Saturday, February 14, 2015

လောက်ကိုင်တွင် အစိုးရတပ်က လေကြောင်းဖြင့် ထပ်မံတိုက်ခိုက်ဟုဆို

(Mizzima)

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့ အနောက်မြောက်ဘက် ရန်လုံကြိုက်တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တပ်ဖွဲ့များရှိရာသို့  ဖေဖော်ဝါရီလ ၁၃ ရက် မွန်းလွဲပိုင်းက အစိုးရ စစ်တပ်က ထပ်မံ တိုက်လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သည်ဟု MNDAA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက ပြောသည်။

“တိုက်လေယာဉ်နဲ့ ဗုံးကျဲတယ်။ စက်သေနတ်နဲ့ ပစ်တယ်။ လေး စီးလာတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

 
လောက်ကိုင်မြို့နယ် ရန်လုံကျိုင်းတွင် MNDAA စစ်ကြောင်းနှင့် အစိုးရ၏ ကိုးကန့်ပြည်သူ့စစ်တပ် ၁၀၀၆ တပ်ဖွဲ့များတို့ ထိပ်တိုက် တွေ့သဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ MNDAA ဘက်မှ ၂ ဦး ကျဆုံးခဲ့သည်ဟု သူက ဆိုသည်။

“၁၂ ရက် ညပိုင်း ၁၁ ခွဲလောက်မှာ ကျွန်တော်တို့ oparetion ထွက်တဲ့အချိန်မှာ BGF နဲ့သွားတိုးတယ်။ ကျွန်တော်တို့က ကိုးကန့်အချင်းချင်းဆိုရင် မတိုက်ပါဘူး။ သူတို့လည်း ကျွန်တော်တို့ကို အနှောက်အယှက် မပေးပါနဲ့ ဆိုတာကို ကျွန်တော်တို့ စစ်ကြောင်းကို သူတို့(BGF)က လှမ်းပစ်တယ်။ လှမ်းပစ်တော့ ကျွန်တော်တို့ဘက်က နှစ်ယောက် ကျသွားတယ်။ အဲတော့ ကျွန်တော်တို့လည်း ပြန်ပစ်လိုက်ရတယ်”ဟု ဦးထွန်းမြတ်လင်းက ပြောသည်။

လက်ရှိ အစိုးရ စစ်တပ်ဘက်မှ လောက်ကိုင်မြို့တွင် လုံခြုရေးတိုးမြင့်ချထားသလို၊ လက်နက်များ ဖြည့် တင်းထားသဖြင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားမည့် အခြေအနေတွင် ရှိနေသည်ဟု သူက “သူတို့လှုပ်ရှားမှုအပေါ် ကြည့်ရင်တော့ တိုက်ပွဲ ဆက်ဖြစ်မဲ့ ရှိမှာပါ။ သူတို့က သံချပ်ကာ ကားတွေ၊ တင့်ကား တွေတောင် ရောက်နေပြီပဲ။ တင့်ကားက  ၅ စီး၊ သံချပ်ကာ ကားက ၈ စီးလားမသိ ရောက်နေပြီလို့ သိရတယ်” ဟု ပြောသည်။

လောက်ကိုင်နယ်မြေ ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်တိမ်းရှောင်အဖွဲ့နှင့် ဖေဖော်ဝါရီလ ၉ ရက် ၁၀ နှင့် ၁၁ ရက်အထိ တိုက်ပွဲပေါင်း ၁၃ ကြိမ် ဖြစ်ပွားခဲ့ပြီး လေကြောင်း ပစ်ကူ ၅ ကြိမ် ဆောင်ရွက်ခဲ့ကြောင်း တိုက်ပွဲ အတွင်း တပ်မတော်မှ အရာရှိ ၅ ဦး၊ စစ်သည့် ၄၂ ဦး စုစုပေါင်း ၄၇ ဦး သေဆုံးခဲ့ပြီး အရာရှိ ၁၁ ဦး စစ်သည့် ၆၂ ဦး ၇၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အစိုးရက ဖေဖော်ဝါရီလ ၁၂ ရက်က ထုတ်ပြန်ထားသည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တွင် ဖေဖော်ဝါရီလ ၁၂ ရက်မှ စတင်၍ ညမထွက်ရ ပုဒ်မ ၁၄၄ အမိန့် ထုတ်ပြန်ထားပြီး တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည် ၁၀၀၀၀ ခန့် ထွက်ပြေး တိမ်းရှောင် နေရဆဲ ဖြစ်သည်ဟု လောက်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင်က ပြောသည်။

လောက်ကိုင်မြို့တွင် ည ၁၀ နာရီမှ နံနက် ၆ နာရီထိ ညမထွက်ရ အမိန့်ထုတ်ထားခြင်း ဖြစ်ပြီး လက်ရှိ လောက်ကိုင်၊ တာရွှေရှန်း စသည့်ဒေသအနီးတဝိုက်ရှိ ကျေးရွာသားများက တရုတ်နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်သည်ဟု သူက မဇ္ဈိမကို ပြောသည်။

“မနေ့ကနေညကနေ ညမထွက်ရ အမိန့်ထုတ်ထားတာ။ ညမထွက်ရအမိန့်ထုတ်တာက ကောင်းတယ်။ ဒါလိုအပ်တယ်။ အစိုးရ စစ်တပ်က လုံခြုံရေးအကုန် ချထားပြီ။ အခုလောလောဆယ်တော့ သေနတ်သံမကြားဘူး။ ဒုက္ခသည် အားလုံးက ၁၀၀၀၀ ကျော်မယ် ထင်တယ်။ တရုတ်ဘက်ခြမ်းတော်တော်များတယ်။ အခုက ကိုယ့်ဟာကို ပြန်လာပြီး အခြေအနေ ကြည့်နေကြတယ်”ဟု ဦးကျော်နီနိုင်က ပြောသည်။

ဖေဖော်ဝါရီလ ၉ ရက်မှ ၁၁ ရက်ထိ မြန်မာအစိုးရ စစ်တပ်နှင့် MNDAA အပါအဝင် တပ်ပေါင်းစုတပ်ဖွဲ့များနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သဖြင့် တရုတ်နိုင်ငံ နမ်ဆန့်မြို့သို့ ထွက်ပြေး တိမ်းရှောင်သွားသော စစ်ပြေး ဒုက္ခသည်များကို တရုတ်အစိုးရက ထောက်ပံ့နေပြီး တရုတ်နယ်စပ် ၁၂၅ စက်မှုဇုံသို့ ထွက်ပြေး တိမ်းရှောင်သွားသည့် ဒုက္ခသည်များအတွက် အစိုးရက ထောက်ပံ့ပေးနေသည်ဟု ဦးကျော်နီနိုင်က ပြောသည်။ စစ်ပြေးဒုက္ခသည် လူဦးရေ အတိအကျကို မသိရသေးကြောင်း သူက ပြောသည်။

တချို့ စစ်ပြေးဒုက္ခသည်များသည် နေ့လည်ပိုင်းတွင် မိမိတို့ နေအိမ်သို့ ပြန်လာ၍ ပစ္စည်းများလာယူကြသော်လည်း တိုက်ပွဲ အခြေအနေကို စောင့်ကြည့်နေသဖြင့် မိမိနေအိမ်များသို့ ပြန်လာခြင်း မရှိသေးကြောင်း သူက ပြောသည်။ တိုက်ပွဲကြောင့် လောက်ကိုင်ရှိ စာသင်ကျောင်းနှင့် ဈေးများ ပိတ်ထားရဆဲ ဖြစ်သည်ဟု သိရသည်။

လောက်ကိုင်ဒေသ တိုက်ပွဲတွင် MNDAA ခေါ် ကိုးကန့်တပ်ဖွဲနှင့်အတူ မဟာမိတ်တပ်များဖြစ်သော တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ TNLA နှင့် ရခိုင်တပ်မတော် AA တို့ ပူးပေါင်းတပ်များလည်း ပါဝင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။