Friday, March 20, 2015

အီးယူအဖွဲ့ဝင်နိုင်ငံမှ ကိုယ်စားလှယ်များ ကချင်သို့ သွားရောက်

(Mizzima)

ဘယ်လ်ဂျီယမ်၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ပိုလန်၊ ယူကေနှင့် အီးယူ ကိုယ်စားလှယ်အဖွဲ့တို့သည် ကချင်ပြည်နယ်သို့ သုံးရက်ကြာ ခရီးစဉ်တစ်ခု သွားရောက်ခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ရှေ့လာမည့် အထွေထွေရွေးကောက်ပွဲများ အကြောင်းတို့ကို အဓိကဆွေးနွေးခဲ့သည်ဟု အီးယူက မတ် ၁၉ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

အီးယူကိုယ်စားလှယ်များသည် ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ၎င်း၏အစိုးရအဖွဲ့၊ ကေအိုင်အို၊ ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်၊ ကချင်ပြည်နယ်အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် ဘာသာရေး အခြေပြုအဖွဲ့အစည်းများ၊ ကချင်စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံတကာအကျိုးအမြတ် မယူသည့် အဖွဲ့အစည်းများအပြင် ကချင်ပြည်နယ်တွင် လှုပ်ရှားနေသော လူမျိုးစုအခြေပြုနိုင်ငံရေး ပါတီများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသည့်ဒုက္ခသည် ၂,၂၀၀ ကျော်ကို လက်ခံထားရှိသည့် Maina KBC စခန်းသို့လည်း သွားရောက်ခဲ့ကြသည်။

လက်နက်ကိုင်ပဋိပက္ခတွင် အရပ်သားများကို ကာကွယ်ရေး၊ လိုအပ်ချက်ရှိသူများ၊အိမ်ပြန်လိုသူများထံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ သွားရောက်ပေးပို့မှု မြင့်တင်နိုင်ရေးအတွက်လည်း အီးယူ ကိုယ်စားလှယ်များက အလေးအနက်ထား ပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
ကိုးကန့်ဒေသတွင် လက်ရှိဖြစ်ပေါ်နေသည့်တိုက်ပွဲများကြောင့် ရိုက်ခတ်လာနိုင်မှုများအပြင် ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့် အခြားပြဿနာများကိုလည်း ဆွေးနွေးခဲ့သည်ဟု ဖော်ပြထားသည်။
မကြာသေးမီက သမ္မတ၊ ကာကွယ်ရေးဦးစီချုပ်နှင့် ကေအိုင်အိုခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှုကို ကြိုဆိုကြောင်း ၎င်းသည် အားတက်ဖွယ် ဖြစ်ထွန်းမှုဟု အီးယူမစ်ရှင်အကြီးအကဲများက ယူဆသည်ဟုလည်း သတင်းထုတ်ပြန်ထားသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ရွေးကောက်ပွဲများကူညီထောက်ပံ့ရေးတို့တွင် စေ့စပ်ညှိနှိုင်းမှုမှတစ်ဆင့် မြန်မာနိုင်ငံကို အကူအညီပေးရန် အီးယူက ကတိပြုထားသည်ဟု ဆိုသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။