Friday, February 27, 2015

ပဋိပက္ခကြားထဲက သတင်းထောက်

(ဧရာဝတီ)


ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်မှာ အစိုးရတပ်မတော်နဲ့ ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်တပ်ဖွဲ့တို့အကြား ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလဆန်း ပိုင်းကတည်းက တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွား နေပြီး နှစ်ဖက်စလုံးမှာ အထိအခိုက် အကျအဆုံး များပြားစွာ ရှိနေသလို အရပ်သားတွေပါ ထိခိုက်ဒဏ်ရာရ သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

အဲဒီတိုက်ပွဲတွေမှာ ဘာတွေ တကယ်ဖြစ်နေ တယ်ဆိုတာ သတင်းယူဖို့ ဖြစ်လာခဲ့တယ်။ သတင်း ဓာတ်ပုံတွေ လိုက်ရိုက်ရင်း ကြက်ခြေနီယာဉ်တန်းတခုနဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ကျနော်လိုက်ပါလာတဲ့ ယာဉ်တန်း ဟာ လောက်ကိုင်-ချင်းရွှေဟော် ကား လမ်းတနေရာ လုံထန်ကျေးရွာအနီးမှာ တိုက်ခိုက်ခံ ခဲ့ရတယ်။ အဲဒီအတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး နည်းနည်း ပြန်ပြောပြချင်ပါတယ်။

လောက်ကိုင်ဒေသမှာ တိုက်ပွဲတွေ ဖြစ်တယ်ဆို တာကြားတော့ ကျနော် သတင်းသွားယူပါတယ်။ လာရှိုးမြို့ကို ရောက်တဲ့အချိန်မှာ ပြေးလာတဲ့ စစ်ရှောင် ဒုက္ခသည်တွေ အများကြီး ရောက်လာတယ်။ အဲဒါတွေကို ဓာတ်ပုံ ရိုက်ဖြစ်တယ်။ အဲဒီမှာပဲ ကံကောင်း စွာနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာအားပေးတော့ သူ့ဓာတ်ပုံတွေ ရလိုက်တယ်။ အဲဒီမှာ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးကို တွေ့တော့ တိုက်ပွဲဖြစ်တဲ့နေရာ တွေဆီကို မီဒီယာတွေ သွားလို့ရလား မေးကြည့်တော့ သူတို့က အဖြေတိတိကျကျမပေးဘဲ အဆင်ပြေနိုင်ပါတယ်၊ ဘာညာနဲ့ ပြော တယ်။ ဒါပေမယ့် Official ငါတို့ ခွင့်ပြုတယ်ဆိုတာမျိုး၊ သွားဆိုတာမျိုးတော့ မဟုတ်ဘူး။

အဲဒါနဲ့ နောက်ရက်မှာ ကျနော်က ကိုယ့်အစီ အစဉ်နဲ့ကိုယ် ကြက်ခြေနီယာဉ်တန်းတွေနဲ့ လိုက် မယ်ဆိုပြီးတော့ ချိတ်ထားလိုက်တယ်။ ဒါပေမယ့် ကြက်ခြေနီယာဉ်တန်းတွေက ညတွင်းချင်းပဲ ပြန်ထွက် သွားတော့ လိုက်လို့ မရလိုက်ဘူး။ ညဘက်လည်း ဖြစ်တော့ မလိုက်ဖြစ်လိုက်ဘူး။ နောက်နေ့နံနက်မှာ လည်း ကြက်ခြေနီယာဉ်တန်း သွားမယ့်အစီအစဉ် ရှိတယ်။ ဒါပေမယ့် ကြက်ခြေနီ ယာဉ်တန်းနဲ့ဆို ကျနော်တို့ ပုံတွေ ကောင်းကောင်းရိုက်လို့ရ မှာမဟုတ် ဘူးဆိုပြီးတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ကားငှားပြီး တော့ လောက်ကိုင်ဘက်ကို သွားတယ်။ လမ်းမှာ ရှိတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အဆင့်ဆင့် သတင်းပို့ပြီး တော့သွားတယ်။ သက်ဆိုင်ရာ လူကြီးတွေကိုလည်း အကျိုးအကြောင်းပြောပြီးတော့ သွားတယ်။

လောက်ကိုင်မြို့ရောက်တော့ မြို့ပျက်ကြီးတခု လို ဖြစ်နေပြီ။ မြို့ထဲမှာ ကျန်ခဲ့တဲ့လူက တယောက်စ၊ နှစ်ယောက်စ၊ သုံးလေးငါးယောက် အဲဒီလောက်ပဲ ရှိတော့တယ်။ ဒုက္ခသည်တွေကတော့ သူ့ဟာသူ စုစုစည်းစည်းနဲ့ နေနေကြတယ်။ လာကယ်တဲ့သူရှိရင် လာရှိုးတို့၊ ကိုယ့်နေရပ် အသီးသီးကို ပြန်ကြတယ်။ အဲလိုပုံမျိုးတွေ ရိုက်ဖြစ်တယ်။

ပထမရက်မှာက လောက်ကိုင်မှာ ညအိပ်ဖို့ အဆင်မပြေဘူး။ နေစရာ၊ တည်းခိုစရာ မရှိဘူး။ ညဘက်ဆို တိုက်ပွဲတွေ ပိုပြင်းထန်တယ်။ အဲဒါနဲ့ ဟိုပန်ဆိုတဲ့ “ဝ” အုပ်ချုပ်ခွင့်ရ ဒေသပေါ့။ အဲဒီမှာ တိုက်ပွဲမရှိဘူး။ ကျနော်တို့ အဲဒီမှာသွားအိပ်တယ်။ အိပ်ပြီးတော့ ကိုယ့်သတင်းဌာနဆီကို ပုံတွေတင်တယ်။ နောက်နေ့ နံနက်ကျတော့ Reuters သတင်းဌာနက ကိုစိုးဇေယျာထွန်းက ကြက်ခြေနီယာဉ်တန်းကားတွေ နဲ့ လိုက်သွားတယ်ကြားတော့ ကိုယ်တွေကလည်း သူ တယောက်တည်း ဖြစ်နေတယ်ဟဲ့ဆိုပြီး ပုံတွေက လည်း Strong (ပုံကောင်း) ဖြစ်တာတွေ မရသေး ဘူးဆိုပြီး လိုက်သွားကြတယ်။

ကျနော်ရယ်၊ EPA သတင်းဌာနက ကိုလင်းဘို ဘိုရယ်၊ Eleven က တယောက်ရယ်၊ DVB က တယောက်ရယ် ၄ ယောက်လိုက်သွားကြတယ်။ ဟို လည်းရောက်ရော ကိုစိုးဇေယျာထွန်းနဲ့ တွေ့ပါတယ်။ ဓာတ်ပုံတွေရိုက်ပြီး ပြန်လာတော့ ကျနော်တို့က ကားငှားလာတာ မဟုတ်တဲ့အတွက် ကြက်ခြေနီယာဉ် တန်းနဲ့ လိုက်ရတာပေါ့။ ကြက်ခြေနီယာဉ်တန်းနဲ့ လိုက်တဲ့အချိန်မှာပဲ ကျနော်တို့ လုံထမ်ဆိုတဲ့ တောင် ကြားမှာ ကျနော်တို့ ကြက်ခြေနီ ယာဉ်တန်းကို အပစ် ခံရတာပဲ။

ပထမဦးဆုံး တိုက်ခိုက်ခံရတော့ ကိုယ်တဦး တယောက်အတွက် အရင်ဆုံး လုံခြုံအောင်လုပ်ရ တယ်။ ကျင်းရှိရင် ကျင်း၊ မြောင်းရှိရင် မြောင်းထဲမှာ သွားဝပ်နေလိုက်တယ်။ ဝပ်ပြီးတော့ အပစ်ခံနေရတဲ့ အချိန်မှာ အခြေအနေ တချက်ကြည့်တယ်။ နည်း နည်းလေး သေနတ်သံ စဲသွားတဲ့အချိန်မှာ ဓာတ်ပုံ ထရိုက်လိုက်တယ်။ ဒဏ်ရာရတဲ့လူတွေ တွေ့တော့ ကိုလင်းဘိုက အဲဒီလူနာကို အရင်ဆုံး သွားပြီးတော့ ဘယ်လိုအခြေအနေရှိလဲ၊ ဘာဖြစ်လဲ၊ စိုးရိမ်ရလား မေးတော့ အဲဒီလူက အော်နေတယ်။

ဒါပေမယ့် အရမ်းကြီးတော့ မစိုးရိမ်ရဘူး။ တယောက်ကတော့ မျက်လုံး ဒဏ်ရာရထားတာ တွေ့တယ်။ အဒီလူကို ဘယ်လိုကယ်နိုင်မလဲဆိုတာ တိုင်ပင်ကြတယ်။ တိုင်ပင်ကြတော့ Reuters က ကိုစိုးဇေယျာထွန်းနဲ့ ကိုလင်းဘိုဘိုတို့က သွားကယ်ဖို့ လုပ်တယ်။ ကိုလင်းဘိုဘိုမှာက ခေါင်းကာဦးထုပ် ပါတယ်။ ကိုစိုးဇေယျာထွန်းမှာကျတော့ ကျည်ကာ အကျီနဲ့ ခေါင်းကာလည်းပါတယ်။ သူတို့နှစ်ယောက် ကသွားကယ်လို့ ပစ်ခဲ့ရင်တောင် ခေါင်းတို့၊ ကိုယ် ခန္ဓာတို့ကိုထိပြီး ချက်ချင်းသေစေနိုင်တဲ့ နေရာတွေ မထိ နိုင်ဘူးဆိုပြီးတော့ သူတို့နှစ်ယောက်က ကျနော့်ကို ကင်မရာတွေ ပေးခဲ့တယ်။ ကျနော်လည်း Save ဖြစ်တဲ့နေရာမှာ နေပြီးတော့ သူတို့နှစ်ယောက် ကို လွှတ်လိုက်တယ်။ သူတို့နှစ်ယောက်က ဒဏ်ရာရ တဲ့ သူကိုသွားကယ်တယ်။ ကယ်ပြီးတော့ ကျည်ကွယ် နေရာ ရောက်လောက်တဲ့အချိန်မှာ သယ်ဖို့ကျတော့ နှစ် ယောက်တည်းနဲ့ မနိုင်ဘူးလို့ ပြောတယ်။

ကျနော်က ဒီဘက်မှာရှိတဲ့ သန်သန်မာမာ ကြက်ခြေနီတွေကို ကြည့်တယ်၊ ဒီဘက်မှာ ဒဏ်ရာရ တဲ့လူကို လုံးဝ လုံခြုံသွားတဲ့နေရာ ကားဘေးနားမှာ ထားဖို့ ရှင်းလင်းရေးတွေ ဘာတွေ လုပ်တယ်။ သွားနိုင်တဲ့လူကျတော့ မင်းတို့ ဟိုနေရာသွားပေးပါလို့ ကြက်ခြေနီနှစ်ယောက်ကို ထပ်လွှတ်လိုက်တယ်။ လွှတ်လိုက်တော့ သူတို့လေးယောက် ပြန်သယ်လာ တယ်။ ကျနော်က သွားသယ်မလို့လုပ်တော့ ကိုလင်းဘို ဘိုတို့ကတားတယ်။ မလာနဲ့တဲ့၊ မင်းမှာ အကာ အကွယ်လည်း မရှိဘူးဆိုတော့ သူတို့သယ်လာတဲ့ အချိန်မှာ ကျနော်ဘာလုပ်လဲဆိုတော့ ဓာတ်ပုံရိုက်ဖို့ အလုပ် တခုပဲရှိတော့တယ်။ သူတို့သယ်လာတဲ့ လေးငါး စက္ကန့်အတွင်းမှာပဲ ဓာတ်ပုံရိုက်လိုက်တယ်။

ဒီဘက်ကို သယ်လာတဲ့အချိန်မှာ သူတို့ရဲ့ ကင်မရာတွေကို ပေးလိုက်တယ်။ လူနာကိုကျတော့ ကျနော်တို့ စီးလာတဲ့ ကြက်ခြေနီကားပေါ်တင်တယ်။ ကျနော်က ကားပေါ်အရင်တက်ပြီးတော့ အဲဒီလူကို ကျနော့်ပေါင်ပေါ် တင်လိုက်တယ်။ ကားလှုပ်လေ ဒဏ်ရာပိုခံစားရလေ ဖြစ်မှာစိုးလို့။ အဲဒီလူကလည်း နာတော့ သူ့ဒဏ်ရာတွေသွားဖိမိတော့ သွေးပိုထွက် တယ်။ စိုးရိမ်ရတဲ့အနေအထား ဖြစ်မှာစိုးလို့ သူ့ကို တောက်လျှောက် လက်ကိုင်ပြီးတော့ စကားတွေပြော ပြီးတော့ ချင်းရွှေဟော်အထိ ခေါ်လာတယ်။ ချင်းရွှေ ဟော်ရောက်တော့ ကွမ်လုံဆေးရုံက လူနာတင်ကား နဲ့ ပြန်ထည့်ပေးလိုက်တယ်။

ပြောရရင် တိုက်ပွဲဖြစ်တဲ့ကြားထဲမှာ သတင်း ထောက်တွေ သွားလာရတာ အန္တရာယ်အရမ်းများပါ တယ်။ တခုတော့ရှိတာပေါ့၊ လုံခြုံတဲ့နေရာတွေမှာ ရွေးပြီးတော့ တဆင့်တဆင့် ရှေ့ဆက်တက်ရတာပေါ့။ ကိုယ့်ကို အပစ်မခံရဖို့အတွက် လုံခြုံတဲ့နေရာတွေကို ရှာရတယ်။ ဥပမာ လောက်ကိုင်မြို့မှာဆိုလဲ နေရာ တိုင်း တိုက်ပွဲဖြစ်နေတာ မဟုတ်တဲ့အတွက် တချို့ နေရာတွေက လုံခြုံတယ်၊ အဲဒီနေရာမျိုးတွေမှာနေပြီး တော့ တချို့နေရာတွေကို သွားပြီးတော့ လုံခြုံတဲ့ နေရာကို ပြန်လာရတယ်။ ခေါင်းကာ၊ ကျည်ကာအင်္ကျီ တွေ ဘာတွေ ဆောင်ထားသင့်တယ်။

ကျနော်တို့ ပြဿနာဖြစ်ပြီး နောက်တရက်မှာ ချင်းရွှေဟော်ကို ထပ်ရောက်နေတဲ့ မီဒီယာတွေက ဒီလိုမျိုး ပစ်နေခတ်နေတဲ့ကြားကပဲ လောက်ကိုင်မြို့ ကို ထပ်သွားချင်တယ်။ ကျနော်ကတော့ သတိ ပေးလိုက်တယ် မင်းတို့ထပ်မသွားနဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ကြက်ခြေနီယာဉ်တန်းတောင် ပစ်တယ်ဆိုတော့ နောက်ထပ် ထပ်ပစ်ဖို့ ဝန်လေးမှာ မဟုတ်ဘူးပေါ့။ ပစ်တာကတော့ သေအောင်ဖြစ်တာမျိုး မဟုတ်ဘဲနဲ့ ခြောက်လှန့်တဲ့သဘောမျိုး ပစ်တာပါ။ သေအောင် ပစ်တယ်ဆိုရင် ကျနော်တို့ အကုန်သေကုန်ပြီ။

ဒါကြောင့် ကျန်ခဲ့တဲ့ မီဒီယာအဖွဲ့တွေကို သတိ ပေးခဲ့တယ်။ ဒါပေမယ့် သူတို့က ဟိုတနေ့က လောက်ကိုင်ဘက်ကို ဆက်သွားကြတယ်၊ ဆက်သွား တော့ ထပ်အပစ်ခံရတယ်။ ဒါကတော့ သတင်းယူချင် တဲ့ဇောနဲ့ သွားကြတာ။ လောက်ကိုင်မှာ စစ်ဖြစ်တယ် ဆိုတာတော့ ကျနော်တို့ ဖေဖော်ဝါရီ ၁၆ ရက်မှာ လောက်ကိုင်မြို့ကို သွားတယ်၊ ဘာမှမဖြစ်ဘူး၊ ပြန် လာခဲ့တယ်ဆိုတာက မီဒီယာအနေနဲ့ ကျနော်တို့က ကြားမှာပဲနေတယ်။ တပ်ဘက်မှာလည်း မနေဘူး။ ယာဉ်တန်းနဲ့လည်း မလိုက်ဘူး။ ကျနော်တို့ စုံစမ်း ကြည့်တော့ အရပ်သားကားတွေဆိုရင် မပစ်ဘူးလို့ ကြားတယ်။ ကြက်ခြေနီကားဆိုရင် မပစ်ဘူးဆိုလို့ ဒုတိယနေ့မှာ ကြက်ခြေနီကားနဲ့ လိုက်တယ်။ ပထမ နေ့က ကျနော်တို့ အရပ်သားကားလိုပဲ သွားခဲ့တာ ဘာမှပြဿနာမှ မဖြစ်ဘူး။

ဒါပေမယ့် တခုတော့ရှိတယ်။ ဘယ်နေရာ တိုက်ပွဲဖြစ်တယ်။ ဘယ်နေရာ လုံခြုံတယ်။ ဘယ် လမ်းကသွားရင် ပိုပြီး အဆင်ပြေတယ် ဆိုတာတော့ ဒီလုံခြုံရေး တပ်ဖွဲ့ဝင်တွေကို မေးမြန်းသွားရတာပေါ့။ သူတို့ကပိုသိလို့ လမ်းညွှန်နိုင်တယ်။ အဲလိုမျိုးသွားရင် တော့ ပြဿနာမရှိဘူး။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ အကြံÓဏ်တွေ၊ လက်ရှိ တိုက်ပွဲနဲ့ ပတ်သက်တဲ့ မြေပြင် သတင်းအချက်အလက်တွေ ပြည့်ပြည့်စုံစုံ ယူပြီးတော့ ကိုယ့်ဘာသာသွားနိုင်ရင်တော့ ပိုကောင်း တယ်ပေါ့။ ဒါပေမယ့် တခုတော့ရှိတယ်။ အပစ်ခံရ ရင်တော့ ကူညီမယ့်သူ မရှိနိုင်ဘူး။ ဒါကတော့ ထီထိုးသလိုပဲ ၅၀၊ ၅၀ ပေါ့၊ ပေါက်ရင်ပေါက်မယ်။ မပေါက်ရင် မပေါက်ဘူး။

ပထမနေ့မှာသွားတုန်းက ဒီလမ်းက လုံခြုံတယ် လို့ထင်တယ်။ နောက် အသွားတုန်းကလဲ ဘာမှ မဖြစ်ခဲ့ဘူး၊ အပြန်ကျမှ ဖြစ်တယ်ဆိုတော့ လုံခြုံတဲ့ နေရာက နောက် မလုံခြုံဘူးဆိုတာမျိုး ဖြစ်သွားတော့ တိုက်ပွဲဒေသတွေမှာဆိုရင် ဘယ်နေရာမှ မလုံခြုံဘူး ဆိုတာကို သိသွားတယ်။

ကျနော် ရခိုင်နဲ့ ကချင်တို့ကိုလည်း သတင်း သွားယူဖူးတယ်၊ ကချင်မှာ TNLA နဲ့ တိုက်ပွဲတွေ ဖြစ်တုန်းက သတင်းသွားယူဖူးတယ်။KIA နဲ့ ဆိုရင်လည်း လိုင်ဇာဘက်မှာ တိုက်ပွဲဖြစ်တုန်းက KIA ဘက်က လုံခြုံရေးနဲ့ လိုက်ခဲ့ရတာမျိုး။ TNLA ဆိုရင်လည်း TNLA ဘက်က လုံခြုံရေးနဲ့ လိုက်ခဲ့ ရတာ။ အခုကျတော့ ဘယ်သူ့ဘက်မှ မနေဘူး။ အလယ်တည့်တည့်ကနေသွားတာ ဆိုတော့ ဘယ် ဘက်ကမှလည်း ကိုယ့်ကိုလုံခြုံရေးအာမခံမှာမဟုတ် ဘူး။ ကြားထဲကနေ ကိုယ့်ဘာသာ သွားတဲ့ဟာမျိုး ဆိုတော့ တူတော့မတူဘူး။ ကျနော်တို့ သတ်မှတ် ထားတာက ကြက်ခြေနီနဲ့ဆိုမပစ်ဘူး။ မပစ်လောက် ဘူးလို့ သတ်မှတ်ထားတာ။ အခုလို အပစ်ခံရတော့ လည်းကံတရားလို့ပဲ ပြောလို့ရမယ်။ ကျနော်တို့ သတင်း သမားတွေ သတင်းသွားယူမယ်ဆိုတာ ဘယ်နေရာ တွေမှာ ဘယ်လိုနေရမယ်ဆိုတာ အတတ်နိုင်ဆုံးလေ့ လာပြီးတော့ သွားယူရတာပဲ။ ကြက်ခြေနီနဲ့ အပစ်ခံ ရ တယ်ဆိုတော့ ကျနော့်အတွက်တော့လုံးဝစဉ်းစား လို့မရတဲ့ကိစ္စ ဖြစ်နေတယ်။ ဘယ်လိုမှမလုံ ခြုံတော့ ဘူးလို့ ခံစားရတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။