Monday, February 2, 2015

ယခင် အပစ်ရပ် စာချုပ်များအား လွှတ်တော် တင်ရေးကို အစိုးရ၊ လွှတ်တော်နှင့် တိုင်းရင်းသားတို့ ကွဲလွဲစွာ အဓိပ္ပါယ် ဖွင့်ဆိုနေ

(ရွှေဟင်္သာသတင်းဌာန)

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဖော်ဆောင် နိုင်ရေး အတွက် NCA စာချုပ်၌ ပါရှိသည့် အချက် တစ်ချက် ဖြစ်သည့် ယခင် ချုပ်ဆို ထားသည့် တိုင်း/ ပြည်နယ် အဆင့် အပစ်အခတ် ရပ်စဲရေး စာချုပ်များအား လွှတ်တော် တင်သွင်း အတည်ပြု ရေးနှင့် ပတ်သက်၍ လွှတ်တော်၊ အစိုးရနှင့် တိုင်းရင်းသား များ၏ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့တို့ အကြား ကွဲလွဲသည့် အဓိပ္ပါယ် ဖွင့်ဆိုချက် များကြောင့် တစ်ဆို့နေသည့် အခြေအနေ ရှိနေကြောင်း NCCT အဖွဲ့ ခေါင်းဆောင် နိုင်ဟံသာက ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။

“ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းကာ အတည် ပြုချက် ရယူရန် သဘော တူသည် ဆိုပြီးတော့ အဲဒီလို ရေးထားတယ်။ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းကာ အတည် ပြုချက် ရယူရန် သဘောတူသည် ဆိုတဲ့ ဟာကတော့ အတည်ပြု ရမယ်လို့ ထည့်လိုက်တော့ လွှတ်တော် ဘက်က ခံစားချက် မကောင်းဘူး။ ဒီဘက်က အမိန့်ပေး သလို ညွှန်ကြား သလို ဖြစ်နေတယ်။  ဒါက တော်တော်လေး တစ်ဆို့ တယ်နော်” ဟု နိုင်ဟံသာက ရွှေဟင်္သာ သတင်း ဌာနအား ပြောသည်။


NCA စာချုပ်ပါ ထိုအချက်အား အကယ်၍ လွှတ်တော် လုပ်ထုံး လုပ်နည်း များနှင့် အညီ ပြင်ဆင် ၊ ဖြည့်စွက် ပြီးမှ အတည်ပြုရန် ပြုလုပ် သွားမည် ဆိုပါကလည်း တစ်ဖက် တိုင်းရင်းသား လက်နက်ကိုင် များနှင့် တိုင်း/ပြည်နယ် အဆင့်၊ ပြည်ထောင်စု အဆင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်စဉ် ညှိနှိုင်းစဉ် သဘောတူ ထားပြီး ဖြစ်သည့် အရေးကြီး သဘော တူညီချက် အချို့ကို လွှတ်တော်မှ ပြင်ဆင်ခွင့်၊ ပယ်ဖျက်ခွင့် ရှိမည် ဖြစ်၍လည်း ၎င်းအား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဘက်မှ လက်ခံ နိုင်သည့် အခြေအနေ မရှိကြောင်း နိုင်ဟံသာက ရွှေဟင်္သာ သတင်းဌာနအား ဆက်ပြောသည်။

“တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဒီသဘော တူညီချက် လက်မှတ် ရေးထိုးရေး မတိုင်မီ လက်မှတ် ရေးထိုးခဲ့တဲ့ ပြည်ထောင်စုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘော တူညီချက် အားလုံးကို ပြည်ထောင်စု လွှတ်တော်ကို တင်ရမယ် ဆိုရင် သူတို့ အနေနဲ့ အတည် ပြုဖို့ သူတို့က ဆွေးနွေး မလား သုံးသပ်မလား ပြင်ဆင် မလား။ အဲဒီလို ဆိုရင် အရေးတကြီး ဟိုမှာ ညှိနှိုင်း ထားတဲ့ အချက် ကတော့ လွှတ်တော် ကိုယ်စားလှယ်တွေ အတည်ပြုမှ၊ လွှတ်တော် ကိုယ်စားလှယ်တွေ ပြုပြင်ခွင့် ရှိနေမယ် ဆိုရင် ဟိုဟာကတော့ ဘာမှ အဓိပ္ပါယ် မရှိတော့ဘူး။ အဲဒီမှာလဲ တစ်ဆို့ နေတယ်” ဟု နိုင်ဟံသာက ဆက်လက် ပြောဆိုသည်။

သို့သော်လည်း ၎င်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ တင်သွင်းသည့် ရေးသားချက်၊ အစိုးရမှ တင်သွင်း ထားသည့် ရေးသားချက် များအပေါ် အဓိပ္ပါယ် ဖွင့်ဆိုချက် ကွဲလွဲ နေခြင်းသာ ဖြစ်၍ အဓိပ္ပါယ် အရ တူညီမှု ရှိကြောင်း မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှ အကြီးတန်း အကြံပေး အရာရှိ ဦးလှမောင်ရွှေက ရွှေဟင်္သာ သတင်း ဌာနအား သုံးသပ် ပြောဆိုသည်။

“အစိုးရ ဘက်က လွှတ်တော်မှာ ဒီဟာ တွေကို အဆို တင်သွင်း ပြီးတော့ လုပ်ထုံး လုပ်နည်းနဲ့ အညီ ဆောင်ရွက် ရမည်လို့ ရေးတာ၊ လွှတ်တော် ဘက်က ကြတော့ သူတို့ လုပ်ထုံး လုပ်နည်းကို Over Rule ပေါ့ဗျာ၊ အဲဒီလိုမျိုး ပုံစံ မျိုးပေါ့ နားလည် သလားတော့ မသိဘူး၊ အမှန်က အဓိပ္ပါယ် အတူတူပဲ ချဉ်းကပ်တဲ့ ပုံစံခြင်း မတူတာ” ဟု ဦးလှမောင်ရွှေက ရွှေဟင်္သာ သတင်းဌာနအား သုံးသပ် ပြောဆိုသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တို့အကြား တစ်ပြည်လုံး အပစ်အခတ် ရပ်စဲ ရေးအား ယခု လာမည့် ဖေဖော်ဝါရီ (၁၂) ရက်နေ့ ပြည်ထောင်စု နေ့၌ ရေးထိုး နိုင်ရန် စီစဉ် နေကြ သော်လည်း ဖြစ်နိုင် ဖွယ်ရာ အခြေ အနေ မရှိ သေးကြောင်း နိုင်ဟံသာက ဆိုပါသည်။

လာမည့် ဖေဖော်ဝါရီ ပထမ အပတ်၌ အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီမှ တာဝန် ရှိသူများ ထိုင်းနိုင်ငံသို့ သွားရောက်၍ တိုင်းရင်းသား လက်နက်ကိုင် များ၏ တပြည်လုံး အပစ်အခတ် ရပ်စဲရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီ (NCCT) နှင့် တပြည်လုံး အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ် များအတွက် အလွတ် သဘော သွားရောက် တွေ့ဆုံရန် ရှိနေ ကြောင်းလည်း ဦးလှမောင်ရွှေက ဆိုပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။