Thursday, February 19, 2015

ငြိမ်းချမ်းရေး စစ်တမ်း (၁၂)။ ကိုးကန့် မြွေခြောက် ကိုက်ခံလိုက်ရခြင်း၊ မုံးကိုး စစ်ရာဇ၀တ် မှု နှင့် ဥပဒေစိုးမိုးရေး။

(Aung Htoo)

  မြန်မာဆိုရိုးစကား နှင့် ကိုးကားသုံးသပ်မည်ဆိုပါကကာချုပ်မင်းအောင်လှိုင် နှင့် စစ်အစိုးရ တဖွဲ့ လုံး မြွေခြောက်ကိုက်ခံလိုက်ရပြီ ဟု ဆိုနိုင်သည်။ မြွေသည် သေနေရုံသာမက ခြောက်ပင် ခြောက်သွေ့နေပြီဖြစ်သဖြင့် မည်သည့်အဆိပ်မျှ မရှိနိုင်တော့။ အန္တရာယ်ပြုနိင်ရန် ဝေလာဝေးဟု အ၇ာတခုအားအထင်သေးစွာ ပစ်ပယ်ထား  ခဲ့ရာမှ ယင်းက ပြန်လည်ပြီးအကြီးအကျယ်ပြသနာရှာလာသော အခါ မြွေခြောက်ကိုက်ခံရသည် ဟု တင်စား ပြောဆိုကြလေ့ရှိခြင်းပင်။ဖုန်ကျားရှင် ဦးဆောင်သည့် ကိုးကန့်ေ မြွေခြောက်က ပြန်ကိုက်လိုက်သောအခါကာချုပ် မင်းအောင်လှိုင်နှင့် စစ်အစိုးရ တဖွဲ့ လုံးတုန်လှုပ်ခြောက်ခြားသွားကြရသည်။ အဘယ်ကြောင့်နည်း။



            ဤပြသနာကို ကာချုပ်မင်းအောင်လှိုင် အရှက်ပြေပြောနေသလို“ရဲ တချို့ ကို သတ်ပြီးထွက်ပြေးသွားခဲ့တဲ့ရာဇ၀တ်သား တဦးက ဦးဆောင်ပြီး တိုင်းပြည်လုံခြုံရေးကို ထိပါးအောင်လုပ်နေတာ။”  ဟူ၍ အပေါ်ယံကြောကနေ ချဉ်းကပ်၊ စစ်ရေးအင်အားသုံးပြီးဖြေရှင်းရုံနှင့် လုံးဝမရနိုင်ပါ။ ဖုန်ကျားရှင်ဦးဆောင်သည့် ကိုးကန့် အဖွဲ့ က ဆင်နွှဲသွားခဲ့သည့် လတ်တလောစစ်ပွဲသည် လူ့ ခန္ဓာကိုယ်၏ အပေါ်ယံတွင် တွေ့ ရသည့် အနာဖုကလေး တခုနှင့်တူသည်။သို့ ရာတွင် ယင်းကို လိမ်းဆေးမျှနှင့် ကုစား၍ မရနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ယင်းအနာဖုကလေးမှာကင်ဆာ၏ အပေါ်ယံ လက္ခဏာဖြစ်နေပြီး အတွင်းတွင် များစွာလှိုက်စားနေခဲ့ပြီ ဖြစ်သောကြောင့်ပင်။


            ကိုးကန့် မှာ တိုင်းရင်းသား လူမျိုးအဖြစ်သတ်မှတ်ခံရသော်လည်းစင်စစ်အားဖြင့် တရုတ်နွယ်များ ဖြစ်သည်။ ကချင်နှင့် ရှမ်းတို့ သည် မြန်မာနိုင်ငံဘက်ခြမ်းတွင်လူများစုအဓိကအခြေစိုက်ကာ နေထိုင်ကြသော်လည်း တရုတ် နိုင်ငံဘက်ခြမ်း တွင်လည်း ဒေသခံ တိုင်းရင်းသားလူမျိုးအဖြစ်အသိအမှတ်ပြုခံရသည်။ ထိုနည်းတူစွာ ၁၈ ရာစုနှစ်များ ကထဲက ရှမ်းပြည်အရှေ့ မြောက်ဒေသတွင်အခြေစိုက်နေထိုင်လာခဲ့သည့် ကိုးကန့် အား တရုတ်နွယ်ဖွားဖြစ်သော် လည်း မြန်မာနိုင်ငံ၏တိုင်းရင်းသားလူမျိုးတမျိုးအဖြစ် အသိအမှတ်ပြု ခဲ့ပုံရသည်။ ကိုးကန့် ပြသနာကို တရုတ်မုန်းတည်းစိတ်အခြေခံနှင့် ဆက်စပ်မကြည့်သင့်။ မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူမျိုးတမျိုးရှုဒေါင့်နှင့် ပြည်ထောင်စု အမျိုးသားရေးဝါဒ အမြင်မှသာ ကြည့်သင့်ပါသည်။ ယင်းမှာ အဘယ်နည်း။

           ကမ္ဘာတခွင်ဆက်သွယ်ဆောင်ရွက်သည့် ယနေ့ ခေတ်[i] ကြီးတွင်လူတဦးချင်းစီ၏ အခွင့်အရေးကို အဓိက
ထားသည့် လူ့ အခွင့်အရေး[ii] ကရှေ့ တန်းရောက်လာခဲ့သည့်အချိန်တွင် လူ့ သမိုင်းအစကထဲက တည်ရှိလာခဲ့သည့် မိမိတို့ လူမျိုးတမျိုးချင်းစီကိုအခြေခံသည့် လူမျိုးရေးဝါဒ[iii]သည်လည်းပြန်လည်အားကောင်းရှင်သန်လာသည်။ သာဓကအားဖြင့် အိမ်နီးခြင်း နိုင်ငံများကို ကြည့်ပါ။အိန္ဒိယ နှင့် ထိုင်း တို့ သည် ဒီမိုကရေစီကို အမျိုးသားရေးဝါဒနှင့် ယှဉ်တွဲကျင့်သုံးကြသည်။ထိုင်းအမျိုးသားဟု ဆိုလိုက်လျှင် တနိုင်ငံလုံးရှိ ထိုင်းနိုင်ငံသားအားလုံးကို လွှမ်းခြုံသည့်သဘောဆောင်သည်။ အင်ဒီးယန်း[iv]အမျိုးသားဟုဆိုလိုက်လျှင် အိန္ဒိယ နိုင်ငံအတွင်းရှိ လူမျိုးအားလုံး (တမီလ်၊ အူရဒူ၊ ဆစ် အစရှိသဖြင့်)အားလုံးကိုလွှမ်းခြုံသည်။ တရုတ်နိုင်ငံတွင် ကွန်မြူနစ်၊ ဆိုရှယ်လစ် စနစ်ကို အမျိုးသားရေးဝါဒနှင့် ယှဉ်တွဲသုံးသည်။ တရုတ်အမျိုးသားဟု ဆိုလိုက်လျှင် တရုတ် တနိုင်ငံလုံးရှိ နိုင်ငံသားအားလုံးကိုလွှမ်းခြုံရာ ရောက်သည်။ ပြသနာမရှိကြ။

             အဘယ်ကြောင့်ဆိုသော် ထိုင်းတွင် အလွန်နည်းသည့်လူဦးရေ သာလျှင် ထိုင်းမဟုတ်သည့်အခြားတိုင်းရင်း သားများဖြစ်သည်။ တရုတ်နိုင်ငံတွင်လည်းထိုနည်းလည်း ကောင်းပင်။ အိန္ဒိယ တွင် အင်ဒီးယန်း ဟူသောအမည်မှာ အိန္ဒိယ နိုင်ငံအတွင်းရှိ မည်သည့် လူမျိးတမျိုးတည်းကိုမျှကိုယ်စားမပြု။ အမေရိကန် နိုင်ငံမှာကဲ့သို့ပင် လူမျိုးအားလုံး ကို လွှမ်းခြုံမှည့်ခေါ်ထားပြီး ဘုံပိုင်ဆိုင်သည့် နိုင်ငံရေးအမည်[v] ဖြစ်နေသည်။လူ့ အခွင့်အရေးကို တဘက်က ပိုမိုတန် ဘိုးထားလာကြသော်လည်း မိမိသက်ဆိုင်ရာ တိုင်းပြည်ကိုနောက်ခံပြုသည့် အမျိုးသားရေးဝါဒ အခြေခံဖြင့် ကမ္ဘာ တခွင်ဆက်သွယ်ဆောင်ရွက်သည့် ခေတ်ကြီးကိုချဉ်းကပ်လာကြသည်မှာ ကမ္ဘာကြီး၏လမ်းကြောင်းလို ဖြစ်လာသည်။

             မြန်မာနိုင်ငံတွင် အမျိုးသားရေးဝါဒကိုမည်သို့ လက်တွေ့ ဖေါ်ဆောင်မည်နည်း။ ပြသနာရှိလာသည်။ တရုတ် နှင့် ထိုင်းနိုင်ငံတို့ ကဲ့သို့မြန်မာလူမျိုးလူဦးရေက အများစုကြီးလည်းမဟုတ်ပြန်။ ကျန်သည့် တိုင်းရင်းသားများစုပေါင်းလျှင် မြန်မာလူမျိုးလူဦးရေထက် ပိုပြီးများသည်ဟူသော သုံးသပ်ချက်များထွက်လာသည်။ တိုင်းရင်းသားများ၏အမည် ရှေ့ တွင် ဦး၊ ဒေါ် စသဖြင့်ထည့်ပေးလိုက်ပြီး မြန်မာအဖြစ်အပြောင်းခံလိုက်ရသူဦးရေအရေအတွက်မှာလည်း မနည်း ကြောင်း ထောက်ပြမှုများရှိလာသည်။ မည်သို့ ဖြစ်စေ၊ သေချာသောအချက်မှာမြန်မာဟု ဆိုလိုက်လျှင် မြန်မာလူမျိုးစု လူများစုကြီးကို ညွှန်းဆိုသည့် သဘောရောက်နေသဖြင့်အခြားကရင်၊ ကရင်နီ၊ ကချင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စသူတို့ က မိမိတို့ ကို ရည်ညွှန်းသည်ဟု မခံယူနိုင်ကြ။ ထိုအထဲတွင် ကိုးကန့် လည်းပါရှိပါမည်။ တိုင်းပြည်၏နိုင်ငံရေးအမည် သည် လူမျိုး ကိုယ်စားပြုမှု နှင့် ဆက်စပ်ကာ ပြသနာဖြစ်လာသည်။

“ကိုးကန့် ဟာ ငါတို့ မြန်မာတွေ ပိုင်တဲ့ နယ်မြေ ဖြစ်တယ်။”ဟူ၍ ဆိုလိုက်သောအခါ လူမျိုးနှစ်မျိုး၏ ပဋိပက္ခ အသွင်ကို ဆောင်သွားသည်။ ၄င်းတို့ ၏ မူရင်းဇာတိ နယ်မြေဟောင်းကိုပြန်ဝင်ကြောင်း ဖုန်ကျားရှင်အဖွဲ့ က ထောက် ပြသည်။ “ကိုးကန့် နယ်မြေမှာ ကျုပ်တို့ တင်ထားတဲ့တရားဝင်အစိုးရကို ဖုန်ကျားရှင် အဖွဲ့ က တိုက်ခိုက်တာဟာ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ထိပါးတာဘဲ။”  ဟု ကာချုပ် မင်းအောင်လှိုင်က ပြောသည်။ ဤတွင် တရားဝင်အစိုးရဟူသည်မှာ အဘယ်နည်း ဟူ၍ မေးစရာရှိလာသည်။

တပြည်ထောင်စနစ်[vi] ကို ကျင့်သုံးသည့်နိုင်ငံတွင် ၀န်ကြီးချုပ်က သက်ဆိုင်ရာ ပြည်နယ်အတွင်းရှိ မိမိ နှစ်သက်ရာ ပုဂ္ဂိုလ်တဦးကိုအုပ်ချုပ်ရေးမှုးအဖြစ် တိုက်ရိုက်လှမ်းပြီး ရွေးချယ်လိုက်ခြင်းမှာ သဘာဝ ကျသည်။ သို့ ရာတွင် ပြည်ထောင်စုနိုင်ငံတွင်မူ ဒေသတခုကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးလိုက်သည်ဆိုလျှင်အဆိုပါ ဒေသအတွင်း ရှိ လူထုက ရွေးကောက်တင်မြှောက်ခြင်းခံရသူ ဖြစ်မှသာလျှင် တရားဝင် အုပ်ချုပ်ခွင့်ရှိသည်။ကိုးကန့် ဒေသတွင် မြန်မာ့ တပ်မတော်က ရွေးချယ်ကာ အုပ်ချုပ်ခွင့် ပေးလိုက်သည့် ပိုင်စောက်ချိန်သည် တရားဝင်အစိုးရဖြစ်ပါ့မလား။ အကယ် ၍ ပိုင်စောက်ချိန် နှင့် ဖုန်ကျာ ရှင် နှစ်ဦးတို့ကိုးကန့် နယ်မြေတွင် ယှဉ်ပြိုင်ပြီး လွတ်လပ်သည့် ရွေးချယ်တင်မြှောက်ပွဲ ကျင်းပခွင့်ရမည်ဆိုပါက ဖုန်ကျားရှင် အရွေးခံရမည် မှာ သေချာလောက်သည်။


ကာချုပ်မင်းအောင်လှိုင် ခေါင်းဆောင်သည့်မြန်မာ့တပ်မတော်က ကိုးကန့် ပြသနာအပေါ်ချဉ်းကပ်ပုံ လွဲနေ ကြောင်းကို ဆိုလိုရင်းဖြစ်သည်။ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆိုပါက သူ့ ဒေသတွင် သူ့ လူမျိုးများနှင့် ဒေသခံအခြားတိုင်းရင်းသား လူမျိုးများက ရွေးချယ်တင်မြှောက်ခံရသူ အုပ်ချုပ်မှသာ တရားဝင် အစိုးရဖြစ်နိုင်ပါမည်။မြန်မာ့ တပ် မတော်က ရွေးချယ်သူကို အုပ်ချုပ်ခွင့်ပေးလိုက်ပြီး ယင်းကို တရားဝင်အစိုးရဟုသတ်မှတ်လိုပါက ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံကို ပြင်ရပါမည်။ ပုဒ်မ ၅၆ (င) ပါ “ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ” ဟူသည့် အမည်မှနေ၍ “ မြန်မာ့ တပ်မတော်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ” ဟူ၍ ပြောင်းရန်လိုပါမည်။

ဖုန်ကျားရှင်ဘက်ကမူ ဘိန်းစိုက်ပျိုးရေးကို၎င်းကိုယ်တိုင်ဦးဆောင်၍ တိုက်ဖျက်ခဲ့ကြောင်း၊ အခြားစီးပွားရေး လုပ်ငန်းများကို တိုးချဲ့လုပ်စေပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုခဲ့သဖြင့် ဒေသတွင်းလူထုစီးပွားရေးတိုးတက် လာခဲ့ကြောင်းဆိုသည်။ သေချာသောအချက်မှာမူ ဖုန်ကျားရှင် ကိုးကန့် ဒေသကို ကြီးစိုးခဲ့စဉ်ကဘိန်းစိုက်ပျိုးမှု တိုက်ဖျက်ရေးအောင်မြင်အောင် လုပ်နိုင်ခဲ့သည်ဟူ၍ န၀တ စစ်အစိုးရကိုယ်တိုင်ကဖုန်ကျားရှင်နှင့် လက်တွဲကာ ဂုဏ် ယူ ၀င့်ကြွားခဲ့ကြသည်။ အကယ်၍ ဖုန်ကျားရှင်သည် မူးယစ်ရာဇာကြီးဖြစ်ခဲ့လျှင်ထိုစဉ်က အဘယ်ကြောင့် အရေးမယူ ခဲ့သနည်း။ ဘိန်းစိုက်ကျဆင်းပြီး မြန်မာ့တပ်မတော်၏ ၀င်ငွေကိုထိခိုက်စေခဲ့သဖြင့် ၄င်းအပေါ်တွင် အမုန်းပွားလာခဲ့ ကြောင်းဖြင့် ဖုန်ကျားရှင်က ပြန်လှန်စွပ်စွဲသည်။ ဥပဒေစိုးမိုးရေးသည် ဘက်တဘက်တည်းကိုသာကြည့်၍မရပါ။


၁၉၈၉ ခုနှစ် မတ်လ (၂) ရက် နေ့ တွင်ဖုန်ကျားရှင် ဦးဆောင်သည့် ကိုးကန့် အဖွဲ့  ဗကပ ကနေခွဲထွက်၊“မြန်မာနိုင်ငံ လူမျိုးစု ဒီမိုကရေစီ မဟာမိတ်တပ်ပေါင်းစု” MNDA တည်ထောင်လိုက်သည့်အချိန်မှစ၍နအဖ စစ်အစိုးရ နှင့် အပစ်အခတ်ရပ်စဲရေး လုပ်လိုက်ပြီးသည့်နောက် ကိုးကန့် ဒေသသည် မြန်မာ့တပ်မတော်၏ တိုက်ရိုက်ကွပ်ကဲမှု
အောက်သို့ ကျရောက်သွားခဲ့သည်။ ထိုအချိန်တွင် မြန်မာစစ်တပ်သည် စစ်ရာဇ၀တ်မှု ကြီးကိုကျူးလွန်ခဲ့သည်။


“ကိုးကန့်ဒေသ မှာ ဖုန် နှင့် ရန် တို့ရဲ့ မျိုးနွယ်စုအလိုက် အားပြိုင်နေရာလုခဲ့ကြမှုကလဲကာလတလျှောက်လုံး ရှိခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်ကျော် ကာလမှာတော့ ဖုန် နှင့် ရန် တို့ရဲ့ပဋိပက္ခဟာ အကြီးအကျယ် ပေါ်ထွက်လာခဲ့ပြီး အပြန် အလှန်လက်နက်ကိုင် တိုက်ခိုက်ကြတဲ့အထိ ဖြစ်ပေါ်လာခဲ့ပါတယ်။ကွမ်းလုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်ကနေ မုံးကိုအထိသော ကိုးကန့်နယ်မြေဒေသအတွင်းမှာ ဒု- ဗိုလ်ချုပ်မှူးကြီး ခင်ညွှန့်ရဲ့ ထောက်လှမ်းရေးတပ်ကနေ ဝင်ရောက် ဖြန်ဖြေပေးခဲ့ရရာမှာကွမ်းလုံဒေသတဖက်ကို ရန် အုပ်ကို အပိုင်အစားပေးခဲ့ပြီး၊ မုံဆာလခေါင်း ဆောင်တဲ့ အုပ်စုကိုတော့မုန်းကိုးဒေသကို ခွဲတမ်းချပေးခဲ့ရင်း၊ ချင်းရွှေဟော်၊ လောက်ကိုင် အပါအဝင် အဓိက ကိုးကန့်နယ်မြေဒေသအများစုကြီးကိုတော့ စစ်အစိုးရနဲ့ ပထမဆုံးနားလည်မှု ရယူခဲ့တဲ့ ဖုန်ကျားရှင်းခေါင်းဆောင်တဲ့ အုပ်စုကို အပိုင် စားပေးခဲ့ပါတယ်။”


“၂၀၀၀ ပြည့်နှစ်ကုန်ခါနီး အောက်တိုဘာ -၂၄ရက်နေ့မှာ မုံးကိုးဒေက ဥက္ကဌ မုံဆာလကိုလီနင်မင် ဦးဆောင် တဲ့ အဖွဲ့က အာဏာသိမ်းယူဖို့ကြိုးစားတဲ့ အဖြစ်အပျက်တခုပေါ်ပေါက်ခဲ့ပြီးမုံဆာလကရော၊ လီနင်မင် ကပါ နဝတရဲ့ စီမံခန့်ခွဲဖြေရှင်းပေးမှုကိုလိုက်နာပါ့မယ်လို့ သူ့ထက်ငါအပြန်အလှန် တင်ပြခဲ့ကြပါတယ်။ နဝတ စစ်အစိုးရကနေ ဖြေ ရှင်းပေးလိုက်ပုံကတော့ ယာလည်းအညက်ကြက်လည်းအမော ပေါ်လစီကို ကျင့်သုံးထိုင် ကြည့်နေခဲ့ပြီးမှ လီနင်မင် ခေါင်းဆောင်တဲ့ တပ်ဖွဲ့ဝင်(၁၀၀)လောက်ကို အနီးကပ်သေနတ်နဲ့ တေ့ပစ်သတ်ပြီး ကျင်းကြီးကြီးတွေထဲ အစုလိုက် အပြုံလိုက်မြှပ်ပစ်ခဲ့တယ်။”[vii]

ဤရာဇ၀တ်မှုကြီးကို စစ်အစိုးရအဆက်ဆက်က ဖုံးကွယ်ထားခဲ့သည်မှာ ၁၅ နှစ်အတွင်းချင်းနင်းဝင်ရောက် လာခဲ့ပြီ။ အပစ်ရပ်အဖွဲ့ များအတွက် သင်္ခန်းစာယူကြရပါမည်။ ဤ၇က်စက်မှုကြီးကို ကြည့်ကာတိုင်းရင်းသားများ၏ စိတ်တွင် ငါတို့ လက်ထဲမှာ လက်နက်ကိုင်ထားမှသာ ဘ၀အာမခံချက်ရှိမယ်ဟုယုံကြည်လာကြသောအခါ ပြည်တွင်း ငြိမ်းချမ်းရေးမှာ လိုက်လေဝေးလေ ဖြစ်နေသည်။ ဤရာဇ၀တ်မှုကြီးကိုမြန်မာ့တပ်မတော်က ကျူးလွန်ခဲ့ခြင်းမဟုတ်ဟု ဆိုပါက ကုလသမဂ္ဂငြိမ်းချမ်းမှု ထိမ်းသိမ်းရေးတပ်များ[viii]ကို ဖိတ်ခေါ်၊ ကိုးကန့် ဒေသကို ကုလသမဂ္ဂအုပ်ချုပ်မှု လက်ထဲသို့ အပ်၊ နိုင်ငံတကာစုံးစမ်းစစ်ဆေးရေးအဖွဲ့[ix] ဖွဲ့စည်းစစ်ဆေးစေမည်ဆိုလျှင် အမှုမှန်ပေါ်လာပါမည်။

ဥပဒေစိုးမိုးရေး မရှိပါက ပြည်တွင်းငြိမ်းချမ်းရေး မည်သို့ မျှရနိုင်ဘွယ်မရှိ။ဖွဲ့ စည်းပုံအရ ရဲတပ်ဖွဲ့ ကို တပ်မတော်၏ ကွပ်ကဲမှုအောက်တွင်ထားရုံသာမက စစ်ဗိုလ်ဟောင်းများကိုရဲတပ်ဖွဲ့ ခေါင်းဆောင်များအဖြစ် ရွှေ့   ပြောင်းခန့်ထားလိုက်သောအခါ မြန်မာ့တပ်မတော်က ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုကြီးများအား မည်သို့ မျှဖေါ်ထုတ် စစ်ဆေး၍မရနိုင်တော့။

ကိုပါကြီးအမှု၊ ကေအင်ယူမှ စောတာနိ သတ်ဖြတ်ခံရမှု၊ ဖားကန့် မှ ဂျာဆင်းအိန်အမှု၊ရှမ်းပြည် နယ် မူဆယ် ခရိုင် ကောင်းခါးကျေးရွာမှ ကချင်သာသနာပြုဆရာမလေးနှစ်ဦး မုဒိန်းကျင့်သတ်ဖြတ်ခံရမှုအစရှိသဖြင့် အမှုပေါင်း မြောက်များစွာသည် သိသိကြီးနှင့် လက်သည်မဖေါ်နိုင်ဘဲ အစပျောက်နေရသည်။မြန်မာ့တပ်မတော်က ကိုယ်ကိုယ် တိုင်ကျူးလွန်ခဲ့သော ပြစ်မှုများအား ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေနှင့် အညီ ကိုယ့်ဖာသာကိုယ် တည်ဆောက်ထား သည့်တရားရုံးတွင် ကိုယ့်အမှုကိုယ်စီရင်ခွင့်ရနေသောအခါ အခြေအနေမှာ ကမ်းကုန်အောင်ပင် ဆိုးဝါးနေပါတော့ သည်။ လက်နက်ကိုင်တိုက်ပွဲများဖြစ်ပွားနေသည်ဖြစ်စေ၊ အပစ်ရပ်ထားသည်ဖြစ်စေ ယင်းအခြေအနေ တည်ရှိနေ သမျှကာလပတ်လုံး ဥပဒေစိုးမိုးရေးပျက်သုဉ်းနေမည်ဖြစ်သဖြင့်မည်သည့်အခါတွင်မျှစစ်မှန်သည့် ပြည်တွင်း ငြိမ်းချမ်းရေးမရနိုင်။

ဤသည်ကို ပြောင်းပြန်လှန်နိုင်ရန်မှာ ၂၀၀၈ ဖွဲ့ စည်းပုံတခုလုံးကို သမိုင်းအမှိုက်ခြင်းထဲ့လွှင့်ပစ်၊ ဒီမို ကရက်တစ် ဖက်ဒရယ်ဖွဲ့ စည်းပုံအသစ်တခုကိုရေးဆွဲ၊ ၄င်းအရ လွတ်လပ်သောတရားစီရင်ရေးစနစ်တရပ်ကိုတည် ထောင်၊ ရဲတပ်ဖွဲ့ နှင့် တိုင်းပြည်လုံခြုံရေးအဖွဲ့ အစည်းများအား တပ်မတော်၏ ထိန်းချုပ်မှုအောက်မှလွတ်လပ်စွာ ဖွဲ့ စည်းစေကာ လူထုက ရွေးကောက်တင်မြှောက်သည့် အရပ်သား အစိုးရ၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင်ထားမှသာလျှင် စစ်မှန်သည့် ဥပဒေစိုးမိုးရေးရလာနိုင်ဘွယ်ရှိသည်။

၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ အခန်း (၁၁) အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များသည်စစ်အာဏာရှင် စနစ်ကိုသာ သက်ဆိုးရှည်စေမည်ဖြစ်သည်။ အထူးသဖြင့် ပုဒ်မ ၄၁၃ ပါ ပြဌာန်းချက်အရတရားစီရင်ရေးအာဏာကိုပါ ကာချုပ်လက်ထဲသို့ အပ်နှင်းလိုက်ခြင်းမှာ တက်တက်စင်လွဲနေသည်။မည်သို့သောအရေးပေါ်အခြေအနေအောက်တွင်  မဆို တရားစီရင်ရေးအာဏာသည်ပုံမှန်တရားရုံးနှင့် တရားသူကြီးများ လက်ထဲတွင်သာရှိရပါမည်။ ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအောက်တွင် ကိုးကန့် လူထု၏ အသက်မှာ ဖက်နှင့်ထုတ်ထားရုံမှတပါးအခြား မရှိနိုင်ပါ။ မြန်မာ့တပ်မတော် အား တရားဝင်လူသတ်လိုင်စင် ပေးလိုက်သည့် သဘောရောက်နေသောကြောင့်ဖြစ်သည်။

ဖုန်ကျားရှင်ပြန်လည်ရှင်သန်လာပြီး ကိုးကန့် ကို ပြန်တိုက်နိုင်သည့်အတွက်မုံးကိုးလူသတ်ပွဲကြီး ပြန်ပေါ် လာမည်  ကို စစ်အစိုးရနှင့် မြန်မာ့တပ်မတော်တို့ အနေဖြင့် ဥပဒေစိုးမိုးရေး ရှုဒေါင့်မှ စိုးရိမ်တကြီးဖြစ်ရသလိုနိုင်ငံရေး အာဏာရှုဒေါင့်မှ လည်း ကြောက်လန့် တကြားဖြစ်လာသည့် သဘောရှိသည်။ ဖုန်ကျားရှင်ခေါင်းဆောင်ခဲ့သည့် ကိုးကန့် အဖွဲ့ ပြသနာသည် နှယ်နှယ်ရရ မဟုတ်ပါ။ ၁၉၆၈ ခုနှစ်မှ စတင်ဖေါ်ဆောင်ခဲ့ပြီး၁၉၈၉ ခုနှစ်အထိ ရှမ်းပြည် အရှေ့ မြောက်ဒေသတွင် တည်ရှိခဲ့သည့် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) ၏ လွတ်မြောက်ဒေသကြီးကိုပါ ဆုံးခန်း တိုင်စေခဲ့သည့် စနက်တန်ဖြစ်ခဲ့သည်။ အရင်းခံမှာမူစစ်အစိုးရအဆက်ဆက်၏ ကွန်မြူနစ်ကြောက်ရောဂါ အပေါ် အခြေခံသည်။

၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်ပွားပြီးစအချိန်တွင်စစ်အစိုးရသည် အရူးမီးဝိုင်း ဖြစ်ခဲ့သည်။ မြန်မာ့တပ်မတော်က အနည်းဆုံးလူပေါင်း သုံးထောင်ကျော်သေဆုံးခဲ့သည်အထိရက်စက်စွာပစ်ခတ် နှိမ်နင်းခဲ့ သော် လည်း မြို့ ပြဒေသများတွင် အုပ်ချုပ်ရေး တည်ငြိမ်သေးခြင်းမရှိ။အရှေ့ မြောက်ဒေသတွင် ဗမာပြည်ကွန်မြူနစ်ပါတီ ဦးဆောင်သည့် လက်နက်ကိုင်တိုက်ပွဲကြီးများကစစ်အစိုးရတပ်အမြောက်အများကို ချုပ်ငင်ထားနိုင်ရုံမျှမက အတော် ပင် အထိနာအောင် တိုက်ပွဲဝင်နိုင်ခဲ့သည်။ထိုအချိန်တွင် ကရင်ပြည်နယ် မာနယ်ပလောလွတ်မြောက်ဒေသကို အခြေ ခံလျှက် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ) အမည်ဖြင့် တိုင်းရင်းသားတော်လှန်ရေးတပ်ပေါင်းစုကြီး တည် ဆောက်ကာတော်လှန်စစ်ကို ဆင်နွှဲလျှက်ရှိခဲ့သည်။

မြို့ ပြဒေသများမှ ရှောင်တိမ်းထွက်ခွါ လာခဲ့သည့် ကျောင်းသားအများစုကြီးနှင့် လူလတ်တန်းအလွှာ တချို့ ပါဝင်ဖွဲ့ စည်းခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(အေဘီအက်စ်ဒီအက်ဖ်) သည် မဒတနှင့်ပေါင်းကာ တိုင်းရင်းသားနယ်မြေများကိုအခြေခံလျှက် လူအင်အားပေါင်း တသောင်းကျော် တပ်ရင်းပေါင်း ၁၇ ရင်းဖွဲ့ စည်းကာ အင်အားကောင်းကောင်း ရပ်တည်လှုပ်ရှားနေချိန်ဖြစ်သည်။ဤအနေအထား အခင်း အကျင်း သည် စစ်အာဏာရှင်အစိုးရ၏ နိုင်ငံရေးအာဏာကို အခြိမ်းခြောက်နိုင်ခဲ့ဆုံးသောအချိန်ဟုဆိုနိုင်သည်။

ထိုအချိန်တွင် မြှော်လင့်မထားသော သတင်းကို တော်လှန်ရေးအင်အားစုများကြားလိုက်ကြရသည်။ယင်းမှာ ဖုန်ကျားရှင်ခေါင်းဆောင်သည့် ကိုးကန့် အဖွဲ့ က ဗကပ ကို ပုန်ကန်ပြီးနောက် ၁၉၈၉ ခုနှစ်မတ်လ၁၂ ရက်နေ့ တွင် “မြန်မာနိုင်ငံလူမျိုးစုဒီမိုကရေစီ မဟာမိတ်တပ်ပေါင်းစု” MNDAကို တည်ထောင်လိုက်ခြင်းဖြစ်သည်။ ဒုတိယ ဗိုလ်ချုပ်ကြီးခင်ညွန့် ခေါင်းဆောင်သည့် စစ်ထောက်လှမ်းရေးကလည်း ကိုးကန်းအဖွဲ့ ကို အမြန်ဆုံးချဉ်းကပ်ကာလိုအပ်သော ပံ့ပိုးကူညီမှုများပြုခဲ့သည်။ ရန်သူအား ဆန့် ကျင်သူကို မဟာမိတ်ပြုလိုက်သည့်သေနင်္ဂဗျူဟာသာဖြစ်သည်။ ကိုးကန့် နှင့်အလားတူပင် ၁၉၈၉ ခုနှစ် ဧပြီလ (၁၇) ရက်နေ့ ၌ ၀ တပ်များက ဗကပကိုထပ်မံပုန်ကန်ပြီး ၀ပြည်သွေးစည်း
ညီ ညွတ်ရေးပါတီ ဟူ၍ ထပ်မံ တည်ထောင်လိုက်သောအခါ စစ်အစိုးရသည်အပြေးအလွှားသွားရောက် အသိအမှတ်ပြု ဆက်ဆန်ရေးတည်ထောင်လိုက်ကြသည်။

၁၉၈၀ခုနှစ် တ၀ိုက်တွင် ဗကပ ဥက္ကဌ သခင်ဗသိန်းတင် ဦးဆောင် တောင်းဆိုခဲ့စဉ်က ဗိုလ်ချုပ်နေ၀င်းငြင်းဆိုခဲ့သည့် ပါတီ၊ တပ် နှင့် လွတ်မြောက်ဒေသ တည်ရှိခွင့်ရရေးဟူသည့်အခွင့်အရေး သုံးရပ်လုံးအားဝသပ ကို ရှော ရှောလျှူလျှူ ပေးအပ်ပြီး တရားဝင်ဟု နုတ်မှ ထုတ်မပြောရုံတမယ် အသိအမှတ်ပြုလိုက်သည်။တိုင်း ၇င်းသားများ လိုလားသည့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ယနေ့ မြန်မာတနိုင်ငံလုံးတွင်တကယ်တန်းရနေ သည်မှာ ၀သပ သာရှိသည်။ ၁၉၈၉ ခုနှစ် ဧပြီလ (၁၇) ရက်နေ့ မှနောက်ပိုင်းစစ်အစိုးရအဆက်ဆက်နှင့် ၀သပ ဆက်ဆန်ရေးသည် အများဆုံး အားဖြင့် ကောင်းမွန်ခဲ့သည်ဟု ဆိုနိုင်သည်။အကြောင်းနှစ်ချက်ကြောင့်ဖြစ်သည်။

ဝသပ တည်ရှိနေခြင်းကြောင့် ဗကပ အနေဖြင့် လက်နက်ကိုင်တော်လှန်စစ်ဆင်နွှဲစရာ အခြေခံနယ်မြေ မရှိ တော့။ ဗကပသည် စစ်အစိုးရ၏ နိုင်ငံရေးအာဏာကို ခြိမ်းခြောက်နိုင်သည်။ ၀သပ သည် သူ့ နယ်မြေမှာ သူအုပ်ချုပ်ခွင့်ရနေလျှင်ကြေနပ်နေမည် ဖြစ် သည်။ သို့ ဖြစ်၍ ၀သပကို ဆက်လက်မွေးမြူထားခြင်းအားဖြင့်စစ်အစိုးရအတွက် ပြသနာမရှိ။ ဤသည်မှာ ပထမ အချက်ဖြစ်သည်။ ဗကပ အောက်တွင် တကယ်တန်းတိုက်ခဲ့ပြီးတိုက်ရည်ခိုက်ရည် ရှိသည့် ၀သပ တပ်များအား သေနတ်သံတိတ်အောင် လုပ်ထားနိုင်သည့် အချိန်တွင်စစ်အစိုးရ၏ နိုင်ငံရေးအာဏာကို ဒုတိယ ခြိမ်းခြောက်လျှက်ရှိသော တိုင်းရင်းသားတပ်ပေါင်းစုနှင့်ကျောင်းသားတပ်ဖွဲ့ များအား ခြေမှုန်းနိုင်သည်။ ဤသည်မှာ ဒုတိယ အချက်ဖြစ်သည်။ လက်တွေ့ တွင်လည်းစစ်အစိုးရသည် ၀သပ နှင့် အပစ်ရပ်ပြီးနောက်ပိုင်း ၀သပ အခြေခံဒေသကို ရံ၍ချထားသော တပ်များအနက်အတော်များများကို ထုတ်ကာ ၁၉၉၂ ခုနှစ်အထိ အတွင်း မာနယ် ပလောလွတ်မြောက်ဒေသအား အကြီးအကျယ်ထိုးစစ်ဆင်ခဲ့သည်။

ခြုံ၍သုံးသပ်ရလျှင် ၀သပ ကို လက်သပ်မွေးချော့ထားပြီး ကျန်သည့် တော်လှန်ရေး အဖွဲ့ အစည်းများအားတခုပြီးတခု ချေမှုန်းရေးမှာ စစ်အစိုးရအဆက်ဆက်က ကျင့်သုံးခဲ့သည့် သေနင်္ဂဗျူဟာ ဖြစ်သည်။တချို့ ကာလများ၌ တင်မားမှုများဖြစ်ပွားခဲ့သော်လည်း လွန်ခဲ့သည့်၂၅ နှစ်ကျော်ကာလအတွင်း စစ်အစိုးရနှင့် ၀သပ စစ်တပွဲမျှ ဖြစ်ပွား ခဲ့ခြင်းမရှိ။ ၀သပ ကလည်းဤအခြေအနေအခွင့်အလမ်းကို သုံးကာ သူ့ အင်အားကို သူတည်ဆောက်ခဲ့သည်။ ယခု အချိန်ပြန်ချုပ်ကြည့်လျှင်ဝသပ သည် အမြဲတန်းတပ်ကြီးအင်အား သုံးသောင်းကျော် အထက်ရှိရုံသာမက လက်နက် ကြီးငယ်အမြောက်အများ၊တင့်ကား နှင့် စစ်ရဟတ်ယာဉ်များပါ ရှိနေပြီဖြစ်သည်။

ဤသည်မှာစစ်အစိုးရအဆက်ဆက် ၏ ကွန်မြူနစ်ကြောက် ရောဂါနှင့် (နိုင်ငံရေးအရ ရိုးသားစွာတောင်းဆိုနေကြသည့်) အခြားတိုင်းရင်းသားတော်လှန်ရေး အဖွဲ့ အစည်းများအား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်မပေးလို သည့် လုပ်ရပ်၊ စစ်အာဏာရှင်စနစ်ကိုသာ အသက် သွင်းပြီး မြန်မာ့တပ်မတော်ကသာ ပြည်ထောင်စုတခုလုံး၏ နိုင်ငံရေးအာဏာကို တင်းကြပ်စွာ ယူထားလိုသော ၀ိသမလောဘ တို့ ကြောင့်ဖြစ်သည်။တိုင်းရင်းသား တော်လှန်ရေး အဖွဲ့ အစည်းများက ၄င်းတို့ ၏တပ်များပါ တရားဝင် ပါဝင်ဖွဲ့စည်းစေပြီး ပြည်ထောင်စု တပ်မတော်တရပ်အဖြစ်စုပေါင်း တည်ထောင်ကြရန် တောင်းဆိုလာသောအခါလက်ရှိစစ်အစိုးရက ခါးခါးသီးသီးငြင်းဆန်သည်။ ကမ္ဘာမှာ ဘယ်နိုင်ငံ မှာ ရှိသလဲဟု ပြန်လှန်မေးခွန်းထုတ်ကြသည်။ဝသပ လောက်ကြီးမားသည့် အမြဲတန်းတပ်ကြီးအား တရားဝင်အနေ အထားမျိုးဖြင့် ရပ်တည်ခွင့်ပေးထားသည့်နိုင်ငံ ကမ္ဘာမှာ ဘယ်မှာရှိသလဲ ဟု တန်ပြန်မေးခွန်းထုတ် သော အခါ စစ်ခေါင်းဆောင် ဟောင်းသစ်များတွင်အဖြေမရှိတော့။

၂၀၀၈ဖွဲ့ စည်းပုံကို မွေးထုတ်ပြီး အတည်ပြုနိုင်သောအခါ စစ်အစိုးရသည် မာန်တက်လာခဲ့သည်။ ငါတို့နိုင်ငံရေးအာဏာခိုင်ပြီဟု ယူဆလာကြပုံရသည်။ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ အစည်းများအားချဉ်းကပ်ပြီး နယ်ခြားစောင့်တပ်အဖြစ်ပြောင်းလဲဖွဲ့ စည်းရန် ချော့ချည်တမျိုး ခြောက်ချည်တဖုံဖိအားပေးခဲ့သည်။ ၀သပ၊ ကေအိုင်အို၊ မွန်ပြည်သစ်ပါတီ အစရှိသည့် အဖွဲ့ အစည်းကြီးများကလက်မခံကြ။ အလားတူလက်မခံကြသော အဖွဲ့ ငယ်များအနက် အင်အားအနည်းဆုံးဟု တွက်ဆထားသည့် ဖုန်ကျားရှင်ခေါင်းဆောင်သောကိုးကန့် အဖွဲ့ အား မူးယစ်ဆေးဝါးကို လက်ညှိုးထိုးပြသနာရှာကာ စစ်အစိုးရက ၁၉၈၉ ခုနှစ်သြဂုတ်လ ၂၇ ရက်နေ့ တွင် သုံးရက်စစ်ပွဲ ဆင်နွှဲပြီး တိုက်ထုတ်လိုက်သည်။ “ကိုးကန့် ကို သုံးရက်အတွင်းမှာ အမြစ်ပြတ် တိုက်ထုတ်နိုင်တာတွေ့ တယ် မဟုတ်လား။ ဒါ မြန်မာ့တပ်မတော်ကွ။” ဟူ၍ လက်ပန်းပေါက်ခတ် ကြုံးဝါးခဲ့သည်။

ခြောက်နှစ်ကြာပြီးနောက်ယခုအချိန်တွင် ကိုးကန့် အဖွဲ့ သည်အမြစ်မပြတ်ရုံမျှမက စစ်အစိုးရတပ်၏ တပ်ရင်း တရင်းစာမျှပြုတ်ထွက်သွားအောင် တိုက်ပြလိုက်သောအခါ ကာချုပ်မင်းအောင်လှိုင်၊ သမတဦးသိန်းစိန် နှင့်စစ်ခေါင်း ဆောင် ဟောင်း သစ်များသည် မဟာအရှက်တော်ရသွားကြသည်။ ဖုန်ကျားရှင် ကို တိုက်ထုတ်ပြီးနောက်  စစ်အစိုးရ အလိုကျ ဖွဲ့  စည်းထားခဲ့သောတပ်ရင်းမှူးရန်ရှောင်ကျင့် ဦးဆောင်သည့် ကိုးကန့် နယ်ခြား စောင့်တပ်အမှတ် ၁၀၀၆ က ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က တပ်ရင်းတစ်ခုလုံးဖုန်ကျားရှင် နောက်သို့  ပြန်လိုက်သွားသောအခါ [x] မြန်မာ့ တပ်မတော်ခေါင်းဆောင်များမျက်နှာဘယ်မှာသွားထားကြရမည် မသိ တော့။ ကာချုပ်မင်းအောင်လှိုင်က“ကိုးကန့်  ပြသနာ လုံးဝ အလျှော့မပေးဘူး။” ဟူ၍ရှက်ရှက်နှင့် ဓါးကြိမ်းကြိမ်းပါတော့သည်။ ဘာကို အလျှော့မပေး မှန်း၊ ဘယ်သူ့ ကို အလျှော့မပေးမှန်းမည်သူမျှမသိကြပါ။

ကိုးကန့်အဖွဲ့ သည် လက်နက်အကူအညီကို ၀သပ ထံကရသည်မှာ သေချာသည်ဟု ဘာတေးလ် လစ်တနာ က အတိအကျပြောလာသည်။ဝသပ သည် မညံ့လှ။ ၄င်းတို့ အနေဖြင့် သေနင်္ဂဗျူဟာ တွက်ချက်မှုများရှိနိုင် သည်။ ရခိုင်ပြည်နယ်မှသဘာဝဓါတ် ငွေ့ ပိုက်လိုင်းကိုလည်းကောင်း၊ မြန်မာနိုင်ငံကို ဖြတ်ပြီး ဘင်္ဂလားပင်လယ်အော်သို့
ပင်လယ်ထွက် ပေါက်ရနိုင်ရေး နှင့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့် အခြားစီမံကိန်းများမှအကျိုးအမြတ် ရနိုင်ရေးစသည်တို့ ကို ရည်စူး၍လည်းကောင်း တရုတ်နိုင်ငံအနေဖြင့်မူ မြန်မာစစ်အစိုးရနှင့် ဆက်ဆန်ရေးအပျက်ခံ မည်မဟုတ်၊ ကျန်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံး နှင့် တနိုင်ငံလုံး အပစ်ရပ် စာချုပ် လက်မှတ်ထိုးပြီးလျှင် အဆိုပါတပ်များအားလုံးကို စစ်ရေးအရ ချုပ်ငင်ထားနိုင်ပြီး ဖြစ်နေမည်၊ ထိုအချိန်တွင် စစ်အစိုးရသည် အမေရိကန်ထံမှ မျက်နှာရစေရန် မူးယစ်ဆေးဝါးကို ယမယ်ရှာပြီး မိမိတို့ ကို တိုက်ကောင်းတိုက်လာနိုင်သည်ဟု ၀သပ အနေဖြင့် တွက်နိုင်ခြေရှိပါသည်။ ကိုးကန့် နှင့် ၀သပ တို့ သည်ထီးလို မင်းလို ဆက်ဆန်ရေး ရှိနေသလား သုံးသပ်ဖွယ်ဖြစ်သည်။

ဤသည်ကိုမသင်္ကာလျှင် စစ်အစိုးရသည် ၀သပ နယ်မြေအတွင်း ၀င်ရောက်ပြီး စုံစမ်းစစ်ဆေးခွင့် ရှိရပါမည်။အရေးယူခွင့်ရှိရပါမည်။ လက်တွေ့ အရ ယင်းသို့ ရှိမနေပါ။ စုံစမ်း ရှာဖွေ စစ်ဆေးခွင့်ရရန်ဝေး၍၀သပ က ခွင့်ပြုမှသာ ၄င်းတို့ နယ်မြေအတွင်းသို့ ဝင်ရောက်ခွင့်ရမည့် အနေအထားဖြစ်နေသည်။ကိုယ့်အတတ်နှင့် ကိုယ်စူးကာ ဖွတ်မြီး နှင့် ဖွတ်ချီခံရသည့် ဘ၀ သို့ ရောက်နေသည်။ စစ်အစိုးရသည်ယခုအချိန်အထိ ၀သပ ကို စစ်ရေးနဲ့ ယှဉ်တိုက်ရဲ မည့်ပုံ မရှိ။ ၀သပ ၏ တပ်ကြီးတည်ရှိနေပုံမှာမြန်မာနိုင်ငံအတွင်း၌ မည်သည့် တည်ဆဲဥပဒေနှင့် မျှမညီ၊ ဥပဒေနှင့်ညီအောင် လည်း လုပ်မပေး။ ဦးရွှေမန်း ဦးဆောင်ပြီး ဒေါ်ဆောင်ဆန်းစုကြည်နှင့် အင်န်အယ်လ်ဒီအမတ်များပါ တက်နေကြသော လွှတ်တော် ဟူ သည့် အဆောက်အဦးကြီးအတွင်းတွင် ၀သပ ကိစ္စကို စိုးစဉ်းမျှမဟရဲကြ။အတိုင်အဖေါက်ညီညီ နှင့် မသိခြင်ယောင်ဆောင် ၀ိုင်းဝန်းဖုံးကွယ်ထားကြသည်။ ဥပဒေစိုးမိုးရေးမည်သို့ လျှင်တည်ဆောက်နိုင်အံ့နည်း။

ဝသပ ကိုမထိတို့ ရဲသောအခါ စစ်အစိုးရနှင့် ကာချုပ်မင်းအောင်လှိုင်သည် မည်သူ့ ကိုတရားခံအဖြစ် ပြသနာရှာမည်နည်း။ အဖြစ်နိုင်ဆုံးမှာ ကေအိုင်အို ဖြစ်နေသည်။  စစ်အစိုးရသည် ၀သပ ၏ စစ်အင်အားကိုစိုးရွံ့ သော်လည်းနိုင်ငံရေးအရအမှုမထား။ ကေအိုင်အိုကိုမူ စစ်ရေးအရသာမက နိုင်ငံရေးအရပါ ကြောက်လာသည့်သဘောရှိသည်။ ၄င်းတွင် သမိုင်းကြောင်းရှိသည်။ စိတ်ဓါတ်ရှိသည်။ လူထုထောက်ခံမှုရှိသည်။ မှန်ကန်သည့်ဖက်ဒရယ်ပြည်ထောင်စုမူကို ကိုင်စွဲထားသည်။ ယူအင်န်အက်ဖ်စီ တပ်ပေါင်းစုကို ဦးဆောင်ခွင့်ရနေသည်။ ကေအင်ယူနှင့်ကေအိုင်အို နိုင်ငံရေး အရ ကွဲအောင်နောက်ကွယ်မှ ပံ့ပိုးနေကြောင်း သိသာလွန်းလှသည်။ ကေအင်ယူဥက္ကဌဗိုလ်ချုပ်ကြီးမူတူးဆေးဖိုး နေ ပြည်တော်လာရောက်သည့် အခါတိုင်း ကာချုပ်မင်းအောင်လှိုင်ကအသက်ထွက်မတတ် အတင်းဖက်ပြီး ချစ်ကျွမ်းဝင် ကြောင်း ပြနေပုံမှာ လူမြင်၍ပင် မတော်။ ကေအင်ယူကိုဆွဲကပ်ထား၊ ၀သပ ကို ကြားထားပြီး ကိုးကန့် ကိစ္စ လက်ညှိုး ထိုးကာ ကေအိုင်အိုကို စစ်ရေးအရအပြတ်ရှင်းရေးဆေးမြီးတိုဟောင်းကြီးကို မိုက်မိုက်ကန်းကန်း ပြန်သုံးဦးမလား
စောင့်ကြည့်ရပါမည်။

စစ်အစိုးရသည်အမြင်မှန်ရသင့်ပါပြီ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအား အပြတ်တိုက်လို့ လည်းမရ၊နယ်ခြားစောင့်တပ်ဖွဲ့ စည်းခိုင်းခြင်းမှာလည်း မအောင်မြင်ကြောင်း ကိုးကန့် သာဓက က သက်သေပြလိုက်ပြီဖြစ်သည်။ဤသည်ကို မိမိတို့ ၏ စစ်မာနဖြင့်မကြည့်ဘဲ ပြည်ထောင်စုကြီးတခုလုံးအကျိုးအခြေခံမှ ကြည့်ကာစစ်မှန်သည့် ငြိမ်းချမ်းရေးအတွက် ဥပဒေစိုးမိုးရေးအခြေခံမှ ပြန်လည်ချဉ်းကပ်သင့်သည်။တိုင်းရင်းသားတော်လှန်ရေးတပ်များ တရားဝင်ရပ်တည်ခွင့်ရရေးကို ဖေါ်ဆောင်ပေးသင့်ပြီ။ လူထုအကျိုးစီးပွားနှင့်ဥပဒေစိုးမိုးရေး အခြေခံမှနေ၍ ကိုးကန့် ပြသနာကို မည်သို့ နိဂုံးချုပ်သင့်သနည်း။ စစ်အာဏာရှင်ကြီးကဒေသခံစစ်ဘုရင်ကလေးကို မွေးသလိုမွေးကာ အဆင်ပြေသည့်အခါ တည့်အောင်နေ ကြ၊ အဆင်မပြေ သည့်အခါတိုက်လိုက်ကြ၊လူထုတွေ ထိခိုက်သေဆုံး ဘ၀ပျက်စီး သည်များကို ထိရောက်စွာ ပြန်လည်ကုစားမပေးဘဲ ငြိမ်းချမ်းရေးကိုလက်ညှိုးထိုးကာ မိမိတို့ အချင်းချင်းပြန်လည်ညှိနိုင်းပြီး သင့်မြတ်လိုက်ကြ၊ သည်လိုမျိုးဆိုးသွမ်းသံသရာ လည်နေမည့် အဖြစ်မျိုးနှင့် နိဂုံးမချုပ်သင့်ပါ။

           ၂၀၀၈ ခုနှစ်ဖွဲ့ စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄၅ တွင် နအဖ၊ န၀တ လက်ထက်က ဆောင်ရွက်ချက်များ၊တာဝန်များ နှင့် ရပိုင်ခွင့်များအား နိုင်ငံအနေနှင့် ဆက်ခံကြောင်း ပြဌာန်းထားသည်။ နိုင်ငံဟူရာတွင်ကာချုပ်မင်း အောင်လှိုင် နှင့် ဗိုလ်ချုပ်သစ်၊ ဟောင်းများနှင့် ဖွဲ့ စည်းထားသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သည် အဓိကဖြစ်သည်။ အရင်းစစ်အမြစ်မြေက ဆိုသလို ကိုးကန့် ပြသနာကိုန၀တစစ်အစိုးရက တိုင်းရင်းသား ကိုယ်ပိုင် ပြဌာန်းခွင့်အခြေခံမှ မှန်ကန်စွာမချဉ်းကပ်ခဲ့ဘဲတိုက်ရိုက်လွှမ်းမိုးချုပ်ကိုင်ခွင့်ရအောင် စစ်အင်အားသုံး ဆောင်ရွက်ခဲ့သဖြင့် ယခုအချိန်တွင်မြွေခြောက်ကပြန်ကိုက်လိုက်ခြင်းဖြစ်သည်။ အဓိက စစ်အစိုးရမှာတာဝန်ရှိသည်။
မုံးကိုးလူသတ်ပွဲကြီးတွင် လီနင်မင် နှင့် အဖွဲ့ မှ လူတရာကျော်ကို သတ်ဖြတ်ခဲ့သည့်မြန်မာ့တပ်မတော်မှ ကိုယ်တိုင်ပြစ်မှုကျူးလွန်ခဲ့သူများ၊ အဆင့်ဆင့် အမိန့် ပေးသူများအားဖေါ်ထုတ်အရေးယူရပါမည်။ ဖုန်ကျားရှင် အဖွဲ့ ဖြစ်စေ၊ မြန်မာ့ တပ်မတော်ဖြစ်စေ၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုများတွင်ပါဝင်ပတ်သက်မှုများ ရှိခဲ့ပါက မည်သည့်ဘက်မျှ မလိုက်ဘဲ ဖေါ်ထုတ် ဖြေရှင်း၊ အရေး ယူရပါမည်။ကာချုပ် မင်းအောင်လှိုင် စွပ်စွဲသလို ဖုန်ကျားရှင် ကိုယ်တိုင် ရာဇ၀တ်မှု ကျူးလွန်ခဲ့သည်များရှိလျှင်လည်းနှစ်ဘက်လက်ခံသည့် တရားရုံးတွင် တင်ရပါမည်။

မြန်မာနိုင်ငံကို နယ်ချဲ့ ခဲ့သောဗြိတိသျှအမြင်တွင် ဆရာစံသည် သူပုန်ဖြစ်သည်။ နယ်ချဲ့ ခံရသည့်မြန်မာ လူမျိုးများအမြင်တွင် ဆရာစံသည် သူရဲကောင်းဖြစ်သည်။ မြန်မာ့တပ်မတော်စစ်ခေါင်းဆောင်များ၏အမြင်တွင် ဖုန်ကျားရှင်သည် လူဆိုးကြီးဖြစ်နေသည်။ ကိုးကန့် လူထု၏ အမြင်တွင် ဖုန်ကျားရှင်သည်၎င်းတို့ ၏ သူရဲကောင်း ဖြစ်ခြင် ဖြစ်နေမည်။ အမှန်တ၇ားကို စစ်အင်အားတခုတည်း သက်သက်ဖြင့်အဆုံးအဖြတ်မပြုသင့်ပါ။ ကိုးကန့် ဒေသခံ တိုင်းရင်းသားလူထု၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်၊ပြဌာန်းခွင့်ကို အဓိကမူတည်သင့်သည်။

ဖုန်ကျားရှင် နှင့် အဖွဲ့ အနေဖြင့် လည်း ၄င်းတို့ ကြေငြာသည့် အတိုင်း အခြားတိုင်းရင်းသားတော်လှန်ရေး အဖွဲ့ များနှင့် လက်တွဲပြီး တန်းတူရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရသည်အထိ တကယ်တန်းတိုက်ပွဲဝင်သွားမည်လား၊ သို့ မဟုတ် မြန်မာ စစ်ခေါင်းဆောင်များ၏ အသိအမှတ်ပြုခံရရုံ၊၄င်းတို့ ၏ အဖွဲ့ အစည်းရပ်တည်ခွင့်ရရုံ၊ ပြန်လည်နေ ထိုင်ခွင့် နှင့် စီးပွားရေးလုပ်ခွင့်ရရုံ၊ စစ်ဘုရင်ကလေးအဖြစ် အမွေးခံရသည့် ဘ၀ကို ရယူရုံကလေးမျှဖြင့်အဖျားရှူး သွားမည်လား ဟူသည်ကိုမူ စောင့်ကြည့်ရပါမည်။
လတ်တလော အရေးအကြီးဆုံးမှာ ကာချုပ်မင်းအောင်လှိုင်၏ လက်ထဲတွင် စစ်အုပ်ချုပ်ရေးအခွင့်အာဏာရရှိထားပြီးနောက် မုံးကိုးစစ်ရာဇ၀တ်မှုကြီးကဲ့သို့ နောက်ထပ်ပြစ်မှုများ မကျူးလွန်စေရေးဖြစ်သည်။မြန်မာနိုင်ငံသည် နိုင်ငံတကာ စစ်ဥပဒေဖြစ်သော ဂျီနီဗာ ကွန်ဗင်းရှင်းကို လက်မှတ်ထိုးအတည်ပြုထားပြီး ဖြစ်သဖြင့် လေးစားလိုက်နာ ရန် တာဝန်ရှိသည်။ စစ်ပွဲဖြစ်ပွားနေစဉ်အတွင်းဒေသခံအရပ်သားလူထုများအား လက်လွတ်စပယ် ပစ်ခတ်ခြင်း၊ သတ်ဖြတ်ခြင်းမျိုးများမှာ စစ်ဥပဒေနှင့်ဆန့် ကျင်သည်။ ရပ်တန်းက ရပ်ရန် လိုပါမည်။ အကာအကွယ်မဲ့ အရပ်သား လူထုများ၏ လူ့ အခွင့်အရေးကိုနှစ်ဘက်လုံးက လေးစားရန်၊ လိုက်နာရန်၊ နှင့် ကာကွယ်စောင့်ရှောက်ရန်၊ စစ်ပွဲကြီး ပြီးသွားလျှင်စစ်အစိုးရအနေဖြင့် လူထုအသက်ဆုံးရှုံးမှုများနှင့် ဘ၀နစ်နာမှုများကို ပြန်လည်ကုစားပေးရန်လိုပါမည်။ 

 (“ဗမာပြည် နိုင်ငံရေးပါတီ အဖွဲ့ အစည်းအသင်းအပင်းများ အညွှန်း” စာအုပ်မှ အချက်အလက်များအား အသုံးပြုခွင့်ပေးသည့် စာရေးဆရာဝင်းတင့်ထွန်း အား ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ပါသည်။)

            ဦးအောင်ထူး (လူ့ အခွင့်အရေးရှေ့ နေ)
            ဥပဒေအထောက်အကူပြု တည်ထောင်သူ                              ၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီလ၁၈ ရက်

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။