Tuesday, February 17, 2015

ကိုးကန့်တိုက်ပွဲတွင် အရပ်သားများကို သတ်ဖြတ်ခြင်းမရှိကြောင်း တပ်မတော်ငြင်းဆို

(7 Day)

ကိုးကန့်တိုက်ပွဲတွင် နေအိမ်များ အတွင်းမှ ချောင်းမြောင်း ပစ်ခတ်မှုများကြောင့် တပ်မတော် က တစ်အိမ်ချင်းစီတက်ရောက် ရှာဖွေ၍ နယ်မြေရှင်း လင်းရေး ဆောင်ရွက်ခြင်းဖြစ်ပြီး အရပ်သားများကို သတ်ဖြတ်မှုလုံးဝမရှိကြောင်း တပ်မတော်က ငြင်းဆို လိုက်သည်။
ယူနန်သတင်းစာ က ကိုးကန့်တိုက်ပွဲများတွင် တပ်မတော်က အရပ်သားကိုးကန့်ဒေသခံများကို ပစ်ခတ်သတ်ဖြတ်မှုအချို့ရှိ နေကြောင်း ဖေဖော်ဝါရီ ၁၆ ရက် က ဓာတ်ပုံများနှင့်တကွ ဖော်ပြခဲ့ သည်။

တိုက်ပွဲပြင်းထန်နေချိန်တွင် ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့ နယ်၌ အရပ်သားအားလုံးနီးပါး စွန့်ခွာထွက်ပြေးသွားပြီးဖြစ်ရာ နေအိမ်ပေါ်မှ ချောင်းမြောင်းပစ်ခတ်မှုများကြောင့် ရန်သူကို တစ်အိမ်တက်ဆင်း ပိုက်စိပ်တိုက်ရှာဖွေနေခြင်းဖြစ်ပြီး စစ်မြေပြင်တွင် တွေ့ရသည့်အရပ်ဝတ်မသင်္ကာသူများအား ဖမ်းဆီးမှုများရှိကြောင်း တပ်မတော်အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။
‘‘မသင်္ကာရုံနဲ့တော့ ကျွန်တော်တို့ပစ်စရာမလိုဘူး။ အခု ကျွန်တော်တို့ကို အိမ်တွေထဲက ချောင်းပစ်တယ်။ ဟိုဘက်နဲ့ တိုက်ပွဲတွေ  ဖြစ်တော့လည်း အရပ်ဝတ်တွေပါနေတယ်။ ဒီ လောက် စစ်ဖြစ်နေတဲ့နေရာမှာ အိမ်တွေထဲမှာ အခုချိန်ထိဆို သာမန်ရိုးရိုးပြည်သူ ဘယ်သူမှ မနေတော့ဘူး။ ရပ်ကွက်ထဲက အိမ်တွေကနေ ပစ်နေတော့ ဝင်ရှင်းရမှာပဲ။ အဲဒီလိုနေရာမှာ ယူနီဖောင်းဖြစ်ဖြစ်၊ အရပ်ဝတ်ဖြစ်ဖြစ် တွေ့ရင် ပစ်ရမှာပဲ’’ဟု ၎င်းက ပြောသည်။
သို့သော် သာမန်အရပ်သား ဒေသခံများကို ဘေးလွတ်ရာသို့ ၎င်းတို့ကိုယ်တိုင် ယာဉ်ယန္တရားများဖြင့် ရွှေ့ပြောင်းပေးနေ ကြောင်း ၎င်းက ပြောသည်။

ထို့အပြင် တပ်မတော်ဘက်တွင် ကိုးကန့်ပြည်သူ့စစ်များနှင့် ကိုးကန့်ဒေသခံတပ်ဖွဲ့များ ဝင်ရောက်ကူညီတိုက်ခိုက်ပေးနေပြီး တစ်ဖက်က ဖုန်ကြားရှင်၏ ကိုးကန့်တပ်ဖွဲ့ကမူ အရပ်ဝတ်ပြည်သူများအသွင်ဖြင့် အသုံးချနေမှုများရှိကြောင်း ၎င်းက ပြောသည်။
ဖေဖော်ဝါရီ ၁၅ ရက်ညနေ က လောက်ကိုင်မြို့ အဆောက်အအုံတစ်ခုအတွင်းမှ ချောင်း မြောင်းပစ်ခတ်မှုကြောင့် တပ်မ ၃၃ မှ စစ်သည်တစ်ဦးကျဆုံးပြီး မြန်မာတပ်များက ထိုအဆောက်အအုံကို ပြန်လည်ပစ်ခတ်ရာ ရန်သူအလောင်းရှစ်လောင်းနှင့် လက်နက်များ သိမ်းဆည်းရမိခဲ့သည်ဟု အစိုးရက သတင်းထုတ် ပြန်ခဲ့သည်။
တပ်မတော်နှင့် ကိုးကန့် တိမ်းရှောင်အဖွဲ့တို့ ဖေဖော်ဝါရီ ၉ ရက်မှ ယနေ့အထိ ဖြစ်ပွားနေ သော တိုက်ပွဲများတွင် မြန်မာ့တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင် ၅၀ ကျော် ကျဆုံးခဲ့ပြီး ကိုးကန့်တပ်ဖွဲ့ဘက် မှ ၂၆ ဦး ကျဆုံးကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။
တပ်မတော်က အရပ်သားများကို ပစ်ခတ်သတ်ဖြတ်မှုများ မပြုလုပ်ဟုပြောသော်လည်း ၎င်းတို့ဒုက္ခသည်စခန်းသို့ မြန်မာစစ်တပ် ပစ်ခတ်လိုက်သည့် ဒဏ်ရာဖြင့် အဘွားအိုတစ်ဦးရောက်ရှိလာကြောင်း တရုတ်နိုင်ငံ နံစန် ဒုက္ခသည်စခန်းသို့  ထွက်ပြေး တိမ်းရှောင်လာသည့်  လောက်ကိုင်ဒေသခံ မမိန်ကျောက်ရင်က 7 Day Daily သို့ ဖုန်းဖြင့်ဆက်သွယ်ဖြေကြားသည်။
‘‘အရပ်သားတွေ၊ တချို့ကိုးကန့်မိန်းကလေးတွေ အပစ်ခံရတယ်လို့ ဒီဘက် (တရုတ်)ကို ပြေးလာတဲ့သူတွေ ကျွန်မတို့ကို ဒီနေ့ (ဖေဖော်ဝါရီ ၁၆)က ပြောတယ်။ ကျွန်မနဲ့လောက်ကိုင်က အိမ်နီးချင်းအဘွားကြီး သူက ဗမာစကားမတတ်ဘူး။ အဲဒါ စစ်တပ်က မြန်မြန်သွားခိုင်းတာ သူကနားမလည်တော့ ခြေထောက်ကို သေနတ်နဲ့ ပစ်ခံရတဲ့ဒဏ်ရာကြီးနဲ့ အခု နံစန်စခန်းကိုရောက်လာတယ်။ သေတော့မသေဘူး။ ဒါ ကိုယ့်မျက်စိနဲ့မြင်တာပြောတာ။ ယူနန်သတင်းစာမှာလည်း အဲဒီသတင်းပါပါတယ်’’ဟု မမိန်ကျောက်ရင်က ပြောသည်။
ယခုအခါ လောက်ကိုင်တွင် တပ်မတော်က နယ်မြေရှင်းလင်းရေးဆောင်ရွက်နေပြီး လေယာဉ်များဖြင့်   တိုက်ခိုက်မည်ဆို၍ တရုတ်နိုင်ငံ၊ နံစန်ဒုက္ခသည်စခန်းသို့   လောက်ကိုင်ဒေသခံများ အများအပြား ထပ်မံရောက်ရှိလာကြောင်း ၎င်းက ပြောသည်။
ဖေဖော်ဝါရီ ၁၅ ရက် အစိုးရထုတ်ပြန်ချက်တွင် ကိုးကန့်တပ် ဖွဲ့ဒဏ်ရာရသူရှစ်ဦးစလုံး သေဆုံးသွားကြောင်း ပါဝင်ရာ ယင်းသတင်းမှာ တပ်မတော်အတွက် မကောင်းကြောင်း  ဦးစည်သူအောင်မြင့်က ပြောသည်။
‘‘ကိုးကန့်တပ်က လူရှစ်ယောက်ဖမ်းမိတယ်။ အားလုံး သေကုန်ပြီဆိုတော့ သူတို့ဖမ်းမိတာ အရပ်သားလား၊ ကိုးကန့်ကလားဆိုတာ ဘယ်လိုစစ်မလဲ။ ဒဏ်ရာနဲ့ ဖမ်းမိတဲ့လူ အကုန်သေတယ်ဆိုတာကတော့ တော်တော် စဉ်းစားစရာပဲ’’ဟု ၎င်းက ပြော သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။