Saturday, February 21, 2015

လောက်ကိုင်တိုက်ပွဲတွင် တရုတ်ဘက်ခြမ်းမှ ကိုးကန့်များ ဝင်ကူတိုက်သည်ဟု ယူဆကြောင်း သမ္မတရုံး ဝန်ကြီးပြော

(Mizzima)

ဆယ်ရက်ကြာသည်အထိ ဆက်လက်တိုက်ခိုက်နေဆဲ လောက်ကိုင်တိုက်ပွဲတွင် ဖုန်ကြားရှင်တပ်ဘက်မှ တရုတ်တပ်ဖွဲ့များ ပါဝင်တိုက်ခိုက်မှု ရှိနေသည်ဟူသော သတင်းများအပေါ် တရုတ်နိုင်ငံဘက်မှ မျိုးနွယ်တူ ကိုးကန့်များ ကူညီတိုက်ခိုက်သည်ဟု တွက်ဆနိုင်ကြောင်း သမ္မတ ရုံးဝန်ကြီးဌာန အမှတ်(၄) ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ဖေဖော်ဝါရီ ၂ဝ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအပြီး မီဒီယာများကို ဖြေကြားသည်။

''ဖုန်ကြားရှင်တို့ ကိုးကန့်လူမျိုးတွေကတော့ တကယ်တော့လည်း တရုတ်နယ်မြေမှာ ကိုးကန့်လူမျိုးတွေ ရှိပါတယ်။ သူတို့အမျိုးအချင်းချင်း ဝင်ပြီးတော့တိုက်တာ ခိုက်တာတော့ ရှိချင်ရှိမှာပေါ့ဗျာ။ အဲဒီတော့ တရုတ်က ပါတယ်ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ တရုတ်က နိုင်ငံကြီး ဖြစ်ပါတယ်။ နိုင်ငံကြီးဖြစ်တော့ အင်တာနယ်ရှင် နယ် လောအနေနဲ့တော့ လုပ်ချင်လုပ်မှာပဲ။ သူ ကိုယ်တိုင်ပါစရာ မလိုပါဘူး။ သို့သော်လည်း ဟိုဘက် ရွာ နီးချုပ်စပ်ပေါ့ဗျာ၊ သူတို့က ပါပြီးတော့ ကူညီပြီးတိုက်တာတွေ ရှိနိုင်တယ်လို့ ဒီလိုပဲ တွက်လို့ရတယ်'' ဟု ဝန်ကြီးက ပြောသည်။


ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ''နယ်စပ်ဒေသဖြစ်တဲ့ အတွက်ကြောင့် တစ်ဖက်မှာလည်း သူတို့နဲ့ မျိုးနွယ်တူတွေရှိတယ်။ ဒီဘက်မှာလည်း မျိုးနွယ်တူ တွေရှိတယ်။ တူညီတဲ့ အလုပ်ကို လုပ်နေကြတယ်ဆိုတော့ ဒါကို အခွင့်ကောင်းယူတာပေါ့''ဟု ဖေဖော်ဝါရီ ၂ဝ မြဝတီသတင်းစာတွင် ဖော်ပြထားသည်။

ဖုန်ကြားရှင်၏ နောက်တွင် နိုင်ငံရေး အဖွဲ့အစည်းများ ပါဝင်နေမှု ရှိ/မရှိကို ဝန်ကြီး ဦးအောင်မင်းကို မေးသည့် အခါ ''သူ့နောက်မှာ ပူးပေါင်းအဖွဲ့တွေ ပါတယ်လို့ ပြောတယ်။ သို့သော်လည်း တရားဝင် ထုတ်ပြန်ကြေ ညာတာက ပလောင်တစ်ခုတည်းပါ။ ကေအိုင်အေပါတယ် ပြောသော်လည်း ကေအိုင်အေက သူမပါဘူးလို့ ကြေညာချက်တွေ ထုတ်နေတယ်'' ဟု ၎င်းက ပြန်ဖြေကြားခဲ့သည်။

ထို့အပြင် ''ဖုန်ကြားရှင်မှာတော့ နောက်ကွယ်က နိုင်ငံရေးပတ်သက်တာတော့ သိပ်မရှိပါဘူး။ သို့သော်လည်းပဲ သူကနဂိုကတည်းကိုက အဲဒီနယ်မြေမှာ စော်ဘွားစနစ်ပဲ အုပ်ချုပ်ခဲ့တာလေ။ စော်ဘွားဆိုတာကတော့ သူကဓားမိုးပြီး အုပ်ချုပ်တာ။ သူက ဒီစနစ်ကိုကြိုက်တော့ ဒီစနစ်ကို ပြန်ယူတာပေါ့။ ကျွန်တော်က ဖြစ်စေချင်တာက ပါတီစုံဒီမိုကရေ စီစနစ်မှာ အာဏာဟာ ပြည်သူ့လက်ထဲမှာရှိတယ်။ သူလက်နက်စွဲကိုင် ပြီးတော့ ဒီအာဏာကို ရယူတာ မဖြစ်သင့်ဘူး။ ဒီအာဏာကိုလိုချင်ရင် ပြည်သူ့ရဲ့ ထောက်ခံမှုရအောင်လုပ်၊ ပြည်သူ့ရဲ့ ထောက်ခံမှုရလို့ရှိရင် ဒီအာဏာကို ပြန်ရမှာပဲ'' ဟု ပြောသည်။

၂ဝ၁၁ တွင် ဖုန်ကြားရှင်နှင့် ဖုန်ကြားဖူး ညီအစ်ကိုနှစ်ယောက်တို့က စာရေးခဲ့သဖြင့် နိုင်ငံတော် သမ္မတက သူတို့နှစ်ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးထားကြောင်း၊ ထိုသို့ပေးထားသည့် ကြားထဲမှ ယခုကဲ့သို့ တိုက်ပွဲများ ပြန်ဖြစ်လာခြင်းမှာ ဖုန်ကြားရှင်တို့ဘက်က လွန်သည်ဟု မြင်ပါကြောင်း၊ ၎င်းတို့ကို အေးအေးဆေးဆေး ပြန်လာ၍ရအောင် ခွင့်ပြုထားလျက်နှင့် ပြန်မလာဘဲ လက်နက်ကိုင်လမ်းစဉ်ကို ပြန်ပြီးကိုင်တာ မကောင်းဟုလည်း ဝန်ကြီးက ပြောသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။