Thursday, January 15, 2015

ကချင်ပြည်နယ်အစိုးရဝန်ကြီး လုံခြုံရေးတာဝန်ယူသည့် ရဲတပ်ဖွဲ့ဝင် သုံးဦးကို ကေအိုင်အေ ဖမ်းဆီးထိန်းသိမ်း

(Mizzima)

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူးနော်၏ လမ်းကြောင်းတွင် လိုက်ပါသွားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်သုံးဦးကို ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) တပ်ဖွဲ့ဝင်များက ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အတွင်းရှိ ဟွေလုံလမ်းပိုင်းတစ်နေရာတွင် ဇန်နဝါရီ ၁၄ ရက် နေ့လယ်ပိုင်းက ဖမ်းဆီးထိန်းသိမ်းလိုက်သည်ဟု ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလမိုင်ဂွမ်ဂျာက မဇ္ဈိမကို ယင်းနေ့ ည ၇ နာရီကျော်တွင် အတည်ပြုသည်။

 
ဦးလမိုင်ဂွမ်ဂျာက “သူတို့သွားတဲ့အချိန်မှာ ကေအိုင်အေအဖွဲ့လည်း ဖြတ်သွားတဲ့အချိန် ထိပ်တိုက်ဆုံသွားတဲ့ အခါကျတော့ သူတို့ အဖွဲ့ကို တားတယ်ပေါ့လေ။ တားတဲ့အခါကျတော့ လက်နက်လည်း ပါနေတဲ့အခါကျတော့ အစိုးရအဖွဲ့ဝန်ကြီး ဦးကမန်းဒူနောအဖွဲ့ ဖြစ်နေတဲ့အခါကျတော့ ဝန်ကြီးအဖွဲ့တွေကိုတော့ အားလုံးပြန်လွှတ် ပေးတယ်လို့ သိရတယ်။ ရဲသုံးယောက်ကိုတော့ သူတို့ဖမ်းသွားတယ်” ဟု ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသည့် ရဲတပ်ဖွဲ့ဝင်သုံးဦးကို အမြန်ဆုံးပြန်လွှတ်ပေးရန် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ နယ်လုံဝန်ကြီးက တောင်းဆိုထားသည့် အတွက် ၎င်းတို့က ကေအိုင်အေ(ဗဟို)ကို အကြောင်းကြားပြီးဖြစ်သည် ဟုလည်း ဦးလမိုင်ဂွမ်ဂျာက ဆိုသည်။

“ကေအိုင်အိုကလည်း သူတို့အနေနဲ့က ဒါကအောက်ခြေမှာဖြစ်တဲ့ ကိစ္စဖြစ်တဲ့အတွက် သူတို့စုံစမ်းပြီးတော့ အမြန်ဆုံး လွှတ်ပေးဖို့ စီစဉ်နေပါတယ်။ ဘာမှ စိုးရိမ်စရာတော့မလိုပါဘူး”ဟု ၎င်းက ပြောသည်။
အထက်ပါအခြေအနေများကို ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ ၎င်းက တယ်လီဖုန်းဖြင့် မဖြေကြားလိုသောကြောင့် ကချင်ပြည်နယ်၊ နယ်စပ်ရေးနှင့် လုံခြုံရေးဝန်ကြီးကို ဆက်သွယ်မေးမြန်းပါဟု ဖြေခဲ့သည်။

ထို့ကြောင့် နယ်စပ်ရေးနှင့် လုံခြုံရေးဝန်ကြီးကို တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် လက်ခံပြောဆိုခြင်း မရှိပေ။

ကချင်ပြည်နယ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၏ လမ်းကြောင်းကိုတားပြီး ကေအိုင်အေဖမ်းဆီးလိုက်သည့် ဟွေလုံလမ်းပိုင်းမှာ “ကေအိုင်အေ ထိန်းချုပ်နယ်မြေလည်း မဟုတ်ပါဘူး။ အများက သွားသွားလာလာ ရှိတဲ့နေရာပါ”ဟု ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

ကေအိုင်အေနယ်မြေအတွင်း အစိုးရ စစ်တပ်မှ ယခုနှစ်ဆန်းပိုင်းတွင် အင်အားဖြည့်တင်းမှုများ ရှိနေခဲ့ရာမှ ဇန်န၀ါရီ ၁၂ ရက်ကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မူဆယ်ခရိုင်နှင့် ကွတ်ခိုင်မြို့နယ်အကြား ကချင်လွတ် လပ်ရေး တပ်မတော် KIA နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေသည်ဟု KIA တပ်မ ဟာ (၄) မှ ဗိုလ်ကြီး ဇော်လက ဇန်နဝါရီ ၁၃ ရက် တွင် မဇ္ဈိမကို ပြောဆိုထားသည်။

ယခုကဲ့သို့ တိုက်ပွဲပြန်လည် ဖြစ်ပွားရခြင်းသည် KIO က ယခုနှစ်ဆန်းပိုင်းတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရန်အတွက် ဘိန်းများဖျက်ဆီးခြင်း၊ မူးယစ်ဆေးဝါး စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာမှုကို အစိုးရ စစ်တပ် က လိုလားမှုမရှိခြင်း ဖြစ်သည်ဟုလည်း ဗိုလ်ကြီးဇော်လက ပြောထားသည်။

လက်ရှိတွင် သမ္မတဦးသိန်းစိန်က လာမည့် ဖေဖေါ်ဝါရီ ၁၂ရက် (ပြည်ထောင်စုနေ့)တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် တိုင်းရင်းသားများကို တိုက်တွန်းထားသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။