(Mizzima)
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO ) ထိန်းချုပ်ရာ တရုတ်နယ်ခြား မှတ်တိုင် ၆ စစ်ပြေးဒုက္ခ သည်စခန်းတွင် ခိုလှုံနေသော ဒုက္ခသည် များသည် ရာသီဥတုအေးလွန်းသဖြင့် အဆင်မပြေဖြစ်နေပြီး ကလေးငယ်များကျန်းမာရေး ဆိုးရွားနေသည်ဟုKIO မှ စစ်ပြေး ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးကော် မတီ တာဝန်ခံ ဦးဒွဲပီဆာ ကပြောသည်။
KIA ၏ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၃၂ ၊၃၃ နယ်မြေ အတွင်းရှိ ဖရဲဒုက္ခသည်စခန်းမှ ကလေး ငယ်များသည် ရာသီဥတု အလွန်အေး သဖြင့်ချောင်း ဆိုးခြင်း၊ ဝမ်းပျက်ခြင်းများ ဖြစ်၍ တရုတ်နိုင်ငံ ထိန်ချုံန်း ဆေးရုံသို့ သွားရောက် ကုသနေရသည်ဟု ၄င်းက မဇ္စျိမ ကိုပြောသည်။
“မှတ်တိုင် ၆ ဖရဲဒုက္ခသည်စခန်းမှာ အေးလို့ ဖျားနာတဲ့လူများလာတယ်။ အဲဒီမှာ ဆေးကုသလို့ မရလို့ မနေ့ကလည်း သုံးလေးယောက် တရုတ်နိုင်ငံ ထိန်ချုံန်း ဘက် ရောက်တဲ့လူတွေတောင်ရှိတယ်လို့ ပြောတယ်။ အေးတယ်ဆိုတော့ ချောင်းဆိုးတာတွေ ဖြစ်တယ် ထင်တယ်။ မနေ့က ရတဲ့သတင်းရတာက တစ်နေ့က ကလေးတယောက်ဆုံးသွားတယ်။ မနေ့ကလည်း ဆေးရုံကို ၃ ၊ ၄ ယောက် တရုတ်နိုင်ငံ ထိန်းချုံန်းဆေးရုံသို့ ပြန်တင်လိုက်တယ်လို့ ပြောတယ်”ဟု ဦးဒွဲပီဆာ ကပြောသည်။
ထို့ပြင် နှင်းများထူထပ်ခြင်းကြောင့် လက်ရှိတွင် သောက်သုံးရေ သုံးစွဲရန် ခက်ခဲနေသည်ဟု ၄င်းက ပြောသည်။ ယခင်နှစ် များတွင်လည်း ယခုကဲ့သို့ ဖြစ် ပွားသော်လည်း ယခုနှစ်တွင်မူ ပိုမိုဆိုး ရွာနေခြင်း ဖြစ်သည်ဟု ဦးဒွဲပီဆာ ကပြောသည်။
အဆိုပါ ဖရဲဒုက္ခသည်စခန်းတွင် ဒုက္ခသည်ပေါင်း ၉၀၀ ကျော်ရှိပြီး KIO က ဆေးပေးခန်း၊ မူလတန်းကျောင်းမှ ငါးတန်းထိ စာသင်ကျောင်းများ ဖွင့်လှစ်ပေးထား သည်ဟုသူကပြောသည်။ လက်ရှိအစားအသောက်များ၊ အဝတ်အထည်များကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ( KBC) ကထောက်ပံ့ပေးနေ သဖြင့်အခက် အခဲ မရှိသေးကြောင်း သူက ပြောသည်။
ဇန်နဝါရီလ ၁၀ ရက်က ဖရဲဒုက္ခသည်စခန်းမှ တာဝန်ရှိသူက ကလေးများ ဖျားနာမှုများ ရှိနေသည်ကို KBC ရုံးသို့ အကြောင်းကြား ခဲ့သော်လည်း တယ်လီဖုန်း လိုင်းများ ဆက်သွယ်မှု ခက်ခဲသဖြင့် အသေးစိတ်မေးမြန်းနိုင်ခြင်း မရှိခဲ့ကြောင်း KBC ၏ ယူနန်ပြည်နယ် ရင်ကျန်းမြို့ရှိ ကချင်နှစ်ခြင်းခရစ်ယာန်ကော်မတီ၏ ဥက္ကဌ ဆရာမ ကော့နန်က ပြောသည်။
၎င်းက “မနေ့က နှင်းတွေအရမ်းချပြီးတော့ ကလေးတွေ ဖျားနေတယ်ဆိုပြီး ဖုန်းဆက်ပြော တာတယ်။ မနေ့က တရုတ်ဆေး ရုံရောက်နေ ကြပြီ ဆိုပြီးပြောလာ တယ်။”ဟု မဇ္စျိမကို ပြောသည်။
အဆိုပါ ဒုက္ခသည်စခန်းတွင် KBC က အစားအသောက်များ ထောက်ပံ့ပေးနေပြီး အခြား ဆေးဝါးများ အရေးပေါ် လိုအပ်နေ သည်ဟုလည်း ၄င်း ကပြောသည်။
တရုတ်နယ်စပ်မှတ်တိုင် ၈ တွင်လည်း ယခုရက်ပိုင်းအတွင်း အလွန်အေးပြီး ရေခဲများ ၂ ပေခန့်ထိ ထူထပ်နေ သဖြင့် သွားလာနိုင်ခြင်း မရှိဘဲ စခန်း အတွင်းမှာ ဘဲ ခိုလှုံနေရသည်ဟု မှတ်တိုင် ၈ တွင် ဒုက္ခသည် စခန်းများအား ကူညီပေးနေသော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှ ဆရာဘောက်လာက မဇ္စျိမကိုပြော သည်။
၎င်းက “ကျွန်တော်တို့ မှတ်တိုင် ၈ မှာက ဖျားနာ တာတော့ မရှိဘူး။ ဒါပေမဲ့ မိုးတွေရွာ၊ နှင်းတွေလည်း အရမ်းကျလို့ ရေခဲနေတယ်။ အပြင်သွား လာလို့ မရ ဘူးဖြစ်နေတယ်။ ဆိုင်ကယ်၊ ကားဘာမှ စီးလို့ မရဘူး။ ရေလည်း ရေခဲကို ချက်ပြီး သုံးနေရတယ်” ဟုပြောသည်။
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇူလိုင်လအတွင်းကလည်း အဆိုပါ တရုတ်နယ်စပ် မှတ်တိုင် ၆ ရှိ ဖရဲ စစ်ပြေး ဒုက္ခသည်များကို လက်ရှိ အမျိုးသား လွတ်တော် အမတ် ဦးဇခုန်တိန်ယိန်းက ပန်ဝါသို့ ပြောင်းရွှေ့ရန် ပြောဆိုခဲ့သော်လည်း ယင်းဒုက္ခသည်များသည် မပြောင်းရွှေ့ခဲ့ပေ။

No comments:
Post a Comment
Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။