(Mizzima)
ဇန်နဝါရီ ၁၆ရက်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) နှင့် အစိုးရတပ်မတော်အကြား ကချင်ပြည်နယ် ဖားကန့်ဒေသ၌ တိုက်ပွဲများ မရှိသော်လည်း နှစ်ဖက်တပ်များကမူ နီးနီးကပ်ကပ်ရှိနေသည်ဟု ကေအိုင်အေတပ်ရင်း ၆ တပ်ရင်းမှူး ဗိုလ်မှူးတန်ဆိုင်က ပြာသည်။
“မနေ့က ညနေ ၆ နာရီခွဲထိ တိုက်ပွဲဖြစ်တယ်။ တပ်ရင်း ၆ ကို ကျွန်တော်တို့ မဆုတ်သေးပါဘူး။ ကျွန်တော်တို့ နေနေတုန်းပါ။ ဒီနေ့တော့ တိုက်ပွဲငြိမ်နေတယ်။ အခုတော့ နှစ်ဖက် ချိန်နေကြတာ။ ကျွန်တော်တို့ဘက်ကလည်း အဆင်သင့်စောင့်နေတယ်”ဟု ဗိုလ်မှူး တန်ဆိုင်းက ပြောသည်။
ကချင်ပြည်နယ်၊ ဖားကန့်ဒေသ အောင်ဘာလေကျေးရွာအတွင်း အစိုးရ စစ်တပ်က နေရာယူလိုက်သဖြင့် KIA တပ်ရင်း ၆ နေရာမှ ဆုတ်ခွာပေးလိုက်သည်ဟု သတင်းများ ထွက်ပေါ်နေသည်ကို မဟုတ်မှန်ကြောင်း သူက ပြောသည်။
KIA တပ်ရင်း ၆ အနီးရှိ အောင်ဘာလေကျေးရွာအား အစိုးရ စစ်တပ်က ဝိုင်းရံထားဆဲ ဖြစ်ပြီး အဆိုပါ အောင်ဘာလေ ရွာသားများသည်လည်း ဘုရားကျောင်းများတွင်သာ ခိုလှုံနေဆဲ ဖြစ်သည်ဟု သူကမဇ္ဈိမကို ပြောသည်။
ဇန်နဝါရီလ ၁၅ ရက်က နှစ်ဖက် တိုက်ပွဲများ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဖားကန့်မြို့မှ ရပ်မိရပ်ဖများ၊ ဘာသာရေးခေါင်းဆောင်များက အောင်ဘာလေကျေးရွာသားများအား သွားရောက်ခေါ်ယူခွင့်ကိုလည်း စစ်တပ်က တားမြစ်ခဲ့သဖြင့် ယနေ့ထိ ကျေးရွာသား ၁၀၀၀ ခန့်မှာ ပိတ်မိနေဆဲ ဖြစ်သည်ဟု ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်(KDNG) တာဝန်ခံ ကိုစာဂျီးက ပြောသည်။
တိုက်ပွဲများ ဖြစ်ပွားမှုကြောင်း မြစ်ကြီးနား-ကားမိုင်း-မိုးကောင်း-ဖားကန့်ကားလမ်းတွင် ဖြတ်သန်းသွားလာနေသော ကား အစီး ၃၀၀ ကျော်ခန့်ကိုလည်း ကားမိုင်းမြို့တွင် ဇန်နဝါရီလ ၁၅ ရက်မှ ဇန်နဝါရီလ ၁၆ ရက်ထိ အစိုးရ စစ်တပ်က တားမြစ်ထားသဖြင့် ခရီးသည်များနှင့် ကားသမားများ အခက်အခဲ ကြုံနေရသည်ဟု ကိုစာဂျီက ပြောသည်။
“အခု လမ်းသွားလမ်းလာ တော်တော်ကို အခက်အခဲ ကြုံနေရတယ်။ စစ်တပ်က ဖားကန့်ဘက်လည်း တက်မရ။ လမ်းမှာ ကား ၃၊ ၄ ရာကို စစ်တပ်က တားထားတယ်။ အဆင်းလည်း မရဘူး။ အတက်လည်း မရဘူး။ ကားမိုင်းမှာ ရွာအဝင်ကနေ ၃ ရွာလောက်ထိ တန်းစီသွားတယ်။ ခရီးသည်တွေ တော်တော်ကို ဒုက္ခရောက်နေကြတယ်။ မြို့ငယ်ပဲဆိုတော့ အစားအသောက်ကအစ အခက်အခဲ ဖြစ်နေကြတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။
ဇန်ဝါရီလ ၁၄ ရက်က ကချင်ပြည်နယ် အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူနော်၏ လမ်းကြေင်းတွင် လိုက်ပါသွားသည့် လုံခြုံရေးတပ်ဖွဲ့ သုံးဦးအား KIA တပ်ဖွဲ့များ ထိန်းသိမ်းထားရာမှ ဇန်နဝါရီလ နံနက် ၆ နာရီချိန်တွင် အစိုးရဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သည်။
၎င်းရဲတပ်ဖွဲ့ သုံးဦးအား ပြန်လည် လွှတ်ပေးခြင်း ရှိမရှိကို မသိရသေးသော်လည်း KIO ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင်များနှင့် အစိုးရဘက် ပဋိပက္ခညှိနှိုင်းရေး ခေါင်းဆောင်များအကြား စာဖြင့် ညှိနှိုင်းဖြေရှင်းမှုများ ရှိနေဆဲ ဖြစ်သည်ဟု ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG မှ ဦးလမိုင်ဂွမ်ဂျာက မဇ္ဈိမကို ပြောသည်။

No comments:
Post a Comment
Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။