Monday, March 16, 2015

KIO ကိုယ်စားလှယ်များ UPWC ဥက္ကဌ နဲ့ဆွေးနွေး

(RFA)

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော် မတီ UPWC ဥက္ကဌ ဒေါက်တာ စိုင်းမောက်ခမ်းနဲ့ ကချင် လွတ်မြောက်ရေးအဖွဲ့ KIO ကိုယ်စားလှယ်တွေဟာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ရဖို့ အတွက် နှစ်ဖက်သဘောထားတွေကို ဒီနေ့ နေပြည်တော် မှာ ဆွေနွေးကြပါတယ်။
လာမယ့် ၁၇ ရက်နေ့မှာ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ NCCT အဖွဲ့တို့ ရန်ကုန်မှာ ၇ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှာ ဖြစ် ပါတယ်။
အဲ့ဒီအစည်းအဝေးမှာ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ရဖို့ ဆွေးနွေးကြမှာ ဖြစ်တာကြောင့် ဒီတကြိမ်မှာ အားလုံးက အောင်မြင်အောင် ဆွေးနွေးသွားနိုင်ဖို့ အကြိုသဘောမျိုး တွေ့ဆုံတာဖြစ်တယ်လို့ KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောပါတယ်။

"ကျနော်တို့ ဆက်လက်ပြီးအောင်မြင်အောင်ဘယ်လိုလုပ်ဆောင်ကြမလဲဆိုတာကို အဓိကထားပြီး ကျနော်တို့ သဘောထားခြင်းဖလှယ်တာဖြစ်ပါတယ်၊ သဘောတူညီချက် အနေနဲ့ကတော့ အချက်အလက်ပေါ်မှာမဟုတ် ပဲနဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ဟာ အောင်မြင်ဖို့လိုအပ်တယ်၊ နှစ်ဖက် လုံးအောင်မြင်အောင် ကြိုးစားကြမယ် ဆိုတဲ့ရည်ရွယ်ချက်နဲ့ သဘောထားကိုဖလှယ်ကြတာဖြစ်ပါတယ်၊ ကျနော်တို့ကတော့ အခေါက်တိုင်းမှာအောင်မြင်အောင်ရော၊ ပြီးတော့ကျနော်တို့နိုင်ငံမှာဖြစ်နေ တဲ့အခြေအနေတွေနဲ့ အခုရွေးကောက်ပွဲအခြေအနေတွေမှာ အောင်မြင်အောင်ကြိုးစား ကြမယ်ဆိုတဲ့ သဘောထားရှိပါတယ် "
UPWC က ဒုတိယဥက္ကဌ ဦးအောင်မင်းကလည်း KIO အနေနဲ့ လာမယ့် ၁၇ ရက်နေ့မှာ ပြုလုပ်မယ့် UPWC နဲ့ NCCT တို့ရဲ့ အစည်းအဝေးမှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးနိုင်ဖို့အတွက် ကြိုးစားသွားမယ်ဆိုတဲ့ သဘောထားကို ဆွေးနွေးခဲ့ကြောင်းပြောပါတယ်။
" NCCT အစည်းအဝေးပေါ့ဗျာ၊ အဲ့ဒါအသွားမှာဒီကိုဝင်လာတာပေါ့၊ ဝင်လာတဲ့အခါမှာလဲ အဲ့ဒီအစည်းအဝေး ကို အောင်မြင်အောင်လုပ်မယ်လို့ ဂတိပေးထားတယ်၊ ခင်ဗျားတို့ ပြန်ကြည့်လိုက်ဗျာ၊ KIO ရဲ့ပြည်ထောင် စုနေ့ သဘောထားထုတ်ပြန်ချက်ထဲမှာ အဲ့ဒါတွေအကုန်ပါပြီးသား အဲ့သဘောထားတွေကို ဒီတိုင်းပဲဆက် သွားမယ်ဆိုတာကို ဒီမှာလာပြီးလူကြီးတွေကို ရှင်းလင်းပြတာပါ  "
ဒါ့အပြင် KIO အဖွဲ့အနေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ လည်းတွေ့ဆုံဆွေးနွေး လိုကြောင်းလည်း ဗိုလ်ချုပ်ဂွမ်မော် က ပြောပါတယ်။
ဒီနေ့ ဆွေးနွေးပွဲကို ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ ဥက္ကဌ  ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ၊ ဒုတိယဥက္ကဌတွေဖြစ်တဲ့ ဦးအောင်မင်း ၊ဦးသိန်းဇော်နဲ့ ပြည်ထောင်စုဝန်ကြီး တွေတက်ရောက်ခဲ့ကြပြီး KIO ဘက်က ဒေါက်တာလာဂျာ ၊ ဦးဆွမ်းလွတ်ဂမ် ၊ ဗိုလ်ချုပ်ဂွမ်မော်၊ ဗိုလ် မှူးကြီးလဖိုင်လ စတဲ့ကိုယ်စားလှယ်ရှစ်ဦး တက်ရောက်ကြပါတယ်။
အဲ့ဒီ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ကေအိုင်အို ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ဦးဆန်းအောင်ကို RFA သတင်းထောက် မဝေယံမိုးမြင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

အသံဖိုင် နားထောင်ရန် (Click)

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။