Monday, February 23, 2015

ကိုးကန့်ဒေသ စစ်ပွဲမှာ မပါဘူးလို့ UWSA ငြင်းဆို

(RFA)

ရှမ်းပြည်မြောက်ပိုင်း ကိုးကန့် ဒေသအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ  UWSA ၀ပြည် သွေးစည်းညီညွတ်ရေး အဖွဲ့ရဲ့ တပ်ဖွဲ့တွေ ပါဝင်ခြင်းမရှိပဲ  UWSA အနေနဲ့ ဒီ စစ်ပွဲတွေမှာ ကြားနေရပ်တည်သွားမှာဖြစ်တယ်လို့ UWSA ပြောရေးဆိုခွင့်ရှိသူက RFA ကို ပြောပါတယ်။

မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ တိုက်ပွဲတွေမှာ  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ် တဲ့ KIA ၊ TNLA ၊ UWSA ၊ မိုင်းလား နဲ့ SSA/SSPP အဖွဲ့ တို့ကကိုးကန့်အဖွဲ့နဲ့အတူပူးပေါင်းတိုက်ခိုက်နေ တာဖြစ်ကြောင်းကာကွယ်ရေး ၀န်ကြီးဌာနအရာရှိတွေက သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။


ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး UWSA ၀ပြည်သွေးစည်း ညီညွတ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က ငြင်းဆိုပါတယ်။

"ကျနော်တို့ရဲ့ရပ်တည်ချက်မူကတော့ မထောက်ခံဘူး၊ အားမပေးဘူး၊ ကူညီမှုမပေးဘူး၊ ဒီသဘောရှိတယ်၊ ဒါကတော့ထုတ်ပြန်ကြေညာချက်ထဲမှာလဲ ထုတ်ပြန်ပြီးပြီလေ၊ နောက်တစ်ခုကတော့ ဝ သေနတ်ပါတယ် ဆိုတာနဲ့ပတ်သက်ပြီးတော့ရုပ်ဝတ္တုလေး ကိုကြည့်ပြီးတော့ဆုံးဖြတ်ချက်ချတာကတော့ မှန်သလား၊ မှားသ လားဆိုတာမသိဘူး ပေါ့ဗျာ၊ ဒါကတော့ ခွဲခြမ်းစိတ်ဖြာရမှာပေါ့"

သတင်းစာရှင်းပွဲမှာ ကိုးကန့်အဖွှဲ့ထံက ဖမ်းဆီးရမိတဲ့ သေနတ်များဟာ  UWSA လက်နက်စက်ရုံကထုတ်တဲ့ သေနတ် များဖြစ်တယ် ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ဒီကိစ္စဟာ စီးပွားရေးသမားများရဲ့ လုပ်ဆောင်ချက်ဖြစ်တယ် လို့ ပြောပါတယ်။ စက်ရုံကလက်နက်တွေ ခိုးရောင်းတာမျိုး ဖြစ်နိုင်တယ်လို့ ဦးအောင်မြင့် က ပြောပါတယ်။

မိုင်းလား အဖွဲ့ကလည်း ကိုးကန့်တပ်ဖွဲ့ကို ကူညီခြင်းမရှိဘူးလို့ ပြောနေပေမဲ့ ဖုံကြားရှင်ဟာ လောလောဆယ်မှာ သားမက်တော်သူ မိုင်းလား အဖွဲ့က ခေါင်းဆောင် ဦးစိုင်းလင်းနဲ့ အတူ မိုင်းလားမှာ နေထိုင်လျက်ရှိတယ်လို့ ပြော ပါတယ်။

ကိုးကန့်နယ်က စစ်ပွဲနဲ့ပတ်သက်ပြီး KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့နဲ့ SSA/SSPP ရှမ်းပြည်တပ်မတော် ကလည်း သူတို့ ပါဝင်ခြင်းမရှိကြောင်း ငြင်းဆိုထား ပြီးဖြစ်ပါတယ်။

UWSA ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

အသံဖိုင်နားထောင်ရန် (Click)

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။