Friday, February 13, 2015

လိုင်ဇာသို့ အစိုးရတပ် လက်နက်ကြီးဖြင့် အကြိမ် ၃၀ ခန့် ပစ်ဟုဆို

(Mizzima)

ကချင် လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဌာနချုပ်ရှိရာ လိုင်ဇာသို့ အစိုးရတပ်မတော်မှ ဖေဖော်ဝါရီ ၁၂ ရက် ညနေအထိ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး စစ်ရေးတင်းမာနေသည်ဟု ကေအိုင်အို၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောသည်။

ဖေဖော်ဝါရီလ ၁၂ ရက် ညနေ ၆ နာရီမှ ၆ နာရီခွဲထိ လိုင်ဇာ၏ အနောက်တောင်ဘက်ရှိ ခရာတောင်၊ ဘွမ်ရယ်ဘွမ်နှင့် ဖုန်းပျဉ်ဘွမ်ရှိ အစိုးရ၏ စစ်တပ်ဘက်မှ ၈၁ မမ၊ ၆၀ မမ လက်နက်ကြီးများဖြင့် အကြိမ်ပေါင်း ၃၀ ခန့် ပစ်ခတ်ခဲ့သလို၊ အစိုးရ စစ်အင်အားများလည်း တိုးမြင့်မှုများ ရှိသဖြင့် စစ်ရေးတင်းမာနေခြင်း ဖြစ်သည်ဟု သူက မဇ္ဈိမကို ပြောသည်။


“မနေ့က ၆ နာရီကနေ ၆ နာရီခွဲအထိ လိုင်ဇာရဲ့ အနောက်ဘက်မှာရှိတဲ့ တောင်တွေ ဘက်ကနေပြီးတော့ ကျွန်တော်တို့ရဲ့ ရှေ့တန်းစခန်းတွေကို ၈၁ မမ၊ ၆၀ မမနဲ့ အကြိမ် ၃၀ လောက်ပစ်တယ်။ တိုက်ပွဲတော့ မဖြစ်ဘူး။ သူတို့က ကျွန်တော်တို့ဘက်ကနေ တန်ပြန်တုံ့ပြန် ပစ်ခတ်မှုရှိအောင် သူတို့ လုပ်နေတာပါ။ ကျွန်တော်တို့ဘက်ကနေ ခုထက်ထိ ပြန်တုံ့ပြန်တာ မရှိသေးဘူး။ တုံ့ပြန်တာနဲ့တော့ တိုက်ပွဲက အကြီး အကျယ်ဖြစ်တော့မယ်”ဟု ဦးလနန်က ပြောသည်။

ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၅ နာရီခွဲချိန်တွင်လည်း ဖုန်းပျဉ်ဘွမ်ဘက်မှ အစိုးရ စစ်တပ်က KIA တပ်စခန်းရှိရာ လိုင်ဇာအနီးသို့ ၈၁ မမဖြင့် နှစ်ကြိမ် ပစ်ခတ်ခဲ့သလို၊ ဖေဖော်ဝါရီလ ၁၁ ရက် နံနက် ၄ နာရီ ဝန်းကျင်တွင်လည်း လက်နက်ကြီးဖြင့် အကြိမ်ပေါင်း ၅ ကြိမ် ပစ်ခတ်ခဲ့သည်ဟု သူက ပြောသည်။

အစိုးရ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လူထိခိုက်မှု မရှိသော်လည်း လိုင်ဇာမြို့ခံများ စိုးရိမ်မှုများရှိနေပြီး တပ်မတော်က ပစ်ခတ်လိုက်သော လက်နက်ကြီးများ ကျရောက်သည့် နေရာအနီးတွင် အလန်းဘွမ် စစ်ပြေး ဒုက္ခသည်ကျောင်းရှိပြီး စာမေးပွဲဖြေဆိုတော့မည့် ကျောင်းသား ၁၀၀၀ ခန့် ပညာသင်ကြားနေ၍ ကျောင်းသားများ စိုးရိမ်မှုများ ရှိနေသည်ဟု ဦးလနန်က ပြောသည်။

လက်ရှိ ဖေဖော်ဝါရီလ ၁၃ ရက်တွင် အစိုးရစစ်တပ်ဘက်မှ လက်နက်ကြီး ပစ်ခတ်မှုမရှိသော်လည်း ဗန်မော်လမ်းဘက်မှ အစိုးရ စစ်တပ်၏ စစ်ကားများ အစီး ၁၀၀ ခန့် တက်လာရန် ရှိနေပြီး တချို့စစ်အင်အားမှာ ဒေါ့ဖုန်းယန်တွင် ရောက်ရှိနေပြီ ဖြစ်သလို၊ မြစ်ကြီးနားဘက်မှလည်း စစ်ကားအစီး ၃၀ကျော်ဖြင့် အင်အားတိုးမြင့်မှုများရှိသဖြင့် စစ်ရေးတင်းမာမှု ရှိနေသည်ဟု ဦးလနန်က ပြောသည်။

ဖေဖော်ဝါရီ ၉ရက်နှင့် ၁၀ရက်တွင်လည်း ရှမ်းပြည်နယ် မြောက်ပိုင်း လောက်ကိုင်မြို့တွင် ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲပြင်းထန်ခဲ့သည်။ နှစ်ရက်အတွင်း တိုက်ပွဲ ၈ကြိမ်ဖြစ်ပွားကာ တပ်တော်ဘက်မှ လေကြောင်းပစ်ကူ ၅ကြိမ်ဆောင်ရွက်ခဲ့သည်ဟု ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်ကလည်း လိုင်ဇာအနီး ဗိုလ်သင်တန်းကျောင်းသို့ အစိုးရ စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဗိုလ်လောင်း ၂၃ ဦးသေဆုံးကာ ၂၀ ကျော် ဒဏ်ရာ ရရှိခဲ့သည်။ 

ယင်းကြောင့် KIO သည် ကချင်ပြည်နယ်အတွင်း စစ်ရှိန်လျော့ချစေရန် အစိုးရနှင့် KIO ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့၏ တလကြိမ်ဆွေးနွေးမှုကိုလည်း KIO ကိုယ်စားလှယ်များက ရပ်ဆိုင်းခဲ့သည်။

ထို့ပြင် လိုင်ဇာ ဗိုလ်လောင်းများ သေဆုံးမှုနှင့် ပတ်သက်၍ ထပ်မံ မဖြစ်ပွားစေရန်အတွက် အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ (NCCT) တို့၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုတွင် ကျနေသော အချက်တခုအဖြစ်ပါဝင်နေသည်။

KIO သည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အောင်မြင်သည်အထိ ပူးပေါင်းဆောင်ရွက်သွားရန် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ကျရောက်သော ၆၈ ကြိမ်မြောက် ပြည်ထောင်စုနေ့တွင် ကြေငြာချက်ထုတ်ပြန်ထားသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။