Sunday, February 22, 2015

လောက်ကိုင် တိုက်ပွဲ ပြင်းထန်နေ၍ တပ်မတော်မှ ရဟတ်ယာဉ်များ ကူပစ်ပေးနေ

(Mizzima)

တိုင်းရင်းသား လက်နက်ကိုင် အင်အားစုအချို့ ပါဝင်တိုက်ခိုက်ပေးနေဟု တပ်မတော်စွပ်စွဲ
လောက်ကိုင်ဒေသတွင် ဖေဖော်ဝါရီ ၂၁ရက်တွင် တိုက်ပွဲများပြင်းထန်နေ၍ တပ်မတော်မှ ရဟတ်ယာဉ်များ ပစ်ကူပေးနေပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အချို့ ပါဝင်တိုက်ခိုက်ပေးနေသည်ဟု ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက သတင်းထောက်များကို ပြောသည်။

တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်လည်းဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက "ဒီနေ့ တိုက်ပွဲဖြစ်ပွားနေတာဆိုတာ မှန်ပါတယ်လို့ ပြောချင်ပါတယ်’’ ဟု သတင်းထောက် တစ်ဦးက မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။


ဖေဖော်ဝါရီ ၂၁ရက်က နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ဘုရင့်နောင်ခန်းမတွင် ကျင်းပသည့် လတ်တလော ဖြစ်ပွားနေသည့် လောက်ကိုင်တိုက်ပွဲများနှင့် ပတ်သတ်၍ သတင်းစာရှင်းလင်းပွဲကျင်းပရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းက "ဒီတိုက်ပွဲမှာလည်း သူတို့ဘက်က အထိနာတဲ့အတွက်ကြောင့် စစ်ကူတွေခေါ်နေ တာတွေ နောက် ငါတို့ ပြန်ဆုတ်တော့ မယ် ပြန်ဆုတ်မိန့်တောင်းနေတာပေါ့၊ ဒီဟာ သတင်းတွေလည်း ရရှိထားပါတယ်’’ ဟု ဆက်လက်ပြောကြားသည်။

ထို့ပြင်တပ်မတော်အနေဖြင့် ဒေသအမြန်ဆုံး တည်ငြိမ်ရေးကို လိုလားသည့်အတွက် ဖုန်ကြားရှင်၏ တပ်များမြို့တွင်း အခြေချနေထိုင်မှုမပြုနိုင်ရေး၊ နယ်စပ်တစ်လျှောက် စိမ့်ဝင်ပျံ့နှံ့မှုမပြုနိုင်ရေး အစွန်းကုန်ဆောင်ရွက်သွားမည်ဟုလည်း ပြောကြားသည်။

၎င်းက ‘’ (စစ်အုပ်ချုပ်ရေးကို) သုံးလကာလ သတ်မှတ်ပြဌာန်းထားပါတယ်၊ ဒီကာလအတွင်းမှာ နယ်မြေဒေသအေးချမ်းသာယာအောင် တပ်မတော်အနေနဲ့ အစွမ်းကုန်ကြိုးစား ဆောင်ရွက် သွားပါမယ်’’ ဟု ဖြည့်စွက်ပြောသည်။

ဖြစ်ပွားနေသည့်တိုက်ပွဲများအတွင်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အချို့ဖြစ်သည့် ၀တပ်ဖွဲ့၊ တီအင်န်အယ်လ်အေ၊ အက်စ်အက်စ်အေ(၀မ်ဟိုင်း)၊ ကေအိုင်အေ၊ မိုင်းလားတပ်ဖွဲ့များသည်လည်း ပါဝင်တိုက်ခိုက်ပေးနေသည်ဟု ၎င်းက စွပ်စွဲပြောကြားသည်။

၎င်းက ‘’ဒီအခြေအနေတွေမှာ သူတို့အနေနဲ့ တပ်ပေါင်းစု ဖွဲ့ထားတဲ့ အခါမှာ တပ်ပေါင်းစု အသွင်နဲ့ ပါဝင်မှုလေးတွေရှိပါတယ်ဆိုတာ လက်တွေ့တွေ့ရပါတယ်၊ အဲဒီလိုပါဝင်မှုတွေနဲ့ ပတ်သတ်လို့ သူတို့တွေ တာဝန်ယူရမယ်လို့ ကျွန်တော်ပြောခဲ့တာရှိပါတယ်’’ ဟု ပြောသည်။

‘’တာဝန်ယူရမယ့်အပိုင်းကတော့ သူတို့အပိုင်းပဲဖြစ်ပါတယ်၊ ဘယ်လိုတာဝန်ယူမလဲဆိုတာ သူတို့ကိုပဲ ကျွန်တော်တို့ ပြန်ပြီးတော့ မေးခွန်းထုတ်ရမယ့် အနေအထားဆိုတာ ကျွန်တော့်အနေနဲ့ သုံးသပ်ပါတယ်’’ ဟု ဆက်လက်ပြောကြားသည်။

ထို့ပြင် ဖုန်းကြားရှင်ခေါင်းဆောင်သည့် လက်နက်ကိုင်တပ်ဖွဲ့များသည် ဝတပ်ဖွဲ့မှ ထုတ်လုပ်သည့် လက်နက်များကို ကိုင်ဆောင်ထားသည် ဟုလည်း ပြောကြားသည်။

၎င်းက ‘’ သေနတ်သံတွေကို ကျော်လွှားပြီး ကျယ်လောင်တဲ့ အသံနဲ့ အမိန့်ပေးကွပ်ကဲတဲ့ အသံတွေကြားနေရတယ်လို့ ရှေ့တန်း စစ်သည်တွေဆီက တွေ့ရတယ်။ အဲ့ဒီအသံတွေမှာ ကချင်လိုလည်း ပါတယ်။ တရုတ်လိုလည်း ပြောတယ်။ ၀လိုလည်း ပြောတယ်။ ရှမ်းလိုလည်းပြောတယ်။ အဲ့ဒါကြောင့် ကိုးကန့်သောင်းကျန်းသူတွေအဖွဲ့ထဲမှာ အဲ့ဒီ့အဖွဲတွပါတယ်လို့ ပြောလို့ရတယ်’’ ဟု ဆိုသည်။

တိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်မှ ယနေ့အထိ တပ်မတော်သား အရာရှိ ၇ ဦး၊ အခြားအဆင့် ၄၇ ဦး၊ ရဲအရာရှိတစ်ဦး၊ ရဲဝန်ထမ်း ၆ ဦးကျဆုံးခဲ့ပြီး ကိုးကန့်ဘက်မှ ၇၂ ဦး ကျဆုံးသည့်အနက် အလောင်း ၃၃ လောင်း ရရှိကာ လက်နက်မျိုးစုံ ၁၁၅ လက်၊ ခဲယမ်းမျိုးစုံ၊ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိထားသည်ဟု ဆိုသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။