Thursday, January 15, 2015

UNFC တင်ပဲ စင်ပြိုင်တပ်လား UWSA “ ၀ “ အဖွဲ့ အပါဝင် ကျန်အဖွဲ့တွေ ကကော စင်ပြိုင်တပ် မဟုတ်ဘူးလား

(Lachid Kachin)
ကိုစိုင်း( ရှမ်းမောမြေ)


စင်ပြိုင် တပ်မတော်ဆိုတဲ့ စကားလုံး ဟာ အခုနောက်ပိုင်း သတင်း မီဒီယာတွေမှာ တခါတရံမြင်တွေ့ လာတဲ့ စကားလုံးဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အတွင်း မှာတော့ ဆိုရှယ် မီဒီယာပေါ်မှာပါ မကြာမကြာမြင်တွေ့ လာရတဲ့ စကားလုံးဖြစ်ပါတယ်။ ပထမဆုံး ဒီစကားလုံး ကို ထင်ထင်ရှားရှား သတိပြုမိလာတာကတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ဗွီအိုအေ အမေရိကန်အသံ တို့ရဲ့ တွေ့ဆုံမေးမြန်းမှုမှာဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရာယ်ကောင်စီ UNFC က ဖွဲ့စည်းထား တဲ့ ပြည်ထောင်စု တပ်မတော်ဆိုတာနဲ့ ပတ်သက်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဘယ်နိုင်ငံမှာမှ စင်ပြိုင်တပ်မတော်ဆိုတာ မရှိဘူး တပ်မတော်ဆိုတာ တခုတည်းရှိတယ်။ လို့ဆိုခဲ့တာကို တွေ့ရပါတယ်။


ဒီရက်ပိုင်းတွေအတွင်းမှာတော့ အဲဒီစကားလုံးကို ဆိုရှယ်မီဒီယာမှာ အသုံးပြုသူတွေများလာတာသတိပြုမိပါတယ်။တိတိကျကျပြောပြရမယ်ဆိုရင်တော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ကစလို့ ရှမ်းပြည်နယ်မြောက်ပိုင်းမှ ဖြစ်ပွားခဲ့တဲ့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ပွဲနဲ့ ပတ်သက်လို့ တပ်မတော်သား ဖေ့ဘုပ်သုံးစွဲသူတွေနဲ့တပ်မတော်နဲ့ပတ်သက်သူအချို့ကနေ ဖေ့ဘုပ် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားနေကြတာဖြစ်ပါတယ်။ တချို့ ဆိုရင် ကေအိုင်အိုအပါဝင်အဖွဲ့အချို့အနေနဲ့စင်ပြိုင်တပ်မတော်ဖွဲ့တာဖြစ်တဲ့အတွက် သမ္မတကြီး လွတ်လပ်ရေးနေ့မတိုင်ခင် လိုင်ဇာကိုသိမ်းပေးပါ စသဖြင့် အသုံးနှုန်းတွေကိုသုံးနှုန်းပြီးစတေးတပ်တွေကိုတင်ထားတာလည်း တွေ့ရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ပွဲတွေကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကေအိုင်အေ ကချင် လွတ်မြော်ကရေး တပ်မတော် ၊ တအာင်းပလောင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ၊ MNDAA ကိုးကန့်အဖွဲ့ စတဲ့ အဖွဲ့တွေရဲ့ တပ်ပေါင်းစုတွေနဲ့ တပ်မတော်တို့ အကြားဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အဲဒီအဖွဲ့တွေဟာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် စင်ပြိုင်တပ်မတော်လို့ ညွှန်းဆိုထားခဲ့တဲ့ UNFC အဖွဲ့ရဲ့ အဖွဲ့ဝင်တွေ လည်းဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၁ ခုနစ်လောက်ကတည်းက ရှမ်းမြောက်ဒေသမှာ မဟာမိတ်တပ်ပေါင်းစု ဖွဲ့ပြီး တပ်မတော်ကို ရင်ဆိုင်တိုက်ခိုက်နေခဲ့ တာဖြစ် ပါတယ်။ မကြာခင်က လိုင်ဇာမှာ ဖြစ်ပေါ်ခဲ့တဲ့ စစ်သင်တန်းကျောင်း တိုက်ခိုက်မှု ကလည်း စင်ပြိုင် ပြည်ထောင်စုတပ်အတွက် စစ်သင်တန်းပေး တဲ့အတွက် သတိပေး ပစ်ခတ်ခဲ့တာဖြစ်ဖွယ်ရှိတယ်ဆိုပြီး သုံးသပ်ထားတဲ့ စတေးတပ်တွေ လည်း တွေ့ရပါတယ်။

ကျန်တော့်အနေနဲ့ ဒီနေရာမှာ မေးခွန်းထုတ်စရာ ဖြစ်လာတာကတော့ စင်ပြိုင်တပ် ဆိုတဲ့ အသုံးနှုန်းက အစိုးရနဲ့ နိုင်ငံရေးအရကော စစ်ရေးအရပါ သဘောတူညီမှု မရသေးတဲ့ UNFC လို အဖွဲ့မျိုးက ဖွဲ့စည်းထားတဲ့ ဖက်ဒရာယ်ပြည်ထောင်စုတပ် FUA အဖွဲ့ကိုပဲ ဆိုလိုတာလား ၊ ကျန်တဲ့ အင်အားတောင့်တင်းတဲ့အဖွဲ့တွေဖြစ်တဲ့ ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA တို့ကကော ဘယ်လို တပ် အမျိုးအစားတွေ ပါသလဲ ဆိုတာနဲ့ အင်အားအကြီးဆုံးဖြစ်တဲ့ ၀ လို အဖွဲ့တွေကို ကျတော့ဘာကြောင့် စင်ပြိုင်လို့ မသတ်မှတ်တာလဲ ဆိုပြီး စဉ်းစားစရာဖြစ်လာ ပါတယ်။

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်
ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ဟာ ဗမာပြည်ကွန်မြူနစ်ပါတီကနေ ခွဲထွက်လာကတည်းက တပ်မတော်နဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့တာ မဟုတ်ပါဘူး။ ဗမာပြည်ကွန်မြုနစ်ပါတီက ထွက်လာစဉ်ကတည်းက တပ်ဖွဲ့ဝင် အင်အားကလည်း ၁ သောင်းကျော်ကျော် အထိရှိခဲ့ပါတယ်။

စစ်အစိုးရနဲ့ အပစ်ခတ်ရပ်စဲခဲတဲ့ နောက်ပိုင်းမှာ ၀ အထူးဒေသဆိုပြီးရှမ်းပြည်နယ် အရှေ့ပိုင်းမှာရှိတဲ့ မြို့နယ်(၆) မြို့နယ်လောက်ကိုကိုယ်တိုင်စီမံအုပ်ချုပ်ခွင့်ရခဲ့ပါ တယ်။ 
၁၉၉၂ နောက်ပိုင်းမှာတော့ တရုတ်မြန်မာနယ်စပ် အရှေ့မြောက်ဒေသ ပန်ဆန်းဒေသမှာ အခြေချခဲ့တဲ့ ၀ တွေကို မက်လုံးပေးတဲ့အစီစဉ်တရပ်ပေါ်ပေါက် လာခဲ့တဲ့အတွက်ထိုင်းမြန်မာနယ်စပ်မှာအခြေချဖို့အခွင့်လမ်းပေါ်လာခဲ့ပြန်ပါတယ်။
အဲဒီအစီစဉ်ကတော့ ၀ တပ်ဖွဲ့တွေအနေနဲ့ ထိုင်းမြန်မာနယ်စပ် တလျှောက်မှာ ထိန်းချုပ်ထားနိုင်ခဲ့တဲ့ ဦးခွန်ဆာရဲ့ MTA အဖွဲ့ နယ်မြေတွေကို တိုက်ခိုက် သိမ်းပိုက်နိုင် လို့ ရှိရင် သိမ်းနိုင်သမျှနယ်မြေတွေကို ၀ တပ်ဖွဲ့ကို ပေးမယ်ဆိုပြီး တပ်မတော်အစိုးရရဲ့ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ခင်ညွှန့်က ကမ်းလှမ်းခဲ့တာပါ ။


အဲဒီကမ်းလှမ်းချက်ကလည်း နယ်စပ်ထွက်ပေါက်အဖြစ် တရုတ်နယ်စပ်လောက် သာရှိပြီး မဟာမိတ် မိုင်းလားအဖွဲ့ရဲ့ နယ်မြေတွေကို အသုံးပြုနိုင်ခဲ့ရင်တောင် လာအိုနယ်စပ်လောက်သာ အသုံးပြုခွင့်ရနိုင်တဲ့ အနေထားရှိခဲ့တဲ့ ၀ အဖို့ ကမ်းလှမ်းချက်က မက်မောစရာပါ။ နောက်တချက်က ၀ မြောက်ပိုင်း နယ်မြေတွေ က ရာသီဥတု ဆိုးဝါးပြီး စိုက်ပျိုးရေးလုပ်ငန်းတွေ ကလည်း ကောင်းမွန်ခြင်း မရှိတဲ့အတွက် မြေဆီသြဇာကောင်းမွန်ပြီး ရာသီဥတု သမမျှတတဲ့ တာချီလိတ် အနောက်တောင်ပိုင်းက ရှမ်းတွေ လားဟူတွေ အဓိကနေထိုင်တဲ့ နယ်မြေတွေ သာ ရခဲ့ရင်ဆိုတဲ့ အချက်ကလည်း သူတို့ကို အဲဒီနေရာတွေမှာ မဖြစ်မနေအခြေ ချဖို့ တွန်းအားပေးသလို ဖြစ်စေခဲ့တယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။


ဦးခွန်ဆာလက်ထက်တလျှောက်နဲ့ ဦးခွန်ဆာ အလင်းဝင်ပြီးနောက်ပိုင်း ဦးယွက်စစ် ရဲ့ SURA ၊ RCSS/SSA စတဲ့ အဖွဲ့တွေနဲ့ ၂၀၀၅ ခုနစ်လောက်အထိ တိုက်ခိုက်ခဲ့မှု ပြီးဆုံးချိန်မှာတော့ ၀ တွေအနေနဲ့ မူလက မြန်မာပြည် အရှေ့မြောက်ပိုင်းဒေသ သာမကပဲ တာချီလိတ်အောက်ပိုင်း ထိုင်းမြန်မာ နယ်စပ်တလျှောက် လွယ်လန်းဒေသကနေ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ် အထိပါ ခြေချခွင့်တွေ ရရှိလာခဲ့ပါတယ်။

ဝတောင်ပိုင်းနယ်မြေဆိုတာလည်း အဲဒီနယ်မြေတွေကိုပဲ ခေါ်တွင်လာတာဖြစ်ြပီး နယ်မြေကျယ်ပြန့်စွာ တည်ရှိလာမှု ၊ စီးပွားရေးလုပ်ငန်းတွေ ကောင်းမွန်လာမှု ( မှတ်ချက်။။မူးယစ်ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းဟု လေ့လာသူများနှင့် နိုင်ငံတကာက ဆိုသည်။ ၀ အဖွဲ့ကမူ အစဉ်အမြဲ ငြင်းဆန်ခဲ့။ ) တို့နဲ့အတူ တပ်အင်အား ကိုလည်း အင်အား သုံးသောင်းခွဲ လေးသောင်းနီးပါးအထိ တိုးချဲ့နိုင်ခဲ့ပါတယ်။

တပ်မဟာ အလိုက်ဖွဲ့စည်းမှုကို ကြည့်မယ်ဆိုရင်လည်း အရင်က တပ်မဟာ (၅) ခုလောက်သာ ရှိခဲ့ရာကနေ တပ်မဟာ ၈ ခုလောက်အထိ တိုးချဲ့ ဖွဲ့စည်းနိုင်ခဲ့ ပါတယ်။ အဲဒီတပ်မဟာတွေထဲက တပ်မဟာ ၅ ခုလောက်ဟာ ၀ ရဲ့ စီးပွားရေး အရ နယ်စပ်ထွက်ပေါက်အဖြစ်အရေးပါတဲ့ ထိုင်းမြန်မာနယ်စပ်မှာရှိနေတယ် လို့ လေ့လာသူတွေက ဆိုကြပါတယ်။အဲဒိ လေကြောင်းရန် ကာကွယ်ရေး တပ်ရင်း ၊ အမြောက်နဲ့ လက်နက်ကြီးတွေနဲ့ ပတ်သက်လို့ အမြောက် တပ်မဟာတွေ လည်း ရှိနေပါတယ်။ 
စစ်လက်နက်တပ်ဆင်နိုင်မှုကို ကြည့်မယ် ဆိုရင်လည်း ၀ အဖွဲ့မှာ ပြီးခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်မတိုင်ခင်လောက်ကတည်းက ရုရှားနိုင်ငံလုပ်SAM-7ပုခုံးထမ်းလေယာဉ်ပစ် ဒုံးကျည်တွေပိုင်ဆိုင်နေ ခဲ့ပြီး နောက်ပိုင်းမှာတော့ရဟတ်ယာဉ်အချို့နဲ့ပိုပြီး ခေတ်မှီတဲ့ လေယာဉ်ပစ် ဒုံးကျည်တွေ ရှိနေခဲ့တယ်လို့ စစ်ရေးအကဲခတ်တွေကကော Jane’s defense တို့လို နိုင်ငံတကာ စစ်ရေး မဂ္ဂဇင်းတွေက ပါ အခိုင်မာပြောဆို ဖော်ပြကြပါတယ်။

ပြီးခဲ့တဲ့ နှစ်နှစ်ဆယ်အတွင်း တပ်မတော်နဲ့ ၀တို့အကြား တိုက်ပွဲတွေ ထိတွေ့ မှုတွေ မဖြစ်ခဲ့ဖူးဆိုပေမဲ့ အမြဲတမ်းတော့ ဆက်ဆံရေးကောင်းခဲ့တာတော့ မဟုတ်ပါဘူး။ ၂၀၀၈ အခြေခံ ဥပဒေပေါ်ပေါက်လာပြီး နောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ နယ်ခြားစောင့်တပ် (BGF) လုပ်ရမယ်ဆိုတဲ့ ကိစ္စပေါ်လာတော့ နှစ်ဘက်စစ်ရေးတင်းမာမှုတွေရှိခဲ့ပြီး၂၀၀၉ ခုနစ်ကစလို့ ၀ ဒေသအတွင်းမှာ လာရောက် တာဝန်ထမ်းဆောင်နေတဲ့ အစိုးရ၀န်ထမ်းတွေ အားလုံးကို မောင်းထုတ်ခဲ့တာတွေရှိခဲ့ပါတယ်။ ၀ ဒေသတွင်း ၂၀၁၀ ရွေးကောက်ပွဲ ကိုလည်း ကျင်းပနိုင်ခြင်း မရှိခဲ့ပါဘူး။ အခုလို တင်းမာ တာတွေ ရှိပေမဲ့ နှစ်ဘက်တပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာတော့ မရှိပါဘူး ။

အဲဒီနောက်ပိုင်းသမ္မတဦးသိန်းစိန်အစိုးရတက်လာမှသာ နှစ်ဘက်တာဝန်ရှိသူတွေအကြား ဆက်ဆံမှုတွေ ပြန်ရှိလာခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်မှာတော့ ၀ တပ်ဖွဲ့ရဲ့ အဓိက ဦးတည်ချက်က လက်ရှိအခြေခံ ဥပဒေအရ သတ်မှတ်ပေးထားတဲ့ အရှေ့မြောက် ဒေသ (၆) မြို့နယ်အပြင် ၀ တောင်ပိုင်းဒေသကိုပါပေါင်းပြီး သံလွင်အရှေ့ဘက်တလျှောက်ကို ကန့်လန့်ဖြတ်ပိုင်း ဖွယ်ရှိတဲ့ ၀ ပြည်နယ်သတ်မှတ်ပေးရေးက သူတို့ရဲ့ အဓိက နိုင်ငံရေး ဦးတည်ချက်ဖြစ်လာပါတယ်။ ဒါကတော့ ၀ တပ်ဖွဲ့အကြောင်း တစေ့စောင်းပါ။

အခုက ဘာကြောင့် ၀ လို အဖွဲ့ကို စင်ပြိုင်တပ်အဖြစ် မသတ်မှတ်သလဲ ၊ UNFC ကို စင်ပြိုင်တပ်အဖြစ် သတ်မှတ်သလဲ
ဝ လို အင်အားကြီးနေတဲ့ အဖွဲ့ကိုကျတော့ ဘာဖြစ်လို့ တပ်မတော်က စင်ပြိုင်တပ် အဖြစ်မသတ်မှတ်သလဲ ၊ UNFC လို အဖွဲ့ကိုမှ ဘာကြောင့် စင်ပြိုင်တပ်အဖြစ် သတ်မှတ်သလဲလို့ ဆိုတဲ့ အပေါ် လေ့လာသူတွေရဲ့ သဘောထား ကို မေးကြည့်တော့ တိုင်းရင်းသား ကိုယ်စားပြုမှု အခြေနေ ၊ နိုင်ငံရေး အရ ပြည်သူလူထု ထောက်ခံမှု အနေထား ၊ နိုင်ငံရေး ဦးတည်ချက် မတူညီမှု ၊ စစ်ရေးအရ ခက်ခဲနိုင်မှု စတဲ့ အခြေနေတွေအပေါ် မူတည်ကြောင်း သုံးသပ်ကြ ပါတယ်။

UNFC ညီညွတ်သောတိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ဆိုတာက ဖွဲ့စည်း တာ သုံးနှစ်လောက်ပဲ ရှိသေးသလို သူတို့ အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထား တဲ့ ပြည်ထောင်စု တပ်မတော်ဆိုတာကလည်း ဖွဲ့စည်းတာက သုံးနှစ်လောက်ပဲ ရှိပါသေးတယ်။ တိတိကျကျဆိုရရင်တော့ ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ အစိုးရတို့အကြား စစ်ရေးတင်းမာမှုတွေ ပြန်ဖြစ်လာတဲ့ ၂၀၁၁ ခုနစ်မှာမှ UNFC ကို ဖွဲ့စည်းခဲ့တာပါ။ UNFC ရဲ့ ပြည်ထောင်စု တပ်ဖွဲ့စည်းထားရတာ ကလည်း နိုင်ငံရေးဆွေးနွေးမှု သဘောတူညီခဲ့ပြီးနောက်ပိုင်း ပြည်ထောင်စု တပ်ဖွဲ့လို့ရှိရင် အဆင်သင့်ဖြစ်အောင်နဲ့ နိုင်ငံရေးမဆွေးနွေးနိုင်သေးခင်အကြား ထိုးစစ်ဒဏ်ခံလာရရင် တဘက်စောင်းနင်း မဖြစ်စေဖို့ စုပေါင်းကာကွယ်ထားဖို့ ရည်ရွယ်တယ်လို့လည်း လေ့လာသူတွေနဲ့ UNFC တာဝန်ရှိသူတွေက ဆိုကြ ပါတယ်။

UNFC အဖွဲ့ဝင် ၁၂ ဖွဲ့စလုံးမှာ တဖွဲ့မှ ၀ တပ်ဖွဲ့လောက် အင်အားမရှိပါ ဘူး။ ကေအိုင်အိုတောင် အလွန်ဆုံးအင်အားက ၈၀၀၀ လောက်ပဲရှိသလို အားလုံးပေါင်းရင်တောင် ၀ အဖွဲ့ရဲ့ အင်အားတောင့်တင်းမှုကို မယှာဉ်နိုင်သေး ပါဘူး။ ခေတ်မှီလက်နက်ကိုင်ဆောင်နိုင်မှုမှာလည်း ၀ အဖွဲ့က အပုံကြီးသာ ပါတယ်။

ဒါပေမဲ့ နိုင်ငံရေးအရ လူထုထောက်ခံမှု ၊ တိုင်းရင်းသား တော်တော်များများကို လွှမ်းခြံနိုင်မှုတို့မှာကတော့ UNFC အဖွဲ့က သာပါတယ်။ ၀ ကို သူတို့ ၀ တိုင်းရင်းသားတွေ ကလွှဲလို့ ကျန်တဲ့ တိုင်းရင်းသား ပြည်သူတွေက သိပ်ထောက်ခံ တာ မဟုတ်ပါဘူး။ UNFC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တော်တော်များများဟာ သက်ဆိုင်ရာ တိုင်းရင်းသားတွေ ရဲ့ ထောက်ခံမှုကိုလည်း ရထားသလို အခြား အတိုက်အခံ နိုင်ငံရေး အဖွဲ့စည်းတွေ ကပါ အသိမှတ်ပြုလေးစားခံရတဲ့ အနေထားမှာ ရှိပါ တယ်။ နိုင်ငံရေးအရ ဦးတည်ချက်ကို ကြည့်မယ်ဆိုရင် UNFC က စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တောင်းဆိုနေတာဖြစ်ပြီး ၀ အဖွဲ့ အနေနဲ့ကတော့ ၀ ပြည်နယ်အရေးသာ တောင်းဆိုနေတာပါ။

ဝ တပ်ဖွဲ့က အင်အားတောင့်တင်းတော့ စစ်ရေးအရ သွားတိုက်မယ်ဆိုရင် အထိနာနိုင်တယ်။ နောက်တချက်က ဒီဘက်မှာက ကချင်တို့ ရှမ်းတို့ ပလောင်တို့နဲ့က စစ်မျက်နှာဖွင့်နေရသေးတယ်ဆိုတော့ ဒါကြောင့် အစိုးရက ၀ ကိုတတ်နိုင်သမျှလိုက်လျောပေးပြီးဆက်ဆံနေတာ။ နောက်အရေးကြီးဆုံးအချက်က နိုင်ငံရေးအရ တောင်းဆိုမှု ပါပဲ။ ကေအိုင်အိုတို့ UNFC တို့ဆိုတာက စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တောင်းဆိုနေတာ ဖြစ်တယ် ။

ဖက်ဒရယ်ဖြစ်ရင် ဖက်ဒရာယ်တပ်ကလည်း ရှိရမယ်လေ။ ၀ ကတော့ တရုတ်နဲ့က လည်းနီးတော့ဖက်ဒရယ် ဆိုတာကိုမယဉ်ပါးဘူး။ ပြည်နယ်ဆိုတာ လည်း သူ့အတွက် အမြင့်ဆုံးပဲ နောက်တချက်က ၀ ကို တိုက်ရင်အနည်းဆုံး မိုင်းလား ကိုးကန့် ၊ SSA စတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကထွက်လာတဲ့ သူ့ မဟာမိတ် အဖွဲ့တွေက ကြိမ်းသေပေါက် ပြန်ဝိုင်းတိုက်မှာပဲ ဒါကြောင့် ၀ လို အဖွဲ့တွေကို စင်ပြိုင်တပ်အဖြစ် သတ်မှတ်ကြောင်း ထုတ်ဖော်ပြောဆိုမှု မပြုတာ နေမှာပါ လို့ နိုင်ငံရေး အကဲခတ်တဦးဖြစ်တဲ့ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

တကယ်တော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောသလို နိုင်ငံတနိုင်ငံမှာ တပ်မတော်ဆိုတာတရပ်တည်းရှိရတယ်ဆိုတာလည်းအမှန်ပါပဲ။ နိုင်ငံရေးအရ ဖြစ်စေ လူမျိုးရေးအရ ဖြစ်စေ လက်နက်ကိုင်တော်လှန်ရေး လုပ်နေကြတဲ့ အဖွဲ့တွေကလည်း တပ်မတော် လက်အောက်မှာ ရှိတာ မဟုတ်တဲ့အတွက် အားလုံးက စင်ပြိုင်တပ်တွေမဟုတ်လားဆိုပြီး မေးခွန်းထုတ်လိုက်ချင်ပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။