Thursday, April 30, 2015

ပန်ဆန်း ဆွေးနွေးပွဲရလဒ် ဘယ်လောက် သက်ရောက်မည်လဲ

(Mizzima)

ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့၏ ဆွေးနွေးပွဲကို မေ ၁ ရက်မှ ၃ ရက်အထိ ကျင်းပတော့မည်ဖြစ်သည်။ "ဝ" ပြည် သွေးစည်းညီညွတ်ရေး ပါတီ UWSP က ကမကထပြုကာ ဆွေးနွေးကြမည့် ဆွေးနွေးပွဲလည်း ဖြစ်သည်။
          UWSP က ဖိတ်ကြားထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ရှိပြီး ထိုအဖွဲ့များကို လေ့လာကြည့်ပါက လတ်တလောတွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည့် အဖွဲ့များ ပါဝင်သည်ကို တွေ့ရှိရသည်။ အခြားအဖွဲ့များမှာ သြဇာကြီးပြီး အင်အားတောင့်တင်းသည့် လက်နက်ကိုင် တပ်ဖွဲ့များဖြစ်သည်။

          ဖိတ်ကြားခံရသည့် အဖွဲ့များတွင် ရက္ခိုင့်တပ်မတော်(AA)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) တို့သည် လတ်တလောတွင် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်နေသည့် အဖွဲ့များဖြစ်သည်။
          ရခိုင်ပြည်နယ်တွင်း တိုက်ပွဲများဖြစ်ပေါ်နေမှုကို တပ်မတော်ပိုင် သတင်းစာဖြစ်သည့် မြဝတီက ဖေါ်ပြရာတွင် ရက္ခိုင့်တပ်မတော်(AA)ကို သောင်းကျန်းသူဟု သုံးနှုန်းထားပြီး ထိုအသုံးအနှုန်းပေါ် ကန့်ကွက်မှုများလည်း ရှိနေသည်။
          ကိုးကန့်အဖွဲ့ဟု ခေါ်ဆိုသည့်  မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) နှင့်လည်း တိုက်ပွဲများ အပြင်းအထန် ဖြစ်ပေါ်နေသည်။ အစိုးရအရာရှိများက MNDAA နှင့် မဆွေးနွေးနိုင်၊ ယင်းတို့သည် သောင်းကျန်းသူများဟု ထပ်တလဲလဲ သုံးနှုန်းခဲ့ကြသည်ကိုလည်း တွေ့မြင်ရမည်ဖြစ်သည်။
          သို့ဆိုလျှင် ပန်ဆန်းဆွေးနွေးပွဲရလဒ်သည် အစိုးရအပေါ် မည်မျှသက်ရောက်မှုရှိနိုင်မည်လဲ ဆန်းစစ်စရာဖြစ်သည်။ ဆွေးနွေးပွဲကို ကမကထ လုပ်ဆွေးနွေးသည့် UWSP ကကော အဆိုပါ တိုင်းရင်းသား လက်နက်ကိုင်များအပေါ် ငြိမ်းချမ်းရေးလမ်းစ မည်မျှဖွင့်ပေးနိုင်မည်နည်း။
          လွန်ခဲ့သည့် လေးနှစ်ကာလ ရွေးကောက်ပွဲအပြီး ၂၀၁၁ ခုနှစ်တွင် မြန်မာပြည်အထက်ပိုင်း ကချင်ဒေသမှ စတင်ပေါ်ထွက်လာသည့် သေနတ်သံများသည် ယနေ့ အချိန်တွင် မြန်မာပြည်အောက်ပိုင်း ရခိုင်ဒေသအထိ ပြန့်နှံ့ရောက်ရှိလာခဲ့ပြီဖြစ်သည်။
          ယခုတစ်ဖန် ၂၀၁၅ ရွေးကောက်ပွဲ နီးလာချိန်တွင်ကော ထိုသေနတ်သံများ စဲနိုင်ပါမည်လား။ ပြည်သူလူထု အများစုကမူ ငြိမ်းချမ်းရေးအတွက် အမျှော်လင့်ကြီး မျှော်လင့်နေကြသည်ကို သတိချပ်ကြရန် ဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။