Saturday, January 24, 2015

စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦး အသတ်ခံရသည့်ကိစ္စ မလေးရောက် နိုင်ငံရေးအဖွဲ့များ ဆန္ဒဖော်ထုတ်

(Mizzima)

ကချင်ပြည်နယ်အတွင် အစိုးရ စစ်တပ်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ရန်၊ အဓမ္မပြုကျင့်ခံရ၍ သေဆုံးခဲ့သော ကချင်ကျောင်း ဆရာမ နှစ်ဦးအတွက် မလေးရှာနိုင်ငံရောက် နိုင်ငံရေး အဖွဲ့အစည်းများ စုပေါင်း၍ ဇန်နဝါရီ ၂၄ရက် နေ့လည်က ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ကာ ဆန္ဒဖော်ထုတ်ခဲ့သည်။

ကချင်ပြည်နယ်အရေးနှင့် မြန်မာ့နိုင်ငံရေးအတွက် ဖက်ဒရယ် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (AFD) က ဦးစီး၍ မလေးရှားနိုင်ငံ Senthang Christian Fellowship ဘုရားကျောင်းတွင် မလေးရှာနိုင်ငံရောက် ၈၈ ကျောင်းသားများ၊ အမျိုးသားဒီမိုကရေကရေစီ အဖွဲ့ချုပ် (NLD)များ မြန်မာကြိုးပမ်းလူငယ်များအဖွဲ့၊ ကချင်အဖွဲ့အစည်းများ အပါအဝင် နိုင်ငံရေး အဖွဲ့အစည်း ၇ဖွဲ့ပူးပေါင်းကာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 
“မလေးရှာမှာရှိတဲ့ မြန်မာနိုင်ငံ နိုင်ငံရေး အဖွဲ့အစည်းအားလုံး စုပေါင်းတဲ့ AFD တပ်ပေါင်းစုပုံစံ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေ၊ ကချင် အမျိုးသမီးတွေ နှစ်ဦးအရေး၊ ကျောင်းသားတွေအရေး ဆန္ဒဖော်ထုတ်ပြီး ထုတ်ပြန်တာပါ။ ဗကသ ကျောင်းသားတွေကို ဒီလို ရိုက်နက်တဲ့ ကိစ္စတွေကို ကျွန်တော်တို့ ရှုံ့ချတဲ့ အကြောင်း၊ အဲဒါကို ပြည်သူတွေကို သူတို့ရဲ့ ပန်းတိုင် အောင်မြင်အောင် သူတို့ကို ဝိုင်းဝန်းပြီး အားပေးကြဖို့ အဓိက ထုတ်ဖော်ပြောဆိုပါတယ်”ဟု AFD ၏ ပြောရေးဆိုခွင့်ရှိသူ ကိုယောဟန်က မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံတွင် အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်ခံရမှုများ အများအပြားရှိနေပြီး ကချင်အမျိုးသမီး နှစ်ဦးကဲ့သို့ လူမသိသူမသိ  အဓိမ္မပြုကျင့် ခံရမှုများ ရှိနေသဖြင့် ကချင်အမျိုးသားများနှင့် ထပ်တူ ခံစားရသဖြင့် ယခုကဲ့သို့ ဆန္ဒဖော်ထုတ်ခြင်း ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ပတ်သက်၍ ဗကသ ကျောင်းသားများ၏ လှုပ်ရှားမှုများကို အပြည့်အဝ ထောက်ခံကြောင်း ကိုယောဟန်က ပြောသည်။

အခမ်းအနားကို မွန်းလွဲပိုင်း ၁ နာရီခွဲမှ ၄ နာရီအထိ ကျင်းပခဲ့ရာ လူဦးရေ ၅၀ ကျော် တက်ရောက်ခဲ့သည်။ 
အခမ်းအနား ဆိုကြိုနှုတ်ခွန်းဆက် စကားကို ကိုယောဟန်က ပြောခဲ့ပြီး အခမ်းအနားမှူးအဖြစ် ၈၈ ကျောင်းသူ မငြိမ်းသူက ဆောင်ရွက်ကာ ဘုန်းတော်ကြီး တစ်ပါးက သြဝါဒပေးခြင်း နှင့် အဖွဲ့အစည်းအသီးသီး၏ သဘောထားထုတ်ပြန်ချက်များကို ဖတ်ကြားခြင်းတို့ ပြုလုပ်ခဲ့သည်။

ဇန်နဝါရီလ ၁၉ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းကြူကုတ်မြို့နယ် နမ်တောင်းကျေးရွာအုပ်စု ကောင်းခါးကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) မှ စေတနာ့ ဝန်ထမ်း ဆရာမ နှစ်ဦးသည် အဓ္မမပြုကျင့်ခံရ၍ သေဆုံးခဲ့သည်။ ၎င်းတို့ နှစ်ဦး၏ ဈာပန အခမ်းအနားကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ အေဒီ ၂၀၀၀ ခန်းမတွင် ပြုလုပ်၍ ဂျော်ဘွမ်သုဿန်တွင် ဇန်နဝါရီလ ၂၃ ရက်က ကချင်လူထု သောင်းနှင့်ချီ လိုက်ပို့၍ သင်္ဂြိုလ်လိုက်ပြီ ဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။