Wednesday, February 11, 2015

ကိုးကန့် တိုက်ပွဲကြီးများ ရပ်စဲ

(ဧရာဝတီ)

မြန်မာ့ တပ် မတော်နှင့် ဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့် တပ်ဖွဲ့(MNDAA) အကြား တိုက်ပွဲ များ နှစ်ရက်ကြာ ပြင်း ထန်စွာ ဖြစ်ပွား ခဲ့ပြီးနောက် ယနေ့ တွင် တိုက်ပွဲများ ရပ်စဲသွားကြောင်း သတင်းရရှိသည်။

မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(MNDAA) ကိုးကန့် တပ်ဖွဲ့မှ အထွေထွေ အတွင်းရေးမှူး ဦးထွန်းမြတ်လင်း က “ဒီနေ့ တိုက်ပွဲတွေ မဖြစ်ပါဘူး။ သူတို့တပ်တွေက ထိုးစစ်ဆင်ပြီး လာမတိုက်တော့ ကျနော်တို့ဘက်ကလည်း ဇွတ်သွားတိုက်တာ မရှိ ပါဘူး”ဟု ဧရာဝတီကို ပြောကြားသည်။


လောလောဆယ် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း တပ်မတော်မှ ထပ်မံလာရောက် တိုက်ခိုက်နိုင်သဖြင့် တပ်များကို အသင့်ပြင် ထားကြောင်းလည်း ၄င်းက ဆိုသည်။

ယမန်နေ့ တိုက်ပွဲတွင် အစိုးရတပ်မတော်မှ MI 25 ရဟတ်ယာဉ် ၂ စီး၊ MIG 29 တိုက်လေယာဉ် ၃ စီးတို့ဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ညပိုင်းတွင် လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်ခဲ့သဖြင့် ကိုးကန့်တပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့ကြောင်း၊ ည ၁၁ နာရီခန့်တွင် လောက်ကိုင်မြို့ပေါ်ရှိ ဒေသကွပ်ကဲရေး စစ်ဌာနချုပ်ကို ကိုးကန့် တပ်ဖွဲ့မှ သွားရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း MNDAA ထံ မှ စုံစမ်းသိရှိရသည်။

လောက်ကိုင်မြို့ကို ကိုးကန့်တပ်ဖွဲ့မှ ကားများဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်မှုကြောင့် လောက်ကိုင်အကျဉ်းထောင်တွင် လုံခြုံရေးတာဝန်ယူထားသည့် ရဲအရာရှိတဦးကျဆုံးခဲ့သည်။

ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးစန်းလွင်က “မနေ့ညက လောက်ကိုင်မြို့ပေါ်မှာရော အကျဉ်းထောင်မှာပါ ပစ်ခတ်မှုဖြစ် ပွားတယ်။ ထောင်မှာလုံခြုံရေးယူထားတဲ့ ဒုရဲအုပ်တယောက် ကျသွားတယ်။ အကျဉ်းသားတွေ လွတ်မြောက်သွားတာတော့ မရှိပါဘူး”ဟု ဧရာဝတီကို ပြောသည်။

လောက်ကိုင်မြို့နယ်ရှိ တာရွှေထန်၊ တုံးချိန်၊ ရှောင်ဟုန်ချိန်၊ တာမြောင် စသည့်ကျေးရွာတွင် ယနေ့ နံနက်၂ နာရီ ခန့်မှ ၆ နာရီ အတွင်း တပ်မတော်နှင့် မဟာမိတ်တပ်များအကြား ထိတွေ့မှု အနည်းငယ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

TNLA မှ ပြန်ကြားရေး ဒုတာဝန်ခံ တာပန်လက“ပြီးခဲ့တဲ့ နှစ်ရက်လိုမျိုး တိုက်ပွဲကြီးကြီးတွေ မဟုတ်တဲ့အခါကြတော့ တိုက်ပွဲမဖြစ် ဘူး လို့ ပြောလို့ရပါတယ်။ အခုဖြစ်တဲ့ဟာက ထိတွေ့မှု အငယ်စားလေးတွေပေါ့”ဟု ပြောသည်။

လက်ရှိတွင် အစိုးရတပ်မ(၃၃)မှ ၁၂၀ မမ အမြောက်ကြီးများအပါအဝင် စစ်လက်နက်အများအပြားနှင့် စစ်သည်များကို တင်ဆောင် ထားသည့် ကားအစီး ၅၀ ခန့်ဖြင့် လောက်ကိုင်မြို့သို့ ထွက်ခွာလာပြီး တချို့မှာ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ယင်းသို့ပြင်ဆင်မှုများကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားမည်ဟု ထင်မြင်ကြောင်းလည်း ၄င်းက ဆိုသည်။

တပ်မတော်နှင့်ဖြစ်ပွားခဲ့သည့် နှစ်ရက်ကြာတိုက်ပွဲများအတွင်း ကိုးကန့်တပ်ဖွဲ့ဘက်မှ ပလောင်(တအာင်း)အမျိုးသား လွတ်မြောက် ရေး တပ်မတော်(TNLA)၊ ကချင်လွတ်လပ်ရေး တပ်မတော်(KIA)၊ ရခိုင် တပ်မတော်(AA) နှင့် ရှမ်းပြည်တိုးတက်ရေး ပါတီ/ရှမ်းပြည် တပ်မတော် မြောက်ပိုင်း(SSPP/SSA) တို့ ပါဝင် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

တိုက်ပွဲများကြောင့် ဒေသခံအများစုမှာ တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်နေပြီး တချို့သည် တိုက်ပွဲလွတ်ရာ ပြည်တွင်း ဒေသများသို့ တိမ်းရှောင်နေရသည်ဟုလည်း ဆိုသည်။

တရုတ်နိုင်ငံဘက်သို့ ဒုက္ခသည်များ ၀င်ရောက်လာမှုနှင့် ပတ်သက်ပြီး တရုတ်အာဏာပိုင်များက နယ်စပ်ဒေသတည်ငြိမ်ရေး အတွက် စိုးရိမ်ပူပန်ကြောင်း၊ ပဋိပက္ခမှာ ပါဝင်သူများ အနေနှင့် ဆွေးနွေးညှိနှိုင်းအဖြေရှာရန် တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ Hua Chunying က ယမန်နေ့က ပီကင်းမြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်သည်။

၂၀၀၉ ခုနှစ်က မြန်မာ့တပ်မတော်နှင့် MNDA တို့အကြား  ဖြစ်ပွားခဲ့သည့် ကိုးကန့်တိုက်ပွဲများ အတွင်း ဒုက္ခသည်များစွာ တရုတ်နိုင်ငံ ဘက်သို့ ခိုလှုံခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။