ၂၀၁၂ ခုနှစ်မှ စတင်ကာ မန်စီမြို့နယ်အတွင်း သစ်ကိစ္စ အကြောင်းပြု၍ ပွင့်လင်းရာသီရောက်ချိန်တိုင်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် တိုက်ပွဲများ၊ ပစ်ခတ်မှုများ  လနှင့်ချီ ဖြစ်ခဲ့ပြီး သစ်တန်ပေါင်း ၄၀၀၀ ကျော် ဖမ်းမိခဲ့သော်လည်း ပါဝင်ပတ်သက်သူများကိုမူ ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ၂၀၁၁ ခုနှစ် နောက်ပိုင်းတွင် အစိုးရတပ်နှင့် ကေအိုင်အေတို့ တိုက်ပွဲများဖြစ်လာပြီးနောက် တရုတ်နိုင်ငံသို့ သစ်မှောင်ခို ခိုးထုတ်မှု နေရာအနှံ့ ဖြစ်ပေါ်ခဲ့ပြီး လက်နက်ကိုင် အဖွဲ့အစည်းများ၊ အစိုးရ၀န်ထမ်းများနှင့် အောက်ခြေပြည်သူလူထုအချို့ ပါဝင်ပတ်သက်ခဲ့ကြောင်း သိရသည်။

၂၀၁၅ ခုနှစ်တွင် တရုတ်နိုင်ငံသား သစ်ခိုးထုတ် မှောင်ခိုဂိုဏ်းတစ်ခုကို ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်၊ ကန်ပိုင်တည်မြို့နယ်၊ ဆဒုံးမြို့နယ်များတွင် ၁၄၉ ဦး၊ ကားအစီးရေ ၄၀၀ ကျော်နှင့် တခြားယာဉ်ကြီးများ ဖမ်းမိခဲ့သော်လည်း သစ်ခိုးဂိုဏ်း သူဌေးများကိုမူ ဖမ်းမိခဲ့ခြင်း မရှိပေ။ ယင်းဖမ်းမိသူများကို မြစ်ကြီးနား အကျဉ်းထောင်တွင် ထိန်းသိမ်းထားပြီး ရုံးထုတ်စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။ 

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။