Wednesday, January 7, 2015

ကချင် မနောပွဲကို ကချင်ဒုက္ခသည်များ တက်မည်မဟုတ်

(Mizzima)

ကချင်ပြည်နယ် အစိုးရအဖွဲ့က ဦးစီးကျင်းပသည့် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်း၌ ကျင်းပနေသည့် ကချင် မနောပွဲသို့ ကချင် စစ်ပြေးဒုက္ခသည်များ တက်ရောက်ရန် ဖိတ်ခေါ်ထားသော်လည်း တက်ရောက်မည် မဟုတ်ဟု ကချင်ရိုးရာ စာပေနှင့် ယဉ်ကျေးမှုလူငယ် ဗဟိုကော်မတီနှင့် စစ်ပြေးဒုက​ခသည် စခန်းမှ တာဝန်ရှိသူများက မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့က လုံးဝ မသွားဘူး။ ကျွန်တော်တို့ စစ်ပြေးဒုက္ခသည်တွေက သနားစရာ ဝမ်းနည်းနေရတဲ့ အချိန်မှာ မနောပွဲ သွားဖို့ မရှိဘူး။ ကျွန်တော်တို့ကို အနိုင်ကျင့်တယ်လို့ပဲ နားလည်တယ်”ဟု ဝိုင်းမော်မြို့ မိုင်းနား စစ်ပြေးဒုက္ခသည် စခန်းမှ ဘာသာရေးဆရာ လရိပ်က မဇ္ဈိမကို ပြောသည်။

 
ကချင်မနောပွဲ တက်ရောက်ရန် ဒုက္ခသည်များကို အချိန်မရွေး ကားဖြင့် လာကြိုမည်ဟု မနောပွဲ ဖြစ်မြောက်ရေး ကော်မတီက ဖိတ်ခေါ် ထားသော်လည်း တက်ရောက်ရန် အစီအစဉ် မရှိဟု ဝိုင်းမော်မြို့နယ် မိုင်းနား စစ်ပြေးဒုက္ခသည်စခန်းမှ  ဘာသာရေးဆရာ လရိပ် က ပြောသည်။

မနောပွဲဖြစ် မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလခရိလအောင်က “ကျွန်တော်တို့က အစိုးရလည်း မဟုတ်တော့ ဘယ်လိုခေါ်လို့ရမှာလဲ။ ဒါပေမဲ့ ကချင်ပြည်နယ်နေ့ အခမ်းအနားကို ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ အထောက်အကူပြုတွေက သွားဖို့ ဌာနဆိုင်ရာကနေ ခေါ်တာတော့ ရှိတယ်။ 
အဲဒီနေ့တက်ဖို့၊ ကချင်ပြည်နယ်နေ့ ဖြစ်လို့ အခမ်းအနားတက်ဖို့က ခေါ်ရမယ်လေ။ ဝန်ကြီးချုပ်ကလာပြီး ဘယ်သူ့ကိုမှ မခေါ်လို့မှ မရတာ။ အုပ်ချုပ်ရေးမှူးကတော့ သွားပါလို့တော့ ပြောမှာပဲ”ဟု မဇ္ဈိမကို ပြောသည်။

ကချင်လူမျိုးစုတိုင်းမှ ယဉ်ကျေးမှုကော်မတီများသို့ မနောပွဲ ကရန်အတွက် ကချင်မျိုးနွယ်စုတိုင်းမှ မျိုးနွယ်စုတစ်ခုလျှင် အနည်းဆုံး လူ ၁၀၀က ရိုးရာဝတ်စုံအပြည့်ဖြင့် ပါဝင်ကပြရန် စီစဉ်ထားသည်။

သို့သော် မြစ်ကြီးနား၊ ဖားကန့်၊ ဗန်းမော်၊ တနိုင်းစသည့် မြို့နယ်များမှ ကချင်ရိုးရာ စာပေနှင့် ယဉ်ကျေးမှု လူငယ် ဗဟိုက်ာမတီများကမူ တက်မည်မဟုတ်ကြောင်း ပြန်လည် တုံ့ပြန်လိုက်ပြီဟု ကချင်ရိုးရာ စာပေနှင့် ယဉ်ကျေးမှု လူငယ်ဗဟို ကော်မတီဝင် ကိုယော်ဆမ် က ပြောသည်။

ကချင်ပြည်နယ်အတွင်း စစ်ပြေးဒုက္ခသည်များ ရှိနေပြီး ငြိမ်းချမ်းမှု မရသေးသဖြင့် မနော်ပွဲကို ယခုကဲ့သို့ ရက်ရှည်စွာ မကျင်းပရန်လည်း စာပေးပို့ထားသည်ဟု ဆိုသည်။

ဇန်နဝါရီလ ၈ ရက်မှ ၁၁ ရက်အထိ ပြုလုပ်လျက်ရှိသည့် ကချင်မနောပွဲတွင် ဇန်နဝါရီ ၈ရက်မှ ၁၁ ရက်အထိ မနောကမည်ဖြစ်ကာ ဇန်နဝါရီ ၁၀ရက်တွင် ကျရောက်မည့် ကချင်ပြည်နယ်နေ့၌ ပြည်နယ်ဝန်ကြီးချုပ်က ဇန်နဝါရီ ၁၀ ရက်တွင် မိန့်ခွန်းပြောမည်ဟု မနောပွဲဖြစ် မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလခရိလအောင်က ပြောသည်။

ယင်းမနောပွဲကို ကချင်လူမှု အဖွဲ့အစည်းများကလည်း ကန့်ကွက်ထားပြီး ယင်းအဖွဲ့များနှင့် ကေအိုင်အိုကမူ တက်ရောက်ခြင်း မရှိပေ။

မနောပွဲဖြစ်မြောက်ရေးကော်မတီက မနောပွဲ တက်ရောက်ရန်အတွက် ဖိတ်စာပေါင်း ၃၀၀၀ ကျော် ဖိတ်ကြားထားသည်ဟု သိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။