Thursday, February 19, 2015

မြန်မာနိုင်ငံကို အင်အားကြီးနိုင်ငံတို့၏ ပါဝါဂိမ်း ကစားရာ စစ်တလင်း အဖြစ်မခံသင့် - Tomorrow သတင်းအဖွဲ့

http://www.tomorrow.com.mm/?q=articles/1455


မြန်မာနိုင်ငံတွင် နိုင်ငံရေး စီးပွားရေးများ အရွေ့ပြောင်းများစွာ ဖြစ်နေချိန်တွင် ၂၀၁၅ခုနှစ် နှစ်စပိုင်းမှာပင် တရုတ်-မြန်မာ နယ်စပ် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် နှစ်ပေါင်းများစွာ ငြိမ်သက်နေခဲ့သော တိုက်ပွဲကြီးများ ထူးဆန်းစွာ ပြန်လည်ဖြစ်ပွားခဲ့သည်။

ယင်းတိုက်ပွဲများမှာ ဖေဖော်ဝါရီ ၉ ရက်နေ့မှ စတင်ကာ အစိုးရတပ်များနှင့် ကိုးကန့် တိမ်းရှောင် အဖွဲ့များ  ဖြစ်ပွားခဲ့သည့် တိုက်ပွဲများဖြစ်ကာ လက်ရှိအချိန်တွင် လောက်ကိုင်မြို့အား အစိုးရမှ ပုဒ်မ ၁၄၄ကို ထုတ်ပြန်ကာ ဒေသခံ ပြည်သူများအား လားရှိုး၊ မန္တလေးနှင့် တိုက်ပွဲများနှင့် ကင်းလွတ်ရာ နေရာဒေသ အသီးသီးသို့ ပြောင်းရွှေ့ပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် လောက်ကိုင်မြို့မှ အစိုးရ၀န်ထမ်းများအပြင် နယ်ပယ်ဒေသ အသီးသီးမှ လာရောက် အလုပ်လုပ်ကိုင် လျက်ရှိသော ပြည်သူများနှင့် လောက်ကိုင်ခရိုင်မှ ပညာရေး ၀န်ထမ်း သုံးရာခန့်တို့ကိုလည်း ဖေဖော်ဝါရီလ ၁၂ ရက်က  လားရှိုးမြို့ရှိ အမှတ် ၁ အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ နေရာချထားကာ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် လက်ရှိတွင် လောက်ကိုင်မြို့အား အစိုးရဘက်မှ လျှပ်စစ်မီးများ ဖြတ်တောက်မှုများ ပြုလုပ်သည့်အပြင် တရုတ်နိုင်ငံ ဘက်မှလည်း  ၄င်းတို့ လျှပ်စစ်မီးများ ပေးထားသည့် ဒေသများအား လျှပ်စစ်မီး ဖြတ်တောက်မှုများ ပြုလုပ်ထားကြောင်း သိရသည်။

လောက်ကိုင်မှ တရုတ် လုပ်ငန်းရှင်များ တရုတ်ပြည်မသို့  တိမ်းရှောင်ကာ မြန်မာအလုပ်သမားများ နေရပ်သို့ ပြန်လာကြရ

“ကျွန်တော်က တိုက်ပွဲမဖြစ်ခင် တစ်ပတ်လောက် ကတည်းက လောက်ကိုင်ကို ရောက်နေတာပါ။ အဲဒီမှာ ကြံခုတ်တဲ့ အလုပ်ကို လုပ်ပါတယ်။ တစ်ရက်ကို တစ်သောင်းနီးပါးလောက်ရတဲ့ အတွက် သွားလုပ်တာပါ။ ဒါပေမယ့် အခုတိုက်ပွဲတွေ ဖြစ်တဲ့အခါကျတော့ ကျွန်တော်တို့ အလုပ်ရှင် သူဌေးလည်း ပြည်မကြီးဘက်ကို ထွက်သွားပြီး၊ ကျွန်တော်တို့ကိုလည်း ပြန်ကြတော့လို့ ပြောတယ်။ တိုက်ပွဲတွေက တအားပြင်းထန်တဲ့ အတွက် ချက်ခြင်းပြန်လို့ မရသေးဘူး။ ကြံခင်းထဲမှာ နေရတယ်။ ထမင်းချက်စားရင်တောင် မီးခိုး မထွက်ရဲဘူး။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တောက်လျောက်ကို နှစ်ဘက် ပစ်ခတ်နေကြလို့။ အခုဆို  အစိုးရဘက်က လောက်ကိုင်မြို့ကနေ ထွက်ဖို့အတွက် ပြောထားတယ်။ အစိုးရက လိုက်မခေါ်ဘူး။ လောက်ကိုင်မြို့အထိ လာခိုင်းတယ်။ လောက်ကိုင်မြို့က တဆင့် လားရှိုးတို့ မန္တလေးတို့ကို ကားတွေနဲ့ ပို့ပေးတယ်။ စစ်ဘေး တိမ်းရှောင်တဲ့သူတွေ ဘယ်လောက်အထိရှိလဲဆိုရင် ကျွန်တော်ပြန်လာတဲ့ အချိန်မှာ မြင်ရတာ ခန့်မှန်းခြေဆို သုံးထောင်နီးပါးလောက် ရှိတယ်”ဟု လောက်ကိုင်မြို့ ကြံစိုက်ခင်းတွင် ကြံခုတ်လုပ်ငန်း သွားရောက် လုပ်ကိုင်ခဲ့သူ ကိုကျော်မျိုးနိုင်က Tomorrowသို့ ပြောကြားခဲ့သည်။

ယင်းအပြင် လောက်ကိုင်မြို့ရှိ ကြံစိုက်ခင်းတွင် သွားရောက် အလုပ်လုပ်ကိုင်ခဲ့ပြီး စစ်တိမ်းရှောင်ရန် ပြန်လည် ရောက်ရှိလာသော အင်္ဂပူမြို့နယ်တွင် နေထိုင်သူ တစ်ဦးကလည်း “ကျွန်တော်တို့ တွေ့တာကတော့ အခုအစိုးရနဲ့ တိုက်နေတဲ့ ကိုးကန့်အဖွဲ့တွေက အဲဒီမှာနေတာ ကြာပြီ၊ တိုက်ပွဲ မဖြစ်ခင် လေးငါးရက်လောက် ကတည်းက အဲဒီမှာ တရုတ်တွေကို တွေ့ရတယ်။ တိုက်ပွဲတွေဖြစ်တော့ သူဌေးကပြန်ဖို့ ပြောတဲ့အခါမှာ ဘယ်ကနေ ဘယ်လိုရောက်လာမှန်း မသိတဲ့ တရုတ်တွေကို ထပ်တွေ့ရတယ်”ဟု Tomorrowသို့ ပြောကြားခဲ့သည်။

အစိုးရသစ်နှင့် မငြိမ်းသော ပဋိပက္ဓများ

မြန်မာနိုင်ငံကို နှစ်ပေါင်း ၂၀ ကျော် စစ်အာဏာရှင်များ အုပ်ချုပ်ပြီး နောက်ပိုင်း ၂၀၁၀ ခုနှစ်မှ စတင်ကာ အထွေထွေ ရွေးကောက်ပွဲများ ပြုလုပ်ခဲ့ပြီး၊ ဒီမိုကရေစီ လမ်းစဉ်သို့ ကူးပြောင်း လာခဲ့သည်။ ထိုသို့  ဒီမိုကရေစီ လမ်းစဉ်သို့ ကူးပြောင်းရာ တစ်လျှောက်တွင်လည်း ၂၀၁၀ ခုနှစ်မှ စတင်ကာ ၂၀၁၄ ခုနှစ်အထိ မြစ်စုံစီမံကိန်း ပဋိပက္ခများ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခများ ဖြစ်ပွားမှုများ ရှိခဲ့သလို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ (UPWC)မှလည်း အပစ်အခတ် ရပ်စဲရေးမှတဆင့် ငြိမ်းချမ်းရေး လမ်းစဉ်သို့သွားရာ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ပြုလုပ်လျက် ရှိနေသည်။

ထိုသို့ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း ပြည်တွင်းစစ်သည် နှစ်ပေါင်း ၆၀ကျော် ဖြစ်ပွားလာခဲ့သည့် အတွက် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးမှုအား အပြီးသတ် လက်မှတ်ရေးထိုးမှုများ ပြုလုပ်နိုင်ခြင်း မရှိသေးပေ။

မြန်မာအစိုးရကို စစ်ရေးအရ တိုက်ခိုက်မည်ဟု ဖုန်ကြားရှင် တရားဝင်ပြောကြား

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ တောင်းဆိုမှုများ ပြင်းထန်လာချိန်တွင် ယခင် တပ်မတော် ထောက်လှမ်းရေးမှူး ဗိုလ်ချုပ်ကြီး ခင်ညွှန့်နှင့် ငြိမ်းချမ်းရေး ရယူခဲ့သည့် ကိုးကန့် ခေါင်းဆောင် တစ်ဦးဖြစ်သူ ဖုန်ကြားရှင်မှ ယင်း၏ ကိုးကန့် လက်နက်ကိုင် အဖွဲ့နှင့် အဓိက မဟာမိတ်အဖွဲ့ တစ်ခုဖြစ်သော ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့အပေါ် မြန်မာ့ တပ်မတော်မှ တိုက်ခိုက်နေသည်ကို လက်မခံနိုင်၍ မြန်မာ အစိုးရကို စစ်ရေးအရ တိုက်ခိုက်ရန် မြန်မာ နိုင်ငံ အတွင်းသို့ ပြန်လည် ရောက်ရှိလာပြီ ဖြစ်ကြောင်း ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းက တရုတ် အခြေစိုက် သတင်းဌာန တစ်ခုဖြစ်သော Globle Time သတင်းဌာနမှ သီးသန့်တွေ့ဆုံကာ အင်တာဗျူးခဲ့သည့် တွေ့ဆုံ မေးမြန်းခန်း တစ်ခုတွင် ဖြေကြားခဲ့သည်။

ဖုန်ကြားရှင်သည် စစ်ရေးအရ မြန်မာအစိုးရအား တိုက်ခိုက်ရန် ပြန်လာပြီဖြစ်ကြောင်း ပြောကြား ပြီးသည့် နောက်ပိုင်း ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၁၄ ရက်တွင် ပန်ဆိုင်း၊ ကြူကုတ်မှ ပြန်လာသော တပ်မတော် ယာဉ်တန်းအား ကိုးကန့် သောင်းကျန်းသူများ အဖွဲ့မှ ဆွဲမိုင်းခွဲ တိုက်ခိုက်မှုနှင့် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ရက်နေ့တွင် အစိုးရတပ်နှင့် ကိုးကန့် တိမ်းရှောင် အဖွဲ့များသည် တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့သည်။

တိုက်ပွဲများ ပြင်းထန်လာ

ထိုသို့ တိုက်ပွဲများ ဖြစ်ပွားရာတွင် အစိုးရဘက်မှ သတင်းထုတ်ပြန်မှုများသည် သာမန်အဆင့် တိုက်ပွဲငယ် ပုံစံဖြင့်သာ သတင်း ထုတ်ပြန်ခဲ့သော်လည်း ကိုးကန့် တိမ်းရှောင် အဖွဲ့၏ အင်အား စာရင်းများအား ထုတ်ပြန်ရာတွင် အင်အား တစ်ထောင်ခန့်ရှိပြီး၊  ၄င်းကိုးကန့် တိမ်းရှောင် တပ်ဖွဲ့ဝင်များသည် တာရွှေထန်နှင့် ၁၈မိုင် လမ်းဆုံ အနီးမှ ကြိုတင် စိမ့်ဝင်ကာ ရောက်ရှိလာသူများ ဖြစ်ကြောင်း ၄င်းတပ်ဖွဲ့ဝင်များသည် ယူနီဖောင်း အသစ်များ ၀တ်ဆင်ထားကာ ခရီးဝေးမှ လာရောက်ဟန် မရှိဘဲ လန်းဆန်းသည့် အသွင်သဏ္ဍာန်များ ရှိနေခြင်းနှင့်   လျှင်မြန်လွယ်ကူစွာ ရွှေ့ပြောင်းနိုင်ရေး၊ နယ်စပ်ဒေသ ကုန်သွယ်ရေးနှင့် ကုန်ထုတ်လုပ်မှု ပြုလုပ်ရန် ဖောက်လုပ်ရန် ပြုလုပ်ထားသော လမ်းများကို အသုံးပြု၍ အမျိုးအစား ကောင်းမွန်သော ယာဉ်ငယ်များနှင့် ရွှေ့ပြောင်း ဆောင်ရွက်ကြသည့်အပြင် ဒုံးပစ်လောင်ချာနှင့် လက်ပစ်ဗုံး အရေအတွက် များစွာကို သယ်ဆောင်နိုင်ကြောင်း လေယာဉ်ပစ် စက်သေနတ်ကြီးများကိုလည်း အဖွဲ့အားလုံးတွင် ဖြန့်ခွဲကာ အသုံးပြုနိုင်ရန်  ပြုလုပ်ထားပြီး၊ ၄င်းတပ်ဖွဲ့ဝင်များ၏ တိုက်ပွဲဝင်သည့် အနေအထားနှင့် လှုပ်ရှားမှုများသည် စနစ်တကျ ပြင်ဆင် လေ့ကျင့်ထားသူများဟုလည်း ထုတ်ပြန်ထားသည်။

တိုက်ပွဲများ ပြင်းထန်မှုကြောင့် မြန်မာ့တပ်မတော်ဘက်မှ စစ်သည်များ၏ ဇနီးများသည်လည်း ယင်းတိုက်ပွဲများတွင် ပါဝင်ခဲ့ရ

အဆိုပါ ကိုးကန့် တိမ်းရှောင် အဖွဲ့များနှင့် မြန်မာ့တပ်မတော်တို့သည် ဖေဖော်ဝါရီလ ၉ရက်နေ့မှ ဖေဖော်ရီလ ၁၂ရက်နေ့အထိ ထိတွေ့တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး၊ ယင်းသို့ တိုက်ပွဲများ ပြင်းထန်မှုကြောင့် မြန်မာ့ တပ်မတော်ဘက်မှ စစ်သည်များ သာမက စစ်သည်များ၏ ဇနီးများသည်လည်း ယင်းတိုက်ပွဲများတွင် ပါဝင်ခဲ့ရသည့်အပြင် လေကြောင်းပစ်ကူ အဖြစ်  K8 ဂျက်တိုက်လေယာဉ်၊ MiG 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် ငါးကြိမ်တိုင်တိုင် ပစ်ကူခဲ့ရပြီး၊ ယင်းဖေဖော်ရီ ၉ရက်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲဖြစ်စဉ်ပေါင်း ၁၃ကြိမ် ဖြစ်ပွားခဲ့ပြီး၊ အစိုးရတပ် ဘက်မှ အရာရှိ ၅ဦး၊ စစ်သည် ၄၂ဦး ကျဆုံးခဲ့ပြီး၊ အရာရှိ ၁၁ဦးနှင့် စစ်သည် ၆၂ဦး ဒဏ်ရာရရှိခဲ့သည့် အပြင် မော်တော်ယာဉ် ငါးစီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း အစိုးရဘက်မှ ထုတ်ပြန်ထားသည်။

ယင်းအပြင် ဖေဖော်ဝါရီလ ၁၁ ရက်တွင်လည်း ကိုးကန့် တိမ်းရှောင်အဖွဲ့မှ တပ်ဖွဲ့ဝင် အင်အားစုများသည် လောက်ကိုင် တပ်နယ်သို့ လည်းကောင်း၊ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ရုံးသို့ လည်းကောင်း ဆီအော့ အကျဉ်း ဦးစီးနှင့် ရန်လုံကျိုင်း ရဲစခန်းသို့ ၀င်ရောက် တိုက်ခိုက်မှုများကြောင့် မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ် တစ်ဦးနှင့်အတူ ကိုးကန့် ရဲတပ်ဖွဲ့ဝင် ၆ ဦးတို့ ကျဆုံးခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၁၂ ရက်တွင်လည်း ကိုးကန့်တိမ်းရှောင် အဖွဲ့များမှ လောက်ကိုင် တပ်နယ်ရှိ တပ်ရင်း၊ တပ်ဖွဲ့များ၊ ကုန်ကြမ်းရှိ တပ်ရင်း ဌာနချုပ်နှင့် ရန်လုံကျိုင်း မဆုတ်တမ်း ခံစစ် စခန်းများသို့ အနီးအဝေးမှ ပစ်ခတ်ခဲ့ရာ စစ်သည်တစ်ဦး ကျဆုံးခဲ့ကြောင်းနှင့် ဖေဖော်ဝါရီလ ၁၂ရက်နေ့ ထုတ်ပြန်ချက်များအရ တပ်မတော်သား ၄၇ ဦး၊ ဒဏ်ရာရသူ ၇၃ ဦးရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ နှစ်ခြမ်းကွဲမည့် အရေးမှ လက်မတင် လွတ်ခဲ့ရသည့် သမိုင်းကျဉ်း

၁၉၈၈ ခုနှစ်တွင် ပြည်တွင်း နိုင်ငံရေး အကျပ်အတည်းနှင့် အချိန်ကိုက်ယူပြီး နိုင်ငံတွင်းသို့ ကျူးကျော်ရန် ပြင်ဆင်ခဲ့သေးသော်လည်း တပ်မတော်မှာ နိုင်ငံတော်အာဏာ ထိန်းသိမ်းပြီး တရုတ်အစိုးရနှင့် ပြေလည်အောင် ဆောင်ရွက်နိုင်ခဲ့သည့် အတွက် အထက် မြန်မာနိုင်ငံနှင့် အောက်မြန်မာနိုင်ငံဟု နှစ်ပိုင်းကွဲမည့် ဘေးမှ ကင်းဝေးခဲ့သည်။ ထိုစဉ်က အတိုက်အခံများက အမေရိကန် အကူအညီဖြင့်သာ နိုင်ငံတော် အာဏာ ရယူခဲ့ပါက တရုတ်သည် လားရှိုးအထိ ဆင်းပြီး သိမ်းပိုက်ရန် ၀မ်တိန်တွင် လက်နက် အပြည့်အစုံ တပ်ဆင်ထားသော တရုတ်တပ် အင်အား သုံးသောင်းကျော်က အသင့်စောင့်ဆိုင်း စီစဉ်ထားပြီး ဖြစ်သည်။ ထိုစဉ်က လေတပ်ပိုင်းလော့ တစ်ဦးက လေယာဉ်ဖြင့် ကင်းထောက်ချိန်တွင် မြန်မာနိုင်ငံ အတွင်း ၀င်ရောက်ရန် တာစူနေသော အင်အား သောင်းချီသည့် တရုတ် စစ်တပ်ကြီးကို တွေ့ခဲ့ရသည်ဟု နောက်ပိုင်းတွင် ပြန်ပြော ပြသည်ကိုလည်း ကြားခဲ့ဖူးသည်။

မြန်မာနိုင်ငံက ဈေးကွက်စီးပွားရေး စနစ် ကျင့်သုံးမည်ဟု ကြေညာပြီး တရုတ် အစိုးရနှင့် ဆက်ဆံရေး ပြေလည်ချိန်တွင် စစ်အစိုးရကို တရုတ်က ထောက်ခံခဲ့သည်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် မြန်မာနိုင်ငံ အပေါ် အရေးယူရန် အဆိုတင်သွင်းတိုင်း တရုတ်က ဗီတိုအာဏာသုံး ပယ်ချခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံကို စီးပွားရေးအရ သိမ်းပိုက်ရန်နှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းတွင် မ၀င်ဆန့်သော မြန်မာနိုင်ငံအပေါ် အမြတ်ထုတ်ရန် မွေးထားသော ဗကပများကို သူကိုယ်တိုင် ၁၉၉၀တွင် သတ်ခဲ့သည်။ သို့ သော် ထိုနေရာတွင် တိုင်းရင်းသား လက်နက်ကိုင်များဖြင့် အစားထိုးပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေး အရွှေ့အပြောင်းကို ကြည့်နေခဲ့ခြင်း ဖြစ်သည်။ တစ်ချိန်တည်းတွင် မြန်မာနိုင်ငံ အတွင်း ကြေးနီသတ္တု စီမံကိန်း၊ ရေအားလျှပ်စစ် စီမံကိန်း၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်း၊ ရခိုင်မှ ရေနံနှင့် သဘာဝ ဓာတ်ငွေ့များကို တရုတ်ပြည်သို့ သွယ်တန်းမည့် ကျောက်ဖြူ-ကူမင်း သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းနှင့် ရထားလမ်း စီမံကိန်းများတွင် ဒေါ်လာ သန်းထောင်ချီပြီး ရင်းနှီး မြှုပ်နှံခဲ့သည်။ နယ်စပ် ကုန်သွယ်ရေး စခန်းများ ဖွင့်လှစ်နိုင်ရန် အတွက် အရှေ့မြောက် တစ်ခွင်တွင် မည်သည့် တိုက်ပွဲမှ မရှိအောင် တရုတ်က နှစ်ပေါင်း ၂၀ကြာ ထိန်းချုပ်ထားခဲ့သည်။

ကိုးကန့် လက်နက်ကိုင် အဖွဲ့ရဲ့ နောက်ကွယ်မှာ ဘယ်သူတွေရှိနေလဲ

ကိုးကန့်ဒေသသည် တရုတ်ပြည် အနောက်တောင်ပိုင်း၊ ယူနန်ပြည်နယ် အရှေ့ပိုင်း၊ မြန်မာ-တရုတ် နယ်စပ်မြို့ တစ်မြို့ဖြစ်သည့် အတွက် မြန်မာ-တရုတ် ဆက်ဆံရေး အတွက် အရေးပါသော ဒေသတစ်ခု ဖြစ်ပြီး၊ ၄င်းကိုးကန့် ဒေသသည် ဗမာပြည် ကွန်မြူနစ် ပါတီမှ ၁၉၈၉ ခုနှစ်တွင် ၄င်းပါတီ၏ ထိန်းချုပ်မှုအောက်တွင်  ရှိနေခဲ့ပြီး၊ အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု နောက်ပိုင်း အစိုးရမှ သတ်မှတ်ပေးခဲ့သည့် အတွက် အထူးဒေသ တစ်ခုအဖြစ် သီးခြား ရပ်တည်နိုင်ခဲ့သည်။ ထိုသို့ ကိုးကန့် ဒေသသည် အထူးဒေသ တစ်ခုအဖြစ် သီးသန့် ရပ်တည်နိုင်မှုနှင့် ၄င်း၏ မဟာမိတ် အဖွဲ့များမှ နယ်မြေကျွမ်းကျင်မှုကို  ဖုန်ကြားရှင်သည် အခွင့်ကောင်းယူကာ ပြောက်ကျား စစ်ဆင်ရေး မဟာဗျူဟာကို အသုံးပြုခဲ့သည်။ ထို့ပြင် ဖုန်ကြားရှင်သည် အစိုးရတပ်နှင့် လက်နက်အင်အား လူအင်အား ကွာဟချက်များအရ ထိပ်တိုက် တွေ့ဆုံမှုမျိုးကို မပြုလုပ်ခဲ့ဘဲ ၄င်း၏ အသက် ၂၀ခန့်ရှိသော မြေပြင်တိုက်ခိုက်ရေး အတွေ့အကြုံများ မရှိသေးသည့် အတွက် စစ်ရေးတွင် မဟာဗျူဟာပိုင်း အရ အဓိကထားကာ မြန်မာနိုင်ငံ အတွင်းသို့ တောင်ယာလုပ်ကိုင်သူ၊ ရွှေတူးဖော်သူ၊ စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် အသွင်ယူကာ မြန်မာနိုင်ငံမှ ဖုန်ကြားရှင် ဦးဆောင်သော အဖွဲ့ တရုတ်နိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်သည့် နောက်ပိုင်းမှ စတင်ကာ မြန်မာနိုင်ငံ အတွင်းသို့ စိမ့်ဝင်လာခဲ့သည်။ ထို့ပြင် ဖုန်ကြားရှင်သည် အစိုးရတပ်နှင့် တိုက်ပွဲများ ဖြစ်ပွားသည့် ၄င်း၏ မဟာမိတ်တပ် ဖြစ်သော ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP/SSA) နှင့် တိုက်ပွဲတွင် စစ်ကူပေးခြင်း၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIO/KIA)တို့ ဖြစ်ပွားသော တိုက်ပွဲတွင် လက်နက် အကူအညီများ ပေးခဲ့သည့်အပြင် ၄င်း၏ အဖွဲ့တွင်လည်း မြန်မာနိုင်ငံတွင် မွေးဖွားသူများ မပါဝင်သည့် တရုတ်နိုင်ငံဖွားများကိုသာ တပ်ဖွဲ့ဝင်အဖြစ် ခေါ်ယူခဲ့ပြီး၊ အတည် မပြုနိုင်သော သတင်းများအရ ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်တပ်များ အပါအ၀င် ၄င်း၏ မဟာမိတ်တပ်များအား တရုတ် ထောက်လှမ်းရေးများက စစ်ပညာ သင်ကြားပေးမှုများ ရှိသည်ဟုလည်း သိရသည်။

ဖုန်ကြားရှင် ပြန်ပေါ်လာပြီးနောက် ၂၀၁၅ခုနှစ် ဇန်န၀ါရီလ အတွင်းကပင် လောက်ကိုင်ရှိ ဒေသ ကွပ်ကဲမှု စစ်ဌာနချုပ်ကို တင့်ကား ၄၂စီး၊ စစ်သည်အင်အား ၁၀၀၀ဖြင့် ၀င်တိုက်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သေးသော်လည်း သတင်းပေါက်ကြားသဖြင့် တစ်လနောက်ဆုတ်ပြီး ဖေဖော်ဝါရီလတွင်မှ ၀င်ရောက် တိုက်ခိုက်ခြင်း ဖြစ်သည်။ အစိုးရ အနေဖြင့် ထိန်းထိန်းသိမ်းသိမ်း ကြေညာခဲ့သော်လည်း သစ်လွင်တောက်ပသော ယူနီဖောင်းများဖြင့် လန်းဆန်းနေသော ကိုးကန့်တိမ်းရှောင် အဖွဲ့များ ဆိုသည်မှာ အမှန်စစ်စစ် တရုတ်တပ်များပင် ဖြစ်သည်။ သူတို့ တစ်သက်လုံး တိုက်ခဲ့ရသည်မှာ ဗကပ အမည်ခံထားသော တရုတ်စစ်တပ်ပင်ဖြစ်ကြောင်း အရှေ့မြောက် တစ်ခွင်တွင် နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ဖူးသော တပ်မတော် အရာရှိကြီးများ သိပါသည်။

လက်ရှိတွင် ကေအိုင်အေနှင့် ကိုးကန့်တိမ်းရှောင် အဖွဲ့၊ တအာင်း အဖွဲ့များဖြင့်သာ တရုတ်က Power Game ကစားနေသေး သော်လည်း အင်အားကြီးမားပြီး ငြိမ်သက်နေသော ၀အဖွဲ့များကိုပါ လှုပ်ရှားရန် ခလုတ် ထပ်နှိပ်လိုက်ပါက နယ်စပ် တစ်လျှောက် စစ်မီးတောက်မည့် အရေးကိုလည်း အစိုးရ၊ တပ်မတော်နှင့် ပြည်သူများပါ ကြိုတင်ပြင်ဆင်ထားရန် လိုပါသည်။ ၀တပ်ဖွဲ့၏ အင်အားမှာ လက်နက် အပြည့်အစုံဖြင့် လေးသောင်းကျော် ရှိသည်။

ပထ၀ီနိုင်ငံရေး အရ အရှေ့အုပ်စု ပြိုလဲချိန်တွင် အမေရိကန် ဦးဆောင်သော အနောက်အုပ်စု အတွက် အဓိကပြိုင်ဖက် အဖြစ် ရုရှားနှင့် တရုတ် နှစ်နိုင်ငံ ကျန်ရှိခဲ့သည်။ ထို့ကြောင့် အင်အားချိန်ခွင်လျှာ ထိန်းညှိရန် အတွက် Power Game ကစားရန် အမေရိကန်နှင့် အနောက်အုပ်စု အီးယူသည် ဥရောပတွင် ယူကရိန်းကို ရွေးချယ်လိုက်သဖြင့် ယူကရိန်းတွင် မတည်ငြိမ်မှုများ၊ ဆန္ဒပြမှုများ၊ အစိုးရ အဖွဲ့လိုက် ပြုတ်ကျမှုများဖြစ်ပြီး ခရိုင်းမီးယား ဒေသသည် ပဲ့ထွက်သွားကာ နယ်စပ် တစ်လျှောက် စစ်မီး တောက်လောင်လျက်ရှိသည်။ ရုရှားသည်လည်း ယူကရိန်း ခွဲထွက် သူပုန်များကို ထောက်ပံ့ရင်း ဗျာများလျက်ရှိသည်။ တရုတ်ကို ထိန်းချုပ်ရန်အတွက် အမေရိကန်နှင့် အနောက် အုပ်စုသည် မြန်မာနိုင်ငံကိုသာ ရွေးခဲ့ပါက အရှေ့မြောက် တစ်ခွင်သည် ယမ်းခိုးဝေသော ဒေသတစ်ခု ဖြစ်လာပြီး မြန်မာနိုင်ငံသည်လည်း ကျွဲနှစ်ကောင်ခတ်သည့် ကြားက မြေစာပင် အဖြစ် ရောက်သွားပေလိမ့်မည်။ ထို့အတွက် ပြည်သူများရော အုပ်ချုပ်သည့် အစိုးရကပါ အင်အားကြီး နိုင်ငံများ၏ ပါဝါဂိမ်း Power Game ကစားပွဲအတွင်း မိမိနိုင်ငံသည် စစ်တလင်း မဖြစ်ရန် ဥာဏ်အမြော်အမြင် ကြီးစွာဖြင့် သတိထားသင့်ကြောင်း တင်ပြလိုက်ရသည်။

Tomorrow သတင်းအဖွဲ့

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။