Tuesday, February 17, 2015

လောက်ကိုင်စစ်

(မိုးမခ)



• ဝမ်းပျက်သံများကြောင့် အန်ချခြင်း

လူမှုကွန်ရက်စာမျက်နှာများမှာ ကိုးကန့်ဒေသ လောင်ကိုင် စစ်သတင်း ဆက်စပ်ဓာတ်ပုံတွေတက်လာတော့ လူတွေက ပြောကြတယ်။  မြို့ထဲက ဆိုင်းဘုတ်တွေကလည်း တရုတ်စာချည်းပဲတဲ့။

လောက်ကိုင်မှာ တရုတ်စာ ဆိုင်းဘုတ်တွေပဲ တွေ့ရမှာပေါ့။  အဲဒါ ကိုးကန့်တရုတ်နယ်ပဲကိုး။  မြန်မာစာဆိုင်းဘုတ် ဘာလို့  ရှိရမှာတုံး။

အွန်လိုင်းမှာ “ဒါလားဟဲ့ မြန်မာပြည်” မေးတဲ့ လုံးလျော့ ကျပ်မပြည့် ဒီမိုကရေစီ အမည်ခံများကို ပြန်ဖြေရရင် “မဟုတ်ဘူး” လို့ ဖြေရမှာပေါ့။  အဲဒါ ကိုးကန့် တရုတ်တွေရဲ့ ပြည်။  ကိုးကန့် တရုတ်တွေ ပိုင်တယ်။  မြန်မာပိုင် မဟုတ်ဘူး။  မြန်မာစကား၊ ယဉ်ကျေးမှု၊ မြန်မာစာပေ ထွန်းကားစရာမလိုဘူး။  သူတို့စာ၊ သူတို့စကား၊ သူတို့ယဉ်ကျေးမှု ဓလေ့ ထုံးစံ သီးသန့်တည်ရှိ ထွန်းကားတာ ဘာဆန်းသလဲ။


ကိုယ့်ဆီက ယဉ်ကျေးမှု ဘာသာစကား လွှမ်းမိုးလိုလား။  ကိုယ့်တိုင်းပြည်ရဲ့ လူမှု၊ စီးပွား၊ အဆင့်အတန်းကို မြှင့်ရပါမယ်။  ကိုယ့်စာပေ၊ ကိုယ့်ဓလေ့၊ ကိုယ့်ယဉ်ကျေးမှုကို ကမ္ဘာက လူအများ စိတ်ဝင်တစား အလေးထားလောက်အောင် တိုင်းပြည် ရေချိန်မြင့်လာတဲ့တနေ့ ကိုယ့်ယဉ်ကျေးမှု စာလည်းတင့်လာပါမယ်။ အဲဒီအခါ ကိုယ့်နိုင်ငံ ဘယ်လူမျိုးစု တစုကိုမှ သေနတ် နဲ့ထောက် မြန်မာမှုပြုစရာလိုမှာ မဟုတ်တော့ပါ။

စစ်ဝါဒ လွှမ်းမိုး၊ စစ်အာဏာရှင်စနစ်နဲ့အပေါင်းအပါ လူတစု ထင်တိုင်းကြဲရင်း ပြည်တွင်းစစ်ဒဏ် ဗရပွနဲ့ လက်ရှိတိုင်းပြည် အနေအထား ကျရှုံးနိုင်ငံမျိုးနဲ့ ဘယ်တော့မှ လူမျိုး ဘာသာစကား၊ ယဉ်ကျေးမှု ထိပ်တန်းမရောက်နိုင်ပါဘူး။

အစဉ်အဆက် ယဉ်ကျေးမှု မြင့်မားတဲ့ တရုတ်၊ အိန္ဒိယ ယဉ်ကျေးမှု၊ ဓလေ့၊ အယူဝါဒ၊ ဘာသာစကား၊ စာပေ၊ အနုသုခုမ အာရှ (အထူးသဖြင့် အရှေ့အာရှ) ကို လွှမ်းနေနိုင်တယ်။  ဒီမှာမှ စီးပွားအင်အားတက် လူစွာဖြစ်လာတဲ့ တရုတ်က အခုဆို ပို စာပေ၊ စကား လွှမ်းမိုးလာတယ်။  ဒီလိုပဲ အရင် ဂျပန်တက်ချိန်က ဂျပန်စာ၊ စကား နိုင်ငံတကာ စီးပွားရေးလုပ်ချင်သူတွေ မဖြစ်မနေ သင်ယူရတယ်။  ကိုးရီးယားဆိုလည်း အလားတူပဲ။  တိုင်းပြည် လူမှု စီးပွားတက်လာချိန် သူ့အလိုလို စာပေ၊ စကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ အစားအသောက်၊ အားကစား၊ အနုသုခုမ၊ ရုပ်ရှင် သဘင်တွေ နိုင်ငံတကာကို ထိုးဖောက် နိုင်တာ ဓမ္မတာဖြစ်စဉ်သဘောပါပဲ။

ကိုယ့်ဆီမှာ အဲဒါမျိုး မပြင်ဆင်နိုင်ဘဲ လူမျိုးရေးအမြင်၊ မုန်းတီးမှုနဲ့ ငါတို့တိုင်းပြည်ဆိုပြီး တရုတ်စာချည်းပါလား ဆိုတာ လောက်ပဲ မြင်နိုင်ရင်၊ ဒီတိုင်းပြည် နယ်နမိတ်အားလုံးကို မြန်မာပိုင်ချည်းဆိုချင်တဲ့ ပဒေသရာဇ်စစ်ဘုရင် အတွေးပဲ တွေးနိုင် ရင် သေချာတယ် တိုင်းပြည်အနာဂတ် အတိတ်လိုပဲ စစ်ဘုရင်တွေပဲ အုပ်ချုပ်ဦးမယ်၊ စစ်ဝါဒပဲ တွင်ကျယ်ဦးမယ်၊ လူတွေ လည်း စစ်ဒဏ် ပိုခံရမယ်၊ တိုင်းပြည်လည်း အခု ခွက်ဆွဲရတဲ့အနေအထားကနေ ခွက်ပါပျောက်တဲ့အနေအထား ဖြစ်လာပါ မယ်။

အခု ကိုးကန့်တရုတ်တွေအပါအဝင် လူနည်းစု လူမျိုးစုဝင်တွေ အားလုံးဟာ  ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ ဖက်ဒရယ်လူမျိုးစုစုံ များရဲ့ ဗမာပြည်ထောင်စုစစ်စစ် တည်ဆောက်နိုင်တဲ့တချိန်၊ ပြည်ထောင်စုဝင် စစ်စစ်ဖြစ်ချင်အောင် စနစ်တွေ၊ မူတွေ၊ သဘောထားတွေ ပြင်ပြီးတဲ့ အချိန်မှာ ပြည်ထောင်စု အရိပ်အောက်မှာ လိုလိုချင်ချင်ခိုဝင်ချင်လာပါလိမ့်မယ်။  အဲဒီအချိန်ကျ ပြည်ထောင်စုအားလုံး ဒေသဆိုင်ရာအသီးသီး တရားဝင် ဘာသာစကား သတ်မှတ်ပြဋ္ဌာန်းခြင်းလို ဗဟိုအစိုးရ သြဇာ အာ ဏာတည်ရှိကြောင်းပြတဲ့ အလုပ်မျိုးပြ တရားမျှတ ကျင့်သုံးခိုင်းလို့ရပါမယ်။

အဲသလို မဖြစ်သရွေ့ ကိုယ့်လူမျိုးတူ၊ ဘာသာစကားတူပဲ ဖြစ်ဖြစ်၊ ကိုယ့်ကို လိုဘတခုခုကြောင့် ကူညီစွမ်းနိုင်သူပဲ ဖြစ်ဖြစ် ဘယ်သူ မဆိုရဲ့ အကူအညီ ယူ၊ သူတို့ အင်အားနဲ့ သြဇာ ကို အသုံးချ ပြန်တိုက်မှာပါပဲ။  မြန်မာတွေ အညွန့်ခူး ဗိုလ်ကျတာ ဘယ်ခံလိမ့်မတုံး။  ရူးနေတာမှ မဟုတ်တာ။  ကိုယ့်လူမျိုးအကျိုးကြည့်မှာပေါ့။  တရုတ်သြဇာခံတော့ အနည်းဆုံး လမ်း ကောင်း၊ မီးကောင်း၊ ဖုန်းကောင်း၊ အင်တာနက် ကောင်း သုံးရတာပေါ့။

သမိုင်းကြောင်းနဲ့လည်း တချက် ပြန် ကြည့်ပါဦး။

မြန်မာတွေက ယူနန်နယ်ကနေ လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၂၀၀) ကျော်ကနေ ဧရာဝတီ မြစ်ဝှမ်းကို ပြောင်းလာ အခြေချခဲ့ကြတယ်။

လွန်ခဲ့တဲ့ နှစ် (၃၀၀) လောက်မှာ ဟန်တရုတ်အနွယ် မက်ဒရင်စကားပြော ကိုးကန့်တရုတ်တွေ အခု တရုတ် မြန်မာနယ်စပ် နေရာကို ဝင်ရောက် နေထိုင်ခဲ့ကြတယ်။

မြန်မာတွေတောင် အခု အခြေချပြောင်းလာခဲ့တဲ့ နေရာသစ်ကို ကိုယ့်အိမ် ကိုယ့်ရာသတ်မှတ် ဇာတိ ပုည လုပ်ချင်ကြတယ် မဟုတ်လား။  မဟာ မြန်မာ ဟစ်ကြွေးတယ်မဟုတ်လား။  ကြီးမြတ်လေသော သမိုင်းကြောင်းများ ဒီမြေကြီးမှာ လူထူထူရှိရင် အော်တယ် မဟုတ်လား။  အိမ်ရှင်-ဧည့်သည်ဆိုတဲ့ စိတ်အစွဲတောင် နိုင်ငံတကာလှည့် လူမျိုး/ဘာသာစုံ ချစ်ကြည် ငြိမ်းချမ်း ရေး တရားဟောတဲ့ ဘုန်းကြီးကအစတောင် မဖျောက်နိုင်ဘူး မဟုတ်လား။

အခုလည်း ကိုးကန့် တရုတ်တွေ သူတို့ အခြေချလာခဲ့တဲ့ ရေမြေက သူတို့ အိမ်ပေါ့၊ သူတို့က အိမ်ရှင်ပေါ့။  ကိုယ့်အိမ်ကို ရိုးရိုး လာမလည်ဘဲ လူသတ်၊ မီးရှို့၊ ပစ္စည်းယူလာတော့ ဘယ်သူက ကျေနပ်နိုင်မလဲ။  အနောက်မှာ ရိုဟင်ဂျာက ရခိုင်နေရာကို လုတယ်ဆိုတဲ့ အစွဲအမြင်လည်း အားလုံးမှာရှိကြတယ် မဟုတ်လား။  အခုကျ မြန်မာတွေ ကိုးကန့်နေရာသွားကျူး ယူလို လို့ ဖြစ်တဲ့စစ်လို့ မမြင်ပေးနိုင်ဘူး မဟုတ်လား။

ပြောရင် မင်းအောင်လှိုင် အခုလေးတင် လူပါးဝ စကားထပ်ပြောလိုက်တဲ့ “မြန်မာလို့ ခံယူကြပါ” ဆိုတဲ့ အလုံးအတိုင်း လိုက် ဆိုချင်၊ ပြောချင်ကြပါဦးမယ်။  သူများ နယ်လိုချင်၊ အာဏာယူချင်တော့ ဒါဟာ မြန်မာပိုင်နက်မို့၊ အားလုံးက မြန်မာအောက်ဝင် ပါ။  ဟုတ်ပါပြီ၊ ဝင်စေချင်ရင် ဝင်နိုင်တဲ့ အခင်းအကျင်း အရင်ဖန်တီးပေါ့။

ဒါ့အပြင် မြန်မာသရုပ်ယူပါဆိုပြီး အရာအရာ  မြန်မာလုပ် မြန်မာခေါင်းစဉ်တပ်လိုပေမဲ့ တဖက်က ဗမာခရစ်ယာန် (ဗမာပြည်က ခရစ်ယာန်)၊ အထူးသဖြင့် ဗမာမွတ်ဆလင်  (ဗမာပြည်က မွတ်ဆလင်)၊ ဗမာတရုတ်အနွယ် (ဗမာပြည်က တရုတ်နွယ်ဖွားများ)၊ ဗမာအိန္ဒိယ (ဗမာပြည်က အိန္ဒိယနွယ်ဖွားများ) ရုပ်ပုံလွှာတခု သိအမှတ်ပြုမှု ထူထောင်တာကြ မကြည်ဖြူလိုဘူး မဟုတ်လား။  မြန်မာမှန်ရန် ဗုဒ္ဓဘာသာမှ နှစ်လိုတာမဟုတ်လား။  ဘင်္ဂါလီအသံကြားတာနဲ့ မွတ်ဆလင်ဆိုတာနဲ့  တီ ဆားနဲ့ တို့သလို ဖြစ်ရတဲ့ စိတ်အခံ၊ နှလုံးသား၊ ဦးနှောက်မျိုး မဟုတ်လား။

(ဒါနဲ့ စကားမစပ် — ဗမာပြည်က မွတ်ဆလင် များလည်း အခါခါ ပြောပြီးပြီ။  လူနည်းစု ဖြစ်ရခြင်း ခံစားချက်ကို ကိုယ်ချင်းစာ တရားထားပါ။  တရုတ်ဆော်တာနဲ့ ဝင်အာမချောင်နဲ့၊ လက်ခုပ်မတီးနဲ့။  ဒီလူမျိုးကြီး၊ ဘာသာကြီး ဝါဒဒဏ်ခံရတဲ့အထဲမှာ ခင်ဗျားတို့ ထိပ်ဆုံးကပါတယ်။  ကိုယ့်အပေါ် လူမျိုးရေးအမြင်၊ ဘာသာရေးအစွဲ မထားစေလိုရင် ကိုယ်တိုင်ကလည်း မထား ဘဲ ကျင့်ကြံ ပြုမူ ပြရတယ်။  သက်ဆိုင်တဲ့သူတွေကို ရည်ညွှန်းခြင်းပါ။)

ပြန်ကောက်ရရင် ပြည်ထောင်စု အတွင်းက လူမျိုးစု အားလုံး ကို ဘုံတူညီတဲ့ နာမည်တခုအောက်မှာ နှစ်လို ပျော်ဝင်စေဖို့ရာက စနစ်ကောင်းအောင် လုပ်ရပါတယ်။  ဒါ့အပြင် မတူကွဲပြား သီးသန့် တည်ရှိနေတဲ့ ဘာသာစကား၊ စာပေ၊ ကိုးကွယ်ရာ အယူ ဝါဒ၊ ဓလေ့၊ အဝတ်အစား၊ အစားအသောက်ကိုလည်း အသိအမှတ်ပြုရပါတယ်။ မတူကွဲပြားမှုကို အသိအမှတ်ပြု စုစည်းမှသာ ဘုံတူညီတဲ့ နိုင်ငံ စရိုက်လက္ခဏာတခု ရနိုင်မှာပေါ့။

အဝေးကြီး အမြင့်ကြီး ဒီမိုကရေစီနိုင်ငံကြီးတွေ မကြည့်ပါနဲ့။  အာဏာရှင်တပိုင်း နိုင်ငံ စင်္ကာပူမှာကို မလေး၊ တမီးလ်၊ တရုတ်၊ ဥရောပနွယ်အားလုံး စင်္ကာပူရီးယန်းအဖြစ် ဂုဏ်ယူဝံ့ကြွားခံယူလိုတာက လူမျိုး၊ ဘာသာ မခွဲခြား တပြေးညီ မျှတတဲ့ စနစ် တည်ထောင်ထားနိုင်လို့ပါပဲ။

ကိုယ့်ဆီမှာတော့ အလှမယ်ပြိုင်တာတောင် မြန်မာမဟုတ်လို့၊ တရုတ်ဖြစ်လို့၊ ကုလားသွေးပါလို့ အစသဖြင့် ဝိုင်းဆဲ တတ်ကြ တဲ့ နှလုံးသား တမိုက် တထွာ၊ အမြင် မျက်တောင်တမွှေး၊ ပုဇွန်ဆိတ် ဦးနှောက်များနဲ့ လူအများကို မွေးထုတ်လိုက်တဲ့ တဖက်စောင်းနင်း စနစ်သာ ရာစုဝက်ကျော် တည်တံ့နေတယ်။

ရေးရင်းနဲ့  ရှည်သွားပါပြီ။  တကယ်က လောက်ကိုင်ဓာတ်ပုံတွေ သတင်းတွေမှာ အများအပြားတက်လာတော့ ခံစားမှုမျိုးစုံ ဖြစ်ရ၊ ခံစားမှုတွေဖယ် အတွေးမျိုးစုံလည်း ကွန့်မြူးပြီး ဆောင်းပါးရေးဖို့  ကြံစည်နေတုန်း တင်စရာရှိတာလေးတွေ တင်ဖို့ လူမှုကွန်ရက်စာမျက်နှာကိုတက်အလာ News feed မှာ ဖြတ်ကနဲတွေ့ရတဲ့ ဒီမိုကရေစီနာမည်ယူပြီး လူမျိုးရေး သူငယ် နာမစင်၊ ရေဖျဉ်းနာစွဲရင်း အမျိုးဂုဏ် ဇာတိဂုဏ်မောက် ဝမ်းယောင်နေသူများရဲ့ ဝမ်းပျက်သံမြင်ရ၊ ကြားရလို့ လူက ပျို့တက် လာရင်း အန်ချ ဖြစ်သွားတာပါ။  အခုတော့ စာတပုဒ် ဖြစ်သွားပြီပေါ့။

အဓိက ပေးချင်တဲ့သတင်းစကား၊ အနည်းဆုံးအဆင့် လူအများ လက်ခံစဉ်းစားစေချင်တာကတော့ လက်နက်အားကိုး စစ် တိုက် နိုင်ငံတော် ထူထောင်လိုတဲ့ ပဒေသရာဇ်ခေတ် အတွေး၊ စိတ်၊ အမြင်၊ အလုပ် မပျောက်သရွေ့ ဒီလူမျိုးစုံတိုင်းရင်းသား ပြဿနာ   ငြိမ်းမှာမဟုတ်သလို မြန်မာ ဗဟိုပြု စဉ်းစားပုံနဲ့လည်း ပြည်ထောင်စု တည်ဆောင်နိုင်မှာ မဟုတ်ကြောင်းဆိုတာ ပါပဲ။

ငြိမ်းချမ်းအေး
ဖေဖော်ဝါရီ ၁၇၊ ၂၀၁၅
(ဆောင်းပါး ပါ အာဘော် ကို ဝေဖန်ရန် nyeinchanaye81@gmail.com သို့ စာရေးနိုင်ပါသည်။)
××××××××××××

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။