Thursday, February 12, 2015

ငြိမ်းချမ်းရေးနှင့် အပစ်ရပ်ရေး ဆက်လုပ်မည်ဟု ကတိပြုချက် ယနေ့ လက်မှတ်ရေးထိုးမည်

(Mizzima)

ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ကတိပြုချက်ပါသည့် ကြေညာချက် တစ်ခုကို ဖေဖော်ဝါရီလ ၁၂ ရက်တွင် လက်မှတ်ရေးထိုးနိုင်ရန် ကြိုးစားနေသည်ဟု သမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က''မနေ့ကတော့ သမ္မတကြီးက ကေအင်န်ယူနဲ့ ဆွေးနွေးတယ်။ လက်မှတ်ထိုးတာ ဆိုတာကလည်း သဘောတူစာချုပ် မဟုတ်ဘူးပေါ့၊ ကျွန်တော်တို့ ပြောရ ရင်ကတိပြုချက် သဘောမျိုးလုပ်ဖို့တော့ ညှိနေတာရှိပါတယ်'' ဟု မဇ္ဈိမ၏ မေးမြန်းချက်ကို ဖြေကြားသည်။

 
နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်၊ သဘင်ခန်းမဆောင်တွင်ကျင်းပသည့် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်မည့် ဗိုလ်ချုပ် အောင်ဆန်းရာပြည့် အခမ်းအနားအပြီးတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

ယင်းသဘောတူညီချက်သည် ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေးကို ဆက်လုပ်သွားမည်ဆိုသည့် ကတိပြုချက်ကို ထင်ဟပ်သည့် ကြေညာချက် တစ်ခုဖြစ်ပြီး လက်မှတ်ရေးထိုးနိုင်ရန် ဆက်လက်ကြိုးစားနေသည်ဟု ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ပြောကြားသည်။

ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ပွဲသို့ ရှမ်းပြည်ပြန်လည် ထူထာင်ေရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ယွက်ဆစ်တက်ရောက် မည်ဖြစ်ပြီး အစိုးရကမ်းလှမ်းသော ငြိမ်းချမ်းရေး သဘောတူညီမှု စာချွန်လွာ လက်မှတ်ရေးထိုးရန် ဆုံး ဖြတ်ထားသည်ဟု RCSS ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီမှ လက်ထောက် အတွင်းရေးမှူး စိုင် မိဏ်းက မဇ္ဈိမကို ပြောသည်။

''ကျွန်တော်တို့ ၇ ရက်နေ့မှာ ငြိမ်းချမ်းရေးဖော်ဆောင်ရေး သဘောတူညီချက်ပေါ့နော်။ တိုင်းရင်းသားတွေဘက်က ပြင်ဆင်ထားတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိမယ်ဆိုရင်တော့ ကျွန်တော်တို့ မူအရ လက်မှတ်ထိုးမယ်လို့ ဆုံးဖြတ်ချက်ထားပါတယ်'' ဟု ၎င်းက ပြောသည်။

အစိုးရနှင့် နေပြည်တော်တွင် ပြည်ထောင်စုနေ့ အခမ်းအနားတက်ရန် ရောက်ရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ ငြိမ်းချမ်းရေး သဘောတူညီ နားလည်မှု စာချွန်လွှာအပေါ် လက်မှတ်ရေးထိုးရေးထိုးရန် ဖေဖော်ဝါရီ ၁၁ ရက် မွန်းလွဲ ၂ နာရီတွင် အစည်းအဝေးကျင်းပမည်ဟုလည်း စိုင်မိဏ်းက ပြောသည်။

လက်ရှိ နေပြည်တော်တွင် ပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက်ရန် RCSS ဥက္ကဋ္ဌ ယွပ်ဆစ်၊ ကရင် အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ မူတူးစေးဖိုးတို့ ရောက်ရှိနေပြီ ဖြစ်သည်။ အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၆ ဖွဲ့စလုံးကို ဖိတ်ကြားထားပြီး KIO ၊ TNLA၊ KNPP  အဖွဲ့များမှလွဲ၍ ကျန်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ တက်ရောက်မည်ဟု မြန်မာနိုင်ငံ ငြိမ်းချမ်းရေးစင်တာထံမှ သိရသည်။

ကရင် အမျိုးသား အစည်းအရုံးကလည်း ကေအင်န်ယူ၏မူဝါဒ၊ လမ်းစဉ်၊ ရပ်တည်ချက်များနှင့် သွေဖည်ခြင်း မရှိပါက သဘောတူမည်ဖြစ်သော်လည်း အခြားသော လက်နက်ကိုင် အဖွဲ့များ၏ သဘောဆန္ဒနှင့်လည်း မဆန့်ကျင်ဘဲ ညှိနှိုင်းလုပ်ဆောင်သွားမည်ဟု ကေအင်န်ယူ၏ ဗဟိုအမြဲတမ်းကော်မတီ သုံးကြိမ်မြောက် အစည်းအဝေးအပြီး ဖေဖော်ဝါရီ ၉ ရက်က ထုတ်ပြန်ထားသည်။

ပြည်ထောင်စုနေ့တွင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးရန် ''ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်'' ကို အစိုးရဘက်က ဖေဖော်ဝါရီ ၅ ရက်တွင် တိုင်းရင်းသားများထံ အကြောင်းကြားထားပြီးဖြစ်ကာ တိုင်းရင်းသား အဖွဲ့များဘက်ကလည်း လက်မှတ်ထိုးနိုင်ရေးအတွက် ညှိနှိုင်းထားမှုများရှိသည်ဟု စိုင်မိဏ်းက မဇ္ဈိမကို ပြောသည်။

''ငြိမ်းချမ်းရေး ဖော်ဆောင်မှုမှာ နားလည်မှုရယူထားတဲ့ စာချွန်လွှာပေါ့နော်။ သူတို့ ခေါင်းစဉ်ထည့်ထားတာတော့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်ပေါ့နော်။ အစိုးရဘက်က စီစဉ်ထားတယ်။ တိုင်းရင်းသား ဘက်ကလည်း ပြင်ဆင်ထားတာ ရှိတယ်။ ဒီနှစ်ခုကြားထဲမှာ အတူတကွ လက်မှတ်ရေးထိုးနိုင်အောင် ညှိနှိုင်းထားကြတာပေါ့နော်'' ဟု ၎င်းက ပြောသည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကလည်း ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ကတိကဝတ် လက်မှတ်ရေးထိုးရန် တောင်းဆိုထားသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။