Thursday, February 12, 2015

အပစ်ရပ်လက်မှတ် အမြန်ဆုံးရေးထိုးရန် တစညပါတီ တိုက်တွန်း

(Mizzima)

တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (တစည) က တစ်နိုင်ငံလုံး အပစ်ရပ်စဲ ရေးသဘောတူညီချက် (NCA) တွင် အမြန်ဆုံး လက်မှတ်ရေး ထိုးကာ နိုင်ငံရေးဆွေးနွေး ပွဲ မူဘောင်နှင့် နိုင် ငံရေးဆွေးနွေး ပွဲများ အမြန် ဆုံး ပြုလုပ်ရန်လိုနေ သည်ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှု ဆောင်ကော်မတီ အဖွဲ့ဝင် ဦးသိန်းထွန်းက တိုက်တွန်းပြောကြားသည်။

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ပါတီရုံးချုပ်တွင် ဖေဖော်ဝါရီ ၁၁ ရက်က ပြုလုပ်သည့် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

 
ဦးသိန်းထွန်းက ''မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး တည်ငြိမ်အေးချမ်းမှုမရှိရင် ကျန်တဲ့ စီးပွားရေး၊ နိုင်ငံရေးတိုး တက်ဖွံ့ဖြိုးမှု ရရှိနိုင်မှာမဟုတ်ပါဘူး။ အဲ့တာကြောင့် ထာဝရငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ရပ် တည်ချက်ဖြစ်တဲ့ အပစ်ရပ်စဲရေး သဘောတူညီချက်စာချုပ်ကို အမြန်လက်မှတ်ရေးထိုးနိုင်ဖို့ကို တိုက်တွန်းပါ တယ်'' ဟု ပြောသည်။

ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျ ရောက်မည့် ၆၈ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားကို တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ဖေဖော်ဝါရီ ၁၁ ရက်တွင် ကျင်းပပြု လုပ်ခဲ့ခြင်းဖြစ် သည် ။

ယင်းအခမ်းအနားတွင် ပါတီဥက္ကဋ္ဌ ဦးသန်းတင်က ပါတီဝင်များထံပေးပို့သည့် သဝဏ်လွှာတွင် လူငယ်မျိုးဆက်များ၏ ဘဝအနာဂတ် အေးချမ်းမြင့်မားရေးအတွက် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးကို အမြန်ဆုံး လက်မှတ်ရေးထိုးကြကာ နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးကို အမြန်ဆုံး ဖော်ဆောင်ကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်ဟု ပါဝင်သည်။

ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အဖွဲ့ဝင် ဦးဟန်ရွှေက ''အပစ်ရပ်စဲရေးက အရမ်းအရေးကြီးပါတယ်။ သေသေချာချာ ဆွေးနွေးဖို့လိုအပ်ပါတယ်။ လက်မှတ်ရေးထိုးပြီး နောက်ပိုင်းလုပ်မယ့် ဆွေးနွေးပွဲကလည်း သမိုင်းဝင်မယ့် ဆွေးနွေးပွဲဖြစ်တဲ့အတွက် ဆွေးနွေးပွဲမူဘောင်ကို သေချာပြုလုပ် သင့်ပါတယ်'' ဟု ပြောသည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အခြေခံ၍ ဒီမိုကရေစီနိုင်ငံသို့ ကူးပြောင်းရာတွင် ညင်သာစွာဖြင့် နိုင်ငံတော် တည်ဆောက်နိုင်ရန်၊ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လက်မှတ်အမြန်ဆုံးရေးထိုး၍ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်နှင့် နိုင်ငံရေးဆွေးနွေးပွဲများ ၂ဝ၁၅ တွင် ပြုလုပ်နိုင်ရန်၊ ၂ဝ၁၅ နှစ်ကုန်ပိုင်းတွင် ကျင်းပမည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှုရှိရန်နှင့် ဂုဏ်သိက္ခာရှိရှိ ကျင်းပနိုင်ရန် ပြည်ထောင်စုနေ့ အခမ်းအနားကို ရည်ရွယ်ကျင်းပခြင်းဖြစ်သည်ဟု ဆိုသည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီသည် တိုင်းနှင့်ပြည်နယ် ၁၄ ခုရှိ မြို့ နယ် ၃ဝ၅ မြို့နယ်တွင် ဖွဲ့စည်းထားပြီး မြို့နယ် ၁၃၅ မြို့နယ်တွင် လွှတ်တော်ကိုယ် စားလှယ်နေရာအားလုံးအတွက် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ၇၉ မြို့နယ်တွင် အမျိုးသားလွှတ်တော် အမတ်နေရာအတွက် ယှဉ်ပြိုင်မည် ဖြစ်သည်။

ပါတီအောင်နိုင်ရေးအဖွဲ့များကို ၂ဝ၁၄ ခု ဧပြီက ဖွဲ့စည်းထားပြီး ၂ဝ၁၅ ခု မတ်လတွင် ယှဉ်ပြိုင်မည့် လွတ်တော်အမတ်နေရာနှင့် မြို့နယ်များအတွက် ပါတီအဖွဲ့ဝင်များနှင့် အပြီးသတ်ဆွေးနွေးမည် ဖြစ်သည်။

ရွေးကောက်ပွဲအတွက် ယှဉ်ပြိုင်မည့်ပါတီအဖွဲ့ဝင် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် ပြည်သူလူထု ထောက်ခံအားပေးယုံကြည်သည့် ကိုယ်စားလှယ်များကို ဗဟိုအလုပ်အမှုဆောင် ကော်မတီ၏ ဆုံးဖြတ်မှုဖြင့် ရွေးချယ်သွားမည်ဟု ဦးဟန်ရွှေက ပြောသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။