Monday, January 19, 2015

KIA ဖမ်းထားသည့် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ပြန်လွှတ်

(ဧရာဝတီ)

ဇန်န၀ါရီ ၁၄ ရက်နေ့က ကချင်ပြည်နယ် လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီးနှင့် လိုက်ပါခဲ့ပြီး ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) ၏ ဖမ်းဆီးခြင်း ခံထားရသည့် ရဲတပ်ဖွဲ့ ၀င် ၃ ဦးကို ယနေ့ညနေပိုင်းတွင် ကချင် ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ (PCG) ထံသို့ အပြီး လွှဲပြောင်းပေး လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ အခုပဲ ကချင် လွတ်မြောက်ရေးတပ်ဖွဲ့ တပ်စွဲထား ရာ တောတွင်း တနေရာမှာပဲ အဖမ်းခံထားရတဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ပြန်ခေါ်ပြီး ပြန်လာပါပြီ။ ဖားကန့်က မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ကို ပြန်အပ်မှာပါ။ အခုညနေ ၄ နာရီမှာပဲ သူတို့ဘက်က ကျနော်တို့ကို လွှဲပြောင်းပေးတာ” ဟု ကချင်ပြည်နယ် ငြိမ်ချမ်းရေးအကျိုး ဆောင်အဖွဲ့ဝင် ဦးလမိုင်းဂွန်ဂျာက ပြောသည်။


ထိုသို့ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ပြန်လွှဲပြောင်းပေးရခြင်းနှင့် ပတ်သက်ပြီး KIA တပ်မဟာ ၂ လက်အောက်ခံ၊ တပ်ရင်း ၆ မှ တပ်ရင်းမှူးဖြစ်သူ ဗိုလ်မှူး တန်ဆိုင်းကို ဧရာဝတီက ဆက်သွယ်မေးမြန်းရာ “ကျနော်တို့ အခုလွှဲပေးမှာက အစိုးရစစ်တပ်နဲ့ တိုက်ပွဲတွေဖြစ်လို့၊ သူတို့တိုက်လာတာကို ကြောက်လို့ လွှဲပေးတာမျိုး လုံးဝ မဟုတ်ဘူး။ အကျဉ်းသားနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ စံနှုန်းတွေကို လေးစားလိုက်နာလို့၊ လူသားချင်းစာနာ ထောက်ထားမှုရှိတဲ့ အနေနဲ့ လွှဲပေးမှာ။ ဒီအကျဉ်းသားတွေကလည်း ရဲတွေဆိုတော့ ကျနော်တို့အတွက် ဘာပြဿနာမှ ရှိတာမဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

သို့ရာတွင် ရဲတပ်ဖွဲ့ဝင်များကို ပြန်လည် လွှဲပြောင်းပေးလိုက်ရုံဖြင့် လက်ရှိတိုက်ပွဲများ ရပ်တန့်သွားနိုင်မည်ဟု အတိအကျ မပြောနိုင်ကြောင်း၊ မိမိတို့တပ်ဖွဲ့၏ နယ်မြေများတွင် အစိုးရစစ်တပ် ဆက်လက်ရှိနေလျှင် တိုက်ပွဲ ဆက်ဖြစ်နေနိုင်ကြောင်း ဗိုလ်မှူး တန်ဆိုင်းက ဆက်ပြောသည်။

မိမိတို့ KIA အနေဖြင့် အဆိုပါ ရဲတပ်ဖွဲ့ဝင်များကို ဇန်န၀ါရီ ၁၄ ရက်နေ့၊ စတင် ဖမ်းဆီးလာစဉ် ကတည်းက နောက်တနေ့ နံနက် ၈ နာရီတွင် ပြန်လွှဲပေးရန် စီစဉ်ထားသော်လည်း မလွှဲပြောင်းမီ  ဇန်န၀ါရီ ၁၅ ရက်၊ နံနက် ၆ နာရီခန့်ကတည်းက အစိုးရစစ်ကြောင်းမှ ထိုးစစ်ဆင်လာသဖြင့် ယခုကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားလာရခြင်းဖြစ်ကြောင်း သူက ဆိုသည်။

ဇန်န၀ါရီ ၁၄ ရက်နေ့က ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူးနော် လိုက်ပါသည့် ယာဉ်တန်းကို KIA က စစ်ဆေးပြီး ၀န်ကြီးနှင့် လိုက်ပါလာသည့် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို လက်နက်နှင့်အတူ ဖမ်းဆီးခဲ့သည့်အတွက် အစိုးရစစ်တပ်နှင့် KIA တို့အကြား ဇန်န၀ါရီ ၁၅ ရက်နေ့ နံနက်ပိုင်းမှစတင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲများကြောင့် ဖားကန့်ဒေသ၊ ကံဆီး၊ ဂင်ဆီး၊ ဆိုင်းရာ၊ အောင်ဘာလေ စသည့်ရွာများရှိ ဒေသခံများ ပိတ်မိနေခဲ့ပြီး ဇန်န၀ါရီ ၁၇ ရက်နေ့အထိ အသက်ကြီးရွယ်အို ဒေသခံ ၅၀ ကျော်မှာ ထွက်ပြေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ထွက်ပြေးလွတ်မြောက်လာသည့် ဒေသခံများတွင်လည်း အစားအစာနှင့် သောက်သုံးရေ၊ အ၀တ်အထည်များ မလုံလောက်သည့် အခက်အခဲများ တွေ့ကြုံနေရကြောင်း ဖားကန့်ဒေသ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

“ဖားကန့်က အောင်ဘာလေရွာမှာ အခုချိန်အထိ အသက်ကြီးရွယ်အိုနဲ့ မသွားနိုင်မလာနိုင်တဲ့ ပြည်သူ ၅၀ ကျော်တို့က တိုက်ပွဲအကြားမှာ ပိတ်မိနေဆဲပါပဲ။ သူတို့တွေက ကား၊ ဆိုင်ကယ်လည်း မစီးနိုင်ကြတော့ သူတို့နေအိမ်တွေမှာ၊ ရွာထဲက ဘုန်းကြီးကျောင်း၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေထဲမှာ ရှိနေတုန်းပဲ” ဟု ဖားကန့်ဒေသ၊ အောင်ဘာလေကျေးရွာဒေသ ခံတဦးက ဆိုသည်။

တိုက်ပွဲစတင်ဖြစ်ပွားရသည့် အကြောင်းအရင်းကို ပြန်စစ်ကြည့်လျှင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ပတ်သက်ပြီး ထိခိုက်စေရန် KIA  တပ်ဖွဲ့များက တမင်ရည်ရွယ် လုပ်ဆောင်သည်ဟု ယုံကြည်ရန် အကြောင်းအချက် များစွာ ရှိကြောင်း ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ်က ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီး၏ ဖားကန့် – ဟွေ့ခါ လမ်းအခြေအနေကို စစ်ဆေးသည်မှာလည်း လျှို့ဝှက်ခရီးစဉ် မဟုတ်ကြောင်း၊ တပ်မတော်အနေဖြင့်လည်း ဖမ်းဆီးခံရသူများကို ကယ်တင်နိုင်ရန်၊ ရဲတပ်ဖွဲ့ဝင်များကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခြင်း မပြုရန် ဖိအားပေးသည့် နည်းလမ်းမှလွဲပြီး အခြားနည်းလမ်းမရှိကြောင်းလည်း ၎င်းက ရေးသားထားသည်။

“ဒါ့ကြောင့် KIA နဲ့ တိုက်ပွဲဖြစ်ရတာ တပ်မတော်က ငြိမ်းချမ်းရေးကို မလိုလားလို့ ဆိုပြီး လွယ်လွယ်မပြော စေချင်ပါဘူး။ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးထားတဲ့ ကရင်၊ ကယား၊ မွန်၊ ချင်း၊ ရခိုင်ပြည်နယ်မှာ ဒီကေဘီအေDKBA နဲ့ တကြိမ်ဖြစ်တာကလွဲလို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနဲ့ အပစ်အခတ်ရပ်စဲရေးကို ထိန်းသိမ်းထားနိုင်တာ၊ တိုက်ပွဲတွေ မဖြစ်တာ တွေ့နိုင်ပါတယ်” ဟု ၎င်းက ရေးသားခဲ့သည်။

အစိုးရ စစ်တပ်အနေဖြင့် အထက်မှအမိန့်ကို အောက်ခြေအထိ ၁ နာရီအတွင်း ရောက်ရှိသည့်အတွက် အမိန့်နာခံမှုအပိုင်းတွင် ကချင်လက်နက်ကိုင်တပ်ဖွဲ့ကဲ့သို့ မဟုတ်ကြောင်း လွန်ခဲ့သောနှစ်က ကချင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် အဆင့်မြင့်အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။

ဇန်န၀ါရီ ၁၄ ရက်၊ ညနေ ၆ နာရီခန့်တွင်လည်း ဖားကန့်ဒေသ၊ လုံးခင်း ရဲစခန်းဝင်းအတွင်း ဗုံးတလုံးပေါက်ကွဲခဲ့ပြီး ရဲဝန်ထမ်းဝင် မိသားစု ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့တွင်လည်း အခုလ ၁၃ ရက်နေ့က အမှတ် (၄) ရပ်ကွက်ရှိ ရဲစခန်း၊ မှုခင်းတပ်ဖွဲ့ရုံး၊ မြို့နယ်အုပ်ချုပ်ရေးမှူးအိမ်နှင့် မိုင်းဟ ပြည်သူ့စစ်ရုံးတို့ကို လက်နက်ကိုင်တပ်ဖွဲ့တခုက တချိန်တည်းတွင် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဇန်န၀ါရီ ၁၆ ရက်နေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။ ယင်းတိုက်ခိုက်မှုကြောင့် အိပ်ပျော်နေသော အရပ်သားတဦး ကျည်ဆန်မှန်ပြီး သေဆုံးကြောင်း၊ အိမ်နှင့် ကားတချို့ ပျက်စီးခဲ့ပြီး ခြံဝင်းအတွင်း လက်ပစ်ဗုံးနှစ်လုံးလည်း သိမ်းဆည်းရမိကြောင်း ဖော်ပြထားသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။