Monday, January 19, 2015

ငြိမ်းချမ်းရေး ဝေးနေဦးမလား

(Mizzima)

အခုရက်ပိုင်း ကချင်ပြည်နယ်၊ ဖားကန့်ဘက်မှာ ကေအိုင်အေ တပ်ဖွဲ့နဲ့ အစိုးရတပ်ဖွဲ့ တိုက်ပွဲတွေ မပြီး ဆုံးသေးခင် ဧရာဝတီရဲ့ ပင်မ မြစ်တစ်ခုဖြစ်တဲ့ မေခမြစ်တစ်ကြောမှာလည်း သေနတ်သံတွေ ကြားလာ ရပြန်ပါပြီ။ ဒီတစ်ခါ ပစ်ခတ်မှုတွေ ဖြစ်ပွားတာကတော့ တရုတ်နိုင်ငံသားတွေနဲ့ ကေအိုင်အေ ကချင်ပြည် လွတ်လပ်ရေးတပ်ဖွဲ့ ပူးပေါင်း ပြီး တရားမဝင်ရွှေထုတ်လုပ်နေတဲ့ လုပ်ကွက်တွေကို အစိုးရတပ်ဘက်က ရှင်းလင်းရင်း ဖြစ်ပွားရတာလို့ တပ်မတော်ပိုင် မြဝတီသတင်းစာက သတင်းထုတ်ပြန်ပါတယ်။ သိပ်မကြာ ခင် ရန်ကုန်မှာ လက်နက်ကိုင် တိုင်းရင်းသားတွေ စုပေါင်းထားတဲ့ NCCT အဖွဲ့နဲ့ အစိုးရကိုယ်စားလှယ် တွေ တွေ့ဆုံဆွေးနွေးကြပါဦးမယ်။ အဲဒီ ဆွေးနွေးပွဲရလဒ်ကနေ တစ်ဆင့် လာမယ့် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့မှာ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးနိုင်မလားဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

 
အခုအချိန်ဟာ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ထဲမှာ သစ်ခိုးထုတ်နေတဲ့ တရုတ်နိုင်ငံသား ၁ဝဝ ကျော်နဲ့ ယာဉ်ယန္တရား အစီး ၅ဝဝ နီးပါး ဖမ်းမိထားပြီး အဲဒီ ကိစ္စ စစ်ဆေးဖော်ထုတ်နေချိန်လည်း ဖြစ်ပါတယ်။ အစိုးရဘက်ကတော့ သစ်ခိုးထုတ်မှုနဲ့ ပတ်သက်လို့ ကေအိုင်အို ဘက်ကတာဝန် ရှိသူတစ်ယောက် ခွင့်ပြု ချက် ထုတ်ပေးထားတယ်ဆိုပြီး စွပ်စွဲထားပါတယ်။ တကယ်တော့ ကချင်ပြည်နယ်ထဲမှာ တရုတ်နိုင်ငံ ဘက် ကို သစ်ခိုးထုတ်နေကြတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ ဒီ သစ်ခိုးထုတ်မှုတွေမှာ ကေအိုင်အိုအဖွဲ့၊ ဦးဆခုံ တိန့်ယိန်း ဦးဆောင်တဲ့ ဗကပ ခွဲထွက်အဖွဲ့ (လက်ရှိ နယ်ခြား စောင့်တပ်)၊ ကေအိုင်အေက ခွဲထွက်လာတဲ့ လဆန်အောင်ဝါ အဖွဲ့ (လက်ရှိ ပြည်သူ့စစ် အဖွဲ့)၊ အစိုးရတပ်၊ အစိုးရအဖွဲ့ အားလုံး ပတ်သက်ခဲ့ကြတာ ပါ။ ဒီလို အားလုံး ပတ်သက်ဆက်နွှယ်မှုရှိတဲ့ကိစ္စ အစိုးရဘက် ကနေ ကေအိုင်အို အဖွဲ့ကိုပဲ လက်ညှိုးထိုး တာဟာ နှစ်ဖက်ပိုပြီး အမုန်းပွားမှုကိုသာ ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက် ကလည်း ကချင်ပြည်နယ် အစိုးရအဖွဲ့က လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးကမန် ဒူးနော်ဟာ အစိုးရတာဝန်နဲ့ ဖားကန့်ဘက် သွားပါတယ်။ ဖားကန့်-ဟိုပင် လမ်းကြောင်း ဝှေလုံတောင်ထိပ် အရောက်မှာ ကေအိုင်အေ တပ်ဖွဲ့ရဲ့ ဖမ်းဆီးစစ်ဆေးခြင်းကို ခံရပါတယ်။ နောက်ပိုင်း ကေအိုင်အေတပ်ဖွဲ့ဟာ ဦးကမန်ဒူးနော်ကို ပြန်လွှတ်လိုက်ပေ မယ့် လုံခြုံရေးလိုက်ပါလာတဲ့ ရဲတပ်ဖွဲ့ဝင် သုံးယောက်ကိုတော့ ဖမ်းဆီးခေါ်ဆောင် သွားပါတယ်။ ဒီလို ဖမ်းဆီးခေါ်ဆောင်သွားတာကို အစိုးရဘက် ကနေ မြစ်ကြီးနားမှာ ရှိတဲ့ ကေအိုင်အို နည်းပညာအထောက် အကူပြုအဖွဲ့ဆီ ဆက်သွယ်အကြောင်းကြား ခဲ့တဲ့အတွက် ကေအိုင်အေဘက်က ပြန်လွှတ်ပေးဖို့ စီစဉ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကေအိုင်အေဘက် က ရဲတပ်ဖွဲ့ဝင်တွေ ပြန်မလွှတ်ခင် နောက်တစ်နေ့ မနက်စောစောမှာ ရဲတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးသွားတဲ့ ကေအိုင်အေ စခန်းတွေကို အစိုးရတပ်က ထိုးစစ်ဆင် တိုက်ခိုက်ပါတော့တယ်။ ဒီလိုနဲ့ တိုက်ပွဲပြင်းထန်ပြီး ပြည်သူတွေ ထောင်နဲ့ချီ တိုက်ပွဲကြား ပိတ်မိကုန်ပါတယ်။

ဒီဖြစ်စဉ်ကို ပြန်ဆန်းစစ်ကြည့်ရင် အစိုးရအဖွဲ့ဝင်တွေနဲ့ ကေအိုင်အေတပ်ဖွဲ့ ဝင်တွေ တွေ့ကြဆုံကြ၊ ထိတွေ့ကြမှာကတော့ မဆန်းပါဘူး။ အပစ်မရပ်ပေမယ့် စစ်ရှိန်လျှော့ထားတဲ့ အခြေအနေ ဖြစ်တဲ့အတွက် တွေ့ဆုံပြီးရင် သူ့လမ်းသူသွား၊ ကိုယ့်လမ်းကိုယ်ပြန် လုပ်ရုံပါပဲ။ ဒါပေမဲ့ ဇန်နဝါရီ ၁၄ ရက် ဖြစ်စဉ်မှာတော့ ကေအိုင်အေတပ်ဖွဲ့က ရဲတပ်ဖွဲ့ဝင် သုံးယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ် ဆိုတာမျိုးကတော့ မလုပ် သင့်တဲ့ ကိစ္စမျိုးပါ။ ဒါကလည်း ကေအိုင်အေ ဌာနချုပ်ကနေ အောက်ခြေ တပ်ရင်းတပ်ဖွဲ့တွေကို တိတိ ကျကျ ညွှန်ကြားထားတာမျိုး မရှိလို့လည်း ဖြစ်နိုင်ပါတယ်။

ကောင်းပါပြီ။ အစိုးရတပ်ဘက်ကို ကြည့်ရင်လည်း ဒီနေ့အချိန်ဟာ သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် တစ်တိုင်း ပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ်တစ်ခု ချုပ်ဆိုနိုင်ရေး ဆန္ဒပြင်းပြနေတယ်လို့ ထုတ်ဖော်ပြောဆိုထားပြီး ဖြစ်ပါတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဘက်ကလည်း ဒီသဘော အတိုင်းပါ။ ဒါကြောင့် ပြဿနာ တွေမှာ သည်းခံတာ၊ အချိန်ကို စောင့်ဆိုင်းတာမျိုး လုပ်ဖို့ လိုပါတယ်။ ကေအိုင်အေ တပ်ဖွဲ့က ရဲတပ်ဖွဲ့ဝင် သုံးယောက်ကို ဖမ်းခေါ်သွားသည်ထားဦး။ ပြန်လည် လွတ်မြောက်လာရေး တခြားငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့ ဆက်သွယ်တောင်းဆို စောင့်ဆိုင်းနိုင်ပါတယ်။ ခုလို နောက်တစ်နေ့ မိုးမလင်းခင် ကေအိုင်အေ တပ်စခန်းတွေကို ထိုးစစ်ဆင်ရသည်အထိ တိုက်ဖို့ ခိုက်ဖို့ မလိုအပ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီပြဿနာမှာ နှစ်ဖက် တပ်သားတွေ သေဆုံး၊ ဒဏ်ရာရကြတယ် ဆိုတာထက် ယုံကြည်မှုလျော့နည်းစေတာ ကတော့ ပိုဆိုးပါတယ်။

အခုလည်း မေခမြစ်ကြောင်း ဂလုံ ကျွန်းပတ်ဝန်းကျင်မှာ တရားမဝင် ရွှေထုတ်နေတာတွေကို အစိုးရတပ် ဘက်က ရှင်းလင်းရေးလုပ်တယ်လို့ ဆိုပါတယ်။ အဲဒီလို ရှင်းလင်းရေးလုပ်ရင်း ခေတ္တတပ်စခန်းချတဲ့ အစိုးရ တပ်တွေကို ကေအိုင်အေ ဘက်က ဇန်နဝါရီ ၁၄ ရက်နဲ့ ၁၆ ရက်တွေမှာ လာရောက် ပစ်ခတ်မှုတွေ ရှိတယ်လို့ မြဝတီကသတင်းထုတ်ပြန်ပါတယ်။ နှစ်ဖက် သတင်းမဟုတ်တဲ့အတွက် ဘယ်သူကမှား ဘယ်သူ ကမှန် မပြောနိုင်သေးပါဘူး။ ဒါပေမဲ့ သေချာတာကတော့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။

အလားတူ ဇန်နဝါရီ ၁၈ ရက်ထုတ် တပ်မတော်ပိုင် မြဝတီသတင်းစာထဲမှာ 'ကေအိုင်အေ (ကချင်) လက် နက်ကိုင်အဖွဲ့အတွင်း လူမျိုးရေး ခွဲခြားဆက်ဆံမှု၊ နိုင်ထက်စီးနင်း ဖိနှိပ်ချုပ်ကိုင်မှုများကြောင့် ဥပဒေဘောင် အတွင်း ဝင်ရောက်လာသူများ တစ်နေ့တခြား များပြားလျက်ရှိ' ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတစ်ပုဒ် ဖော်ပြပါ ရှိပါတယ်။ သတင်းလို့ ဆိုပေမယ့် သတင်း အင်္ဂါနဲ့ မပြည့်စုံ၊ စာနယ်ဇင်း ကျင့်ဝတ်နဲ့လည်း မညီတဲ့ ကေအိုင် အေ ကချင်လက်နက်ကိုင်အဖွဲ့ မကောင်းကြောင်း ရေးထားတဲ့ ဝါဒဖြန့်စာတစ်ပိုဒ်ပဲ ဖြစ်နေတာပါ။ ဒီလို သတင်းတွေ ဖော်ပြနေခြင်းဟာလည်း လက်ရှိ ကေအိုင်အိုအဖွဲ့နဲ့ တည်ဆောက်နေတဲ့ ယုံကြည်မှုပျက်ပြား စေမှာ ဖြစ်သလို မကြာခင် ကျင်းပမယ့် ဆွေးနွေးပွဲတွေ အတွက်လည်း အကျိုးဖြစ်ထွန်းစေမှာ မဟုတ်ပါဘူး။

တကယ့်လက်တွေ့မှာတော့ အစိုးရနဲ့ အပစ်ရပ်စာချုပ်ကိစ္စ ဆွေးနွေးနေတဲ့ လက်နက်ကိုင် တိုင်းရင်းသား တွေရဲ့ NCCT ထဲမှာ အများစုဟာ UNFC လို့ခေါ်တဲ့ ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ် တပ် ပေါင်းစုအဖွဲ့က အဖွဲ့ဝင်တွေပါ။ လက်ရှိ ကေအိုင်အိုဟာ အဲဒီ UNFC ရဲ့ ခေါင်းဆောင်နေရာ ရယူထားသူ ဖြစ်ပါတယ်။ ဒီအတွက် လက်ရှိအစိုးရနဲ့ ကေအိုင်အို/ ကေအိုင်အေ တစ်ဖက်နဲ့ တစ်ဖက်ယုံကြည်မှု မရှိခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားခြင်း၊ ဝါဒဖြန့် အပုပ်ချခြင်း စတာတွေဟာ အပစ်ရပ်စာချုပ် သဘော တူညီမှုရရေး ဆွေးနွေးပွဲတွေကို မလွဲမသွေ သွားပြီး ထိခိုက်စေပါလိမ့်မယ်။ ဒီအတွက် တကယ် ငြိမ်းချမ်းရေး လိုချင်ကြရင် နှစ်ဖက်တပ်ဖွဲ့တွေ တစ်ဖက်ကို တစ်ဖက်ယုံကြည်မှု ရှိလာအောင် လှုပ်ရှားပြကြပါ၊ တိုက်ပွဲတွေမဖြစ်အောင် ထိန်းသိမ်းကြပါ၊ ဝါဒဖြန့် အပုပ်ချတာမျိုး ရှောင်ကြဉ်သင့်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။