Tuesday, December 23, 2014

အပစ်ရပ် မူကြမ်းဆွေးနွေးပွဲများတွင် အသိသက်သေများ ထားရှိပေးရန် NCCT တောင်းဆိုမည်

(Mizzima)

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ဆွေးနွေးနေသည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် မူကြမ်းနှင့် ပတ်သက်၍ ဆက်လက် ဆွေးနွေးရာတွင် အသိသက်သေများ ထားရှိပေးရန် အတွက် NCCT ဘက်က တောင်းဆိုသွားမည်ဟု NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်က ပြောသည်။

၎င်းက ဒီဇင်ဘာ ၂၂ ရက်က ရန်ကုန်မြို့၊ မြန်မာငြိမ်းချမ်းရေး လုပ်ငန်း ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) တွင် ပြုလုပ်သည့်  အပစ်အခတ် ရပ်စဲရေးအတွက် လုပ်ငန်းသဘော ဆွေးနွေးပွဲအပြီးတွင် ပြောကြားခြင်း ဖြစ်သည်။

 
ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်က “လာမယ့် ပွဲကနေပြီးတော့ UPWC နဲ့ NCCT အစည်းအဝေးတိုင်းမှာ အသိသက်သေတွေ ပါဝင် တက်ရောက်စေချင်တယ် ဆိုတာကို တင်ပြသွားမှာဖြစ်ပါတယ်။ ” ဟု ပြောသည်။

အသိသက်သေဆိုရာတွင် နိုင်ငံတကာမှ အသိသက်သေများဆိုသည်ထက် ကျင်းပသည့် အစည်းအဝေးတိုင်းတွင် လေ့လာသူအဖြစ် ပါဝင်သင့်သည့် ကိစ္စအားလုံးကို ဆွေးနွေးသွားမည်ဖြစ်ပြီး နိုင်ငံတကာမှ ငြိမ်းချမ်းရေးအတွက် ထောက်ပံ့ပေးနေသည့် နိုင်ငံများ တက်ရောက်သင့်သည်ဟု NCCT ဘက်က တင်ပြထားသည်ဟုလည်း ၎င်းက ဆိုသည်။
NCCT ဘက်က ဆွေးနွေးမည့်အချက်များ
ဒီဇင်ဘာ ၂၂ ရက် ပြုလုပ်သည့် ဆွေးနွေးပွဲတွင် အပစ်ရပ်စာချုပ်မူကြမ်း၌ ကျန်ရှိသေးသည့် အပိုင်းများကို ဆက်လက်ဆွေးနွေးရန် ၊ လိုင်ဇာတွင်
ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များ ထပ်မံမဖြစ်ပေါ်စေရန် ဆွေးနွေးပွဲများပြုလုပ်ရန်၊ အပစ်အခတ်ရပ်စဲထားစဉ်အတွင်း နှစ်ဖက်က လိုက်နာရမည့် ကျင့်ဝတ် စည်းကမ်းနှင့် ယင်းကျင့်ဝတ်စည်းကမ်းများ ဖောက်ဖျက်မှုကို တားဆီးရန် ပူးတွဲစောင့်ကြည့်ကြီးကြပ်ရေး ကော်မတီကို
ဖွဲ့စည်းရန်၊ အပစ်ရပ်မူကြမ်းစာချုပ် ချုပ်ဆိုရာတွင် ထားရှိမည့် အသိသက်သေကိစ္စနှင့် ဆွေးနွေးပွဲများတွင် အသိ သက်သေထားရှိရန်တို့
ကိုဆွေးနွေးသွားမည်ဖြစ်သည်။

အပစ်ရပ်မူကြမ်း ဆွေးနွေးမှုများ ရှေ့ဆက်သွားရန် အရေးကြီး
လာမည့် ၂၀၁၅ ခုနှစ်တွင် ငြိမ်းချမ်းရေး အပါအ၀င် အခြားအရေးကြီးသည့် ကိစ္စရပ်များလည်း ရှိသည့်အတွက် ငြိမ်းချမ်းရေး၏ အဓိက လိုအပ်ချက် ဖြစ်သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ပါ အချက်များကို ဆွေးနွေးပြီး ရှေ့ဆက်သွားနိုင်ရန် အရေးကြီးသည်ဟု UPWC ဒုတိယဥက္ကဌ ဦးအောင်မင်းက ဆိုသည်။

၎င်းက “အပစ်အခတ်ရပ်စဲရေး ခိုင်မာဖို့ဆိုရင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သက်သက်ကို သဘော တူရုံနဲ့ မလုံလောက်နိုင်ပါ ဘူး။ နှစ်ဖက်လိုက်နာရမယ့် စည်းကမ်းတွေကို သေသေချာချာ သတ်မှတ်ပြီး  ချိုးဖောက်မှုတွေ ဖြစ်လာရင် စောင့်ကြည့်ကြီးကြပ် စီစစ်နိုင်တဲ့ ပူးတွဲစောင့်ကြည့် ကြီးကြပ်ရေး ကော်မတီ ပီပီပြင်ပြင် အသက်သွင်း နိုင်ဖို့လိုပါလိမ့်မယ်။” ဟု ၎င်းက အဖွင့်မိန့်ခွန်းတွင် ပြောသည်။

NCCT ၏ ဒုတိယခေါင်းဆောင် ပဒို စောကွယ်ထူးဝင်း ကလည်း NCCT နှင့်  UPWC တို့  နှစ်ဘက်တွေ့ဆုံ ဆွေးနွေးမှု မပြုလုပ်နိုင်သေးသည့် အချိန်တွင် စစ်ရေး၊ နိုင်ငံရေးအရ အငြင်းပွားဖွယ် ကိစ္စရပ်များ ဖြစ်ပေါ်ခဲ့သည်ဟု လိုင်ဇာတွင် ဖြစ်ပွားခဲ့သည့် KIA ဗိုလ်သင်တန်းကျောင်းသို့ လက်နက်ကြီးကျည် ကျရောက်မှုကို ဥပမာပြု၍ ပြောကြားခဲ့သည်။

လက်ရှိတွင် အပစ်ရပ်ဆဲရေး စာချုပ် မူကြမ်းရရှိရေး ဆွေးနွေးပွဲအတွက် နည်းပညာဆိုင်ရာ လုပ်ငန်း အစည်းအဝေးကို ကျင်းပခြင်းဖြစ်ပြီး  ရရှိလာသည့် ဆွေးနွေးပွဲရလာဒ်ကို သက်ဆိုင်ရာသို့ ပြန်လည် တင်ပြမည်ဖြစ်သည်။

UPWC နှင့် NCCT တို့၏  ခုနစ်ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် မူကြမ်း ရရှိရေးဆွေးနွေးပွဲ
ဇန်န၀ါရီလအတွင်း ကျင်းပနိုင်ရန် မျှော်မှန်းထားသည်ဟု ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်က ပြောသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။