Friday, February 6, 2015

အစိုးရ တပ် နှင့် TNLA တိုက်ပွဲများကြောင့် ဒုက္ခသည် ရာချီ၍ တိမ်းရှောင်နေရ

(ဧရာဝတီ)

ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အစိုးရ တပ် မတော် တို့ အကြား ဖြစ်ပွားခဲ့သော ၃ ရက်ကြာ တိုက်ပွဲ များကြောင့် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်မှ ဒေသခံ ရာချီ၍ စစ်ဘေး လွတ်ရာ သို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သတင်း ရရှိ သည်။

ရွှေညောင်ပင်၊ လွယ်ဆာ၊ ကုန်ဆာ၊ လွယ်ဝိန်၊ ပင်ပစ်၊ ဝင်္ကဘာ၊ ဆိုင်လိန် စသည့်ကျေးရွာများ အပါအဝင် ကျေးရွာ ၁၀ ရွာမှ ထွက်ပြေး တိမ်းရှောင်လာသည့် ပလောင်၊ လီရှောနှင့် တရုတ်လူမျိုး ဒုက္ခသည် ၆၀၀ ခန့်သည် မိုးကုတ်မြို့ပေါ်ရှိ အရှေ့ရွာကျောင်းတိုက်၊ ရှမ်း ကျောင်းတိုက်နှင့် ရတနာသီရိ ကျောင်းတိုက်တို့တွင် ခိုလှုံလျက်ရှိကြောင်း၊ ကျန်ဒုက္ခသည်များမှာ တိုက်ပွဲနှင့်ဝေးရာ တောထဲ၌ ပုန်းရှောင်နေကြရကြောင်း ယင်းစစ်ဘေးရှောင်ဒုက္ခသည် များထံမှ စုံစမ်း သိရသည်။


အရှေ့ရွာကျောင်းတိုက်တွင် လာရောက်ခိုလှုံနေသည့် လွယ်ဆာကျေးရွာမှ ပလောင် လူမျိုး ကိုအာဝါက“ရွာပေါ်ကနေ လေယာဉ် တွေဝဲပြီးတော့ တိုက်ပွဲဖြစ်တဲ့တောင်တွေကို ပစ်ကြတာပေါ့။ လေယာဉ်နဲ့ လာပစ်ပြီးနောက်ပိုင်း ကျနော်တို့ ညတွင်းချင်း ထွက်ပြေး လာတာ”ဟု ဧရာဝတီကို ပြောပြသည်။

လက်ရှိ ကျေးရွာတွင် အစောင့်အဖြစ် ရွာသား ၂၀ ခန့်ထားခဲ့ပြီး အလှည့်ကျ ကင်းစောင့် သွားရမည်ဖြစ်ကြောင်းလည်း ၄င်းက ပြော သည်။

အဆိုပါ ကျောင်းတိုက်များ၌ လာရောက်ခိုလှုံနေသည့် ဒုက္ခသည်များကို ဒေသခံ အာဏာပိုင်အဖွဲ့အစည်းများနှင့် မိုးကုတ်မြို့မှ လူမှုအဖွဲ့အစည်းများက လာရောက်ကူညီ ထောက်ပံ့ပေးခဲ့ကြောင်းလည်း သိရသည်။

ပလောင်(တအာင်း)ကျောင်းသားနှင့် လူငယ်များအဖွဲ့(TSYU)မှ တွဲဖက်အထွေထွေ အတွင်းရေးမှူး(၂) မိုင်းမျိုးအောင်က ထွက်ပြေး တိမ်းရှောင်လာသည့် ဒုက္ခသည်အများစုမှာ အမျိုးသမီးများဖြစ်ကြောင်း၊ တိုက်ပွဲများကြောင့် ကိုယ်ဝန်ဆောင်အမျိုး သမီးတဦး အပါအဝင် ဒေသခံရွာသား ၂ ဦးသေဆုံးခဲ့ပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဧရာဝတီကို ပြောပြသည်။

“မိုးကုတ်ဆေးရုံက ဒဏ်ရာရနေတဲ့ လီရှော ၃ ယောက်နဲ့ နောက်မိုးမိတ်ဆေးရုံက အတွင်းလူနာ ၅ ယောက်ကိုလည်း မနိုင်လို့ မန္တလေး ဆေးရုံကို ပို့လိုက်တယ်။ အဲဒီထဲမှာ ကျောင်းသား ၂ ယောက်ပါတယ်”ဟု ၄င်းက ပြောသည်။

TNLA မှ ပြန်ကြားရေး ဒုတာဝန်ခံ တာပန်လ က ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်မှစ၍ မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့တွင် TNLA တပ်မဟာ(၂) လက်အောက်ခံ တပ်ရင်း(၅၂၇)၊ တပ်ရင်း(၇၁၇)တို့နှင့် တပ်မတော်မှ တပ်မ(၇၇)၊ တပ်မ(၈၈)တို့ မြေပြင်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တပ်မတော်မှ ဂျက်တိုက်လေယာဉ်များ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲကြောင့် နှစ်ဘက်တပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း ဧရာဝတီကို ပြောကြားသည်။

“ရွာသူ၊ ရွာသားတွေ တချို့တွေလည်း တောထဲဝင်ပုန်းအောင်းနေတဲ့ အနေအထားမျိုးမှာရှိသလို မိုးကုတ်မြို့မှာ သွားပြီးပုန်းခိုနေတဲ့ လူ ၁၀၀၀ ကျော်အထက်မှာ ရှိတယ်လို့လည်း သိရပါတယ်”ဟု ၄င်းက ဆိုသည်။

ယခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလအတွင်း အစိုးရ တပ်မတော်နှင့် TNLA အကြား တိုက်ပွဲ အကြိမ် ၂၀ ခန့် ဖြစ်ပွားခဲ့ကြောင်း TNLA က ပြောဆိုသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။