Monday, February 23, 2015

ကြက်ခြေနီယာဉ်တန်း ထပ်မံတိုက်ခိုက်ခံရ၊ ၅ ဦး ဒဏ်ရာရ

(ဧရာဝတီ)

ယမန်နေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ကိုးကန့်ဒေသအတွင်း လူမှုကူညီရေးလုပ်ဆောင်နေသော ကြက်ခြေနီယာဉ်တန်း ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခံရပြန်ကာ ဂျာနယ်လစ်တဦး အပါအဝင် လူ ၅ ဦး ဒဏ်ရာရသွားကြောင်း အစိုးရပိုင် ကြေးမုံသတင်းစာက ဖော်ပြသည်။

ကြက်ခြေနီ ၂ ဦး ဒဏ်ရာရစေခဲ့သော အင်္ဂါနေ့ ပထမအကြိမ် တိုက်ခိုက်ခံရသလို ချင်းရွှေဟော် အနီး အပစ်ခံခဲ့ရခြင်းဖြစ်သည်။

ကြေးမုံသတင်းစာက ယာဉ်တန်းတွင် ကြက်ခြေနီအလံကို ထင်ရှားစွာ လွှင့်ထားကြောင်း၊ လောက်ကိုင်မှ ချင်းရွှေဟော်သို့ စနေနေ့နေ့လည်တွင် အဆင်း ကိုးကန့်တပ်ဖွဲ့က တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ရေးသည်။ ထရပ်ကားပေါ်တွင် လူ ၁၃ ဦးပါဝင်ပြီး ကြက်ခြေနီများ၊ ဂျာနယ်လစ်များနှင့် စစ်ရှောင် ဒုက္ခသည်များဖြစ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်း လူမှုကွန်ရက် ဖေ့ဘွတ်စာမျက်နှာတွင် အတည်ပြု ရေးသားထားသည်။


တိုက်ခိုက်မှုအတွင်း ကြက်ခြေနီတဦး၊ အစိုးရတပိုင်း ရုပ်သံ မှ ဂျာနယ်လစ်တဦး၊ အထက်မြန်မာပြည်မှ ရွှေ့ပြောင်းလုပ်သား ၃ ဦးတို့ ဒဏ်ရာရခဲ့ပြီး လောက်ကိုင်မြို့မှ မိုင် ၃၀ အကွာရှိ ကွမ်းလုံမြို့ ဆေးရုံတွင် ကုသမှု ခံယူနေကြောင်း ကြေးမုံသတင်းက ဆိုသည်။ ဒဏ်ရာ မပြင်းဟု သိရသည်။

ယခု တိုက်ခိုက်မှုသည် နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာနတွင် ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးဦးဆောင်ကျင်းပသော သတင်းစာရှင်းလင်းပွဲနှင့် တိုက်ဆိုင်နေသည်။

လူမှုကူညီရေး ကြက်ခြေနီယာဉ်တန်းအား တိုက်ခိုက်မှုကို အမေရိကန်နှင့် ကုလသမဂ္ဂကလည်း ရှုတ်ချထားသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။