Saturday, January 17, 2015

ဖားကန့်တွင် တိုက်ပွဲဆက်ဖြစ်နေပြီး ဒေသခံ ၁၀၀၀ခန့် ပိတ်မိနေဆဲ

(Mizzima)

ကေအိုင်အေ ပဋိပက္ခညှိနှိုင်းအဖွဲ့က အစိုးရ ပဋိပက္ခညှိနှိုင်းခေါင်းဆောင်ထံ ညှိနှိုင်းစာပို့

ချင်းမိုင်(မဇ္ဈိမ) ။ ။ ဖားကန့်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်နှင့် အစိုးရ တပ်မတော်တို့ သုံးရက်မြောက် တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပြီး တိုက်ပွဲတွင် ပိတ်မိနေသော ဒေသခံများကို ဇန်နဝါရီလ ၁၇ ရက်ထိ အစိုးရ စစ်တပ်က လွှတ်ပေးခြင်း မရှိသေးကြောင်း ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် (KDNG) နှင့် ဖားကန့်မြို့ခံများက မဇ္ဈိမကို ပြောသည်။
 
 
“ဒီမနက် မိုးလင်းကတည်းကနေ ဆက်ဖြစ်နေသေးတယ်။ အခုထိ တိုက်ပွဲဖြစ်နေတယ်။ အဲဒီတပ်ရင်း ၆ ဘက်မှာ ဖြစ်တယ်။ မနေ့ကလည်း မိုးချုပ်တဲ့အဆင့်ထိ ဖြစ်တယ်။ အခုက တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ဖို့ ဟိုဘက်ကနေ ပြန်ခုခံတဲ့သဘောဖြစ်လာတယ်”ဟု KDNG မှ တာဝန်ခံ ကိုစာဂျီးက ပြောသည်။

ထို့ပြင် ဖားကန့်မြို့ အောင်ဘာလေရွာတွင် ပိတ်မိနေသည့် ရွာသား ၁၀၀၀ ခန့် ကိုလည်း ဇန်နဝါရီ ၁၆ရက်က လွှတ်ပေးမည်ဟု အစိုးရတပ်က ဆိုသော်လည်း ဇန်နဝါရီ ၁၇ရက် နေ့လည်ပိုင်းအထိ လွှတ်ပေးခြင်း မရှိဟု ဆိုသည်။

"ပထမလွတ်ပေးမယ် ပြောပေမယ့် အဲ့ဒီက ရွာသားတွေက အကြောင်းကြားလာတယ်။ မလွတ်သေးဘူးဗျ။ ဖားကန့်ကနေ အရပ်ဘက်ကလူတွေ ကားအစီးပေါင်း ၁၀၀ လောက်နဲ့ တက်သွားဖို့ကို သူတို့ကို မသွားခိုင်းဘူးလို့ပြောနေတယ် ကြားတယ်ဗျ အခု။ တပ်မ ၆၆ ကပါ"ဟု ကချင်ငြိမ်းချမ်းရေး စောင့်ကြည့်ရေးအဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာက မဇ္ဈိမကို ဇန်နဝါရီ ၁၇ရက် နေ့လည် ၂နာရီခန့်က ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကချင်ပြည်နယ် အစိုးရအဖွဲ့ကို တယ်လီဖုန်းဖြင့် မေးမြန်းရန် မဇ္ဈိမက ကြိုးစားခဲ့သော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်း မရှိပေ။

ဖားကန့်မြို့ပေါ်မှ ဘာသာရေးခေါင်းဆောင်များ ပါဝင်သော ကယ်ဆယ်ရေးအဖွဲ့များသည် လုံးခင်း ဘုရားကျောင်းတွင် ကား အစီး ၁၀၀ ခန့်သည် အဆင့်သင့် စောင့်ဆိုင်းနေကာ အစိုးရ စစ်တပ်နှင့် ဇန်နဝါရီလ ၁၇ ရက် နံနက် မွန်းလွဲ ၂ နာရီချိန်ထိ ဖြတ်သန်းခွင့် ရရေး ညှိနှိုင်းနေဆဲ ဖြစ်သည်ဟု ဖားကန့်မြို့မှ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)မှ ဦးဇော်တူးက ပြောသည်။

“တိုက်ပွဲဆက်ဖြစ်နေတယ်။ တိုက်ပွဲက ပြင်းထန်လာနိုင်တယ်။ သူတို့က ကင်စီဟောမှာ ရွာသားတွေနဲ့အတူ နေပြီ ရွာသားတွေကို အကာအကွယ်လုပ်ပြီး နေနေကြတယ်။ ကျနော်တို့က ရွာသားတွေကို သွားခေါ်ဖို့ သွားတာ ခွင့်မပေးဘူး။ သူတို့က ရွာသားတွေကို cover လုပ်ချင်လို့ ကယ်ခွင့်မပေးတာ။ ကေအိုင်အိုက ရွာသားတွေ ရှိနေရင်မပစ်ဘူးဆိုတာ သိလို့ ရွာသားတွေကို ခွင့်မပြုဘူး။
ဖားကန့်၊ ဆိုင်းတောင်၊ လုံးခင်းတို့မှ ဘာသာရေးခေါင်းဆောင်များ၊ ဂေါ်ပက များက ခရိယာန်အလံနှင့် ဂေါ်ပက အလုံများ တပ်စဉ်ကာ အောင်ဘာလေကျေးရွာသား ၁၀၀၀ ခန့်အား ကယ်ဆယ်ရန် ညှိနှိုင်းနေရဆဲ ဖြစ်သည်ဟု သိရသည်။

“အခြေအနေက ဟိုဖက်(ကေအိုင်အို)က ပြန်ဝိုင်းတာထင်တယ်။ ကေအိုင်အေ ဘက်ကနေ ပြန်ခုခံတဲ့ သဘောထင်တယ်။ အဲဒီလို ဖြစ်တော့ ရွာသားတွေကို အစိုးရ စစ်တပ်က မလွတ်တော့ဘူး။ cover(အကာအကွယ်) ပြန်လုပ်လိုက်တာပေါ့။ ဟိုဘက်က ကေအိုင်အိုတွေက ကိုယ့်လူတွေ ရှိနေတော့ မပစ်တော့ဘူးလေ။ အဲဒါကို သိလို့ မလွှတ်ဘူး”ဟု KDNG မှ တာဝန်ခံ ကိုစာဂျီးက သူ့အမြင်ကို ပြောသည်။

ဇန်နဝါရီ ၁၄ရက်က ကချင်ပြည်နယ် ဖားကန့်မြို့အတွင်း ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးနှင့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင် သုံးဦးကို ကေအိုင်အေက ဖမ်းဆီးကာ ဝန်ကြီးကို ပြန်လွှတ်ပေးသော်လည်း ရဲသုံးဦးကိုမူ ယနေ့အထိ ပြန်လွှတ်မပေးသေးပေ။ ယင်းဖြစ်စဉ်နောက်ပိုင်း ဇန်နဝါရီ ၁၅ရက်မှ စတင်ကာ နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေခြင်းလည်း ဖြစ်သည်။

"ရဲသုံးဦးကိုတော့ မလွတ်ရသေးဘူးဗျ။ တိုက်ပွဲက ဆက်တိုက်ဖြစ်နေတော့ လွတ်ဖို့ဆိုတာတော့ မသိရသေးဘူးဗျ။ ရွာသားတွေကတော့ တိုက်ပွဲဖြစ်ကတည်းက ပိတ်မိနေတော့ စားရေးသောက်ရေး အခက်အခဲတွေကြုံနေရတယ်ဗျ"ဟု ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

ယင်းသို့ ရဲသုံးဦးကို ဖမ်းဆီးခ်ါဆောင်ရာမှ အစပြုကာ တိုက်ပွဲပြင်းထန်နေခြင်းကို ကေအိုင်အို၏ ပဋိပက္ခ ညှိနှိုင်းရေး အဖွဲ့က အစိုးရ၏ ပဋိပက္ခညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး သန်းအောင်ထံ ဇန်နဝါရီ ၁၅ရက် နေ့စွဲဖြင့် စာပေးပို့ထားသည်။

ယင်းစာတွင် ပဋိပက္ခများကို ညှိနှိုင်းအဖြေရှာခြင်းကို မသုံးဘဲ အင်အားသုံး တိုက်ခိုက်နေမှုကို ရပ်တန့်ရန် တောင်းဆိုထားသည်။
 

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။