Thursday, February 19, 2015

လောက်ကိုင်ဒေသသို့ စစ်ကူသွားသည့် တပ်မတော်စစ်ကြောင်းများအား KIA၊ TNLA၊ SSA(၀မ်ဟိုင်း) အဖွဲ့တို့က ချုံခိုတိုက်ခိုက်ကြောင်း အစိုးရသတင်းကြေညာ

(Eleven Media Group)

လောက်ကိုင်ဒေသတွင် တပ်မတော်နှင့် ကိုးကန့်သောင်းကျန်းသူများ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး လောက်ကိုင်ဒေသသို့ စစ်ကူသွားသည့် တပ်မတော်စစ်ကြောင်းများအား ကိုးကန့်သောင်းကျန်းသူ အဖွဲ့အပြင် KIA TNLA နှင့် SSA (ဝမ်ဟိုင်း)အဖွဲ့တို့က ချုံခိုတိုက်ခိုက်မှုများ ပြုလုပ်ကြောင်း ဖေဖော်ဝါရီ ၁၈ ရက် နိုင်ငံပိုင်ရုပ်မြင်သံကြား ညပိုင်းသတင်းတွင် ကြေညာချက်အရ သိရသည်။

လောက်ကိုင်ဒေသတွင် ဖေဖော်ဝါရီ ၁၇ ရက် ညပိုင်းမှ ဖေဖော်ဝါရီ ၁၈ ရက် နံနက်ပိုင်းထိ လောက်ကိုင်တပ်နယ်ရှိ တပ်ရင်း တပ်ဖွဲ့များအား အဝေးမှလက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်နှောင့်ယှက် ပစ်ခတ်သည့်အတွက်ကြောင့် တပ်မတော်စစ်ကြောင်းများက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကိုးကန့်သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာသွားကြောင်း သတင်းကြေညာချက်တွင် ဖော်ပြသည်။


ယင်းအပြင် ဖေဖော်ဝါရီ ၁၈ ရက်မွန်း လွဲ ၁ နာရီခန့်တွင် ချင်းရွှေဟော်မှ လောက်ကိုင်သို့ အင်အားဖြည့်တင်းရန် ချီတက်လျက်ရှိသည့် တပ်မတော်စစ်ကြောင်းအား ကိုးကန့်သောင်းကျန်သူများက ပါစင်ကျော် တစ်ဝိုက်တွင် စောင့်ကြိုပြီး နှောင့်ယှက်တိုက်ခိုက်လာသဖြင့် တပ်မတော်စစ်ကြောင်းက ပြန်လည်တိုက်ခိုက် ရှင်းလင်းလျက်ရှိကြောင်းနှင့် ဖေဖော်ဝါရီ ၁၅ ရက်မှ ၁၈ ရက်ထိ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု၌ တပ်မတော်မှ စစ်သည်သုံးဦး အသက်ပေးလှူခဲ့ရပြီး အရာရှိတစ်ဦးနှင့်စစ်သည် ၂၆ ဦးတို့ ဒဏ်ရာရရှိကာ ဒေသခံပြည်သူ နှစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းကြေညာချက်အရ သိရသည်။

ထို့ပြင် သံလွင်မြစ်အနောက်ခြမ်းနယ်မြေမှ လောက်ကိုင်ဒေသသို့ အဓိကဆက်သွယ်ရေး လမ်းကြောင်းများဖြစ်သည့် သိန္နီ-နမ့်ဇလတ်-ကွမ်းလုံလမ်း၊ ကွတ်ခိုင်-တာ မိုးညဲ-မုန်းစီ-တာပါးလမ်းနှင့် ကွတ်ခိုင်- မူဆယ်-ကြူကုတ်-မုံးကိုး-တာကျဲလမ်းတို့မှာ လောက်ကိုင်ဒေသသို့ သွားရောက်မည့် တပ်မတော်စစ်ကြောင်းများ စစ်ကူနှင့်အုပ်ချုပ်ရေး ကိစ္စရပ်များ အခက်အခဲဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ချုံခိုနှောင့်ယှက် တိုက်ခိုက်ခြင်းများကို ကိုးကန့်သောင်းကျန်း သူများအပြင် KIA TNLA  နှင့် SSA (ဝမ်ဟိုင်း) အဖွဲ့များပါ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြောင်း သတင်းတွင်ပါရှိသည်။


ထိုသို့ ဆောင်ရွက်ရာတွင် သောင်းကျန်းသူများအနေဖြင့် ဖေဖော်ဝါရီ ၁၅ ရက်မှ ဖေဖော်ဝါရီ ၁၈ ရက်ထိ ကျောက်မဲနှင့် သီပေါကြားတွင် SSA(ဝမ်ဟိုင်း)မှ တစ်ကြိမ်၊ လားရှိုးနှင့် သိန္နီကြားတွင် SSA (ဝမ်ဟိုင်း)မှတစ်ကြိမ်၊ သိန္နီနှင့် ကြူကုတ်ကြားတွင် KIA နှင့် TNLA အဖွဲ့တို့မှသုံးကြိမ်၊ ကွတ်ခိုင်နှင့် မုန်းစီကြားတွင်KIA အဖွဲ့မှနှစ်ကြိမ်၊ မုန်းစီနှင့် တာပါးကြားတွင်KIA အဖွဲ့မှတစ်ကြိမ်၊ ချင်းရွှေဟော်နှင့် ပါစင်ကျော်ကြားတွင် ကိုးကန့်သောင်းကျန်းသူများမှ လေးကြိမ်အလစ်အငိုက် တိုက်ခိုက်ခြင်း၊ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် တပ်မတော်အနေဖြင့် လောက်ကိုင်နယ်မြေအတွင်း လုံခြုံမှုရရှိကာ တည်ငြိမ်အေးချမ်းသည်အထိ လိုအပ်သည့်အင်အားကို အသုံးပြုပြီး တိုက်ခိုက်ရှင်းလင်း သွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြပါရှိသည်။    

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။