Wednesday, December 3, 2014

အမှန်တရားရဲ့ တည်ရှိမှုကို လက်မခံနိုင်ရင် အမှန်ဘက်ကို ဦးမတည်နိုင်

U Ravika
(တစ်ပါတီအာဏာရှင်ခေတ်၊ မာရှယ်လောအာဏာရှင်ခေတ်နဲ့ ပါတီစုံအာဏာရှင်ခေတ်)

မဆလ ဘာကြောင့် ပြုတ်ခဲ့ရလဲ။ မိမိက ဘုန်းကြီးကျောင်းသား ဘဝကတည်းက သတင်းစာ ဖတ်တယ်။ လူတော်လူကောင်း၊ လူရည်ချွန်တွေ၊ လမ်းစဉ်လူငယ်တွေ၊ ပါတီလမ်းစဉ်တွေ၊ ဆိုရှယ်လစ်အာဘော်တွေကို နေ့စဉ်နဲ့အမျှ ဖတ်နေရတော့ မဆလဟာ ဘယ်တော့မှ မပြိုတဲ့ မြင်းမိုရ်တောင်လို ထင်မှတ်တဲ့ လူတွေ ရှိခဲ့တယ်။ ဒါပေမဲ့ မဆလက ဘာကြောင့် မရှုမလှ ပြုတ်ကျခဲ့ရသလဲ။ မဆလကို အမွေဆက်ခံတဲ့ တစညပါတီဟာ ဘာကြောင့် အခုထိ ရေပန်းမစားနိုင်သလဲ။ အဲဒါ အဖြေပဲ။ အရင်တုန်းက တစ်ပါတီအာဏာရှင်စနစ်အောက်မှာ ပြားပြားဝပ်ခဲ့ရတယ်။ ဦးနေဝင်းကို အံတုရဲသူ မရှိ။ ဘယ်စီမံကိန်းက အောင်မြင်မှု မရကြောင်း သူ့ကို မပြောရဲ။ မမှန်တဲ့ ကိန်းဂဏန်းနဲ့ ဦးနေဝင်းကို အောက်ကကောင်တွေ လိမ်ခဲ့ရတယ်။ ကိန်းဂဏန်းကို ကြည့်ပြီး ဦးနေဝင်းက အဟုတ်မှတ်နေလို့ သူ့အတွက် သုံးလို့ ဖြုန်းလို့ မကုန်ဘူးပေါ့။ ဆိုရှယ်လစ်စီးပွားရေးစနစ်က အောင်မြင်လေလေ နိုင်ငံစီးပွားရေးက ကျလေလေ နောက်ဆုံးကျတော့ သကြားစက်တောင် လည်ပတ်ဖို့ ဆီမရှိတော့ဘူး။ မဆလတွေ ဘုံးဘုံးလဲကျခဲ့ရပါတော့တယ်။


နဝတ၊ နအဖတို့က မဆလတို့ထက် နည်းနည်း လည်တယ်။ မဆလတွေက မြေပေါ်သယံဇာတပဲ ခိုးတတ်တာ ဖြစ်တယ်။ နဝတနဲ့ နအဖတို့က မြေအောက်ကို တူး၊ ရေအောက်ကို ငုပ်ပြီး ခိုးကြရာ အခု ပြောင်လုနီးပါး ဖြစ်သွားတယ်။ တစ်ခါမှာ အလုံမှာ ရှိတဲ့ NLD ဆိုင်ပုဒ်ရှိတဲ့ အဆောက်အအုံကို ခဏခဏ ဝင်နေတဲ့ မိမိကို စစ်ထောက်လှမ်းရေးတွေက သွားချင်ရာ ပို့ပါရစေဆိုတော့ သဒ္ဓါတရားနဲ့ ပြည့်စုံပါပေတယ်ဆိုပြီး လိုက်ခဲ့မိတယ်။ ခင်ညွန့်ခေတ်ဆိုတော့ ခင်ညွန့်တပည့်တွေပေါ့လေ။ စစ်အစိုးရအသုံးမကျပုံကို ဟာကွက်မရှိဘဲ ပြောသွားတာ ကမ္ဘာအေးအထိပဲ။ စစ်အစိုးရက တရုတ်နဲ့ ပေါင်းလို့ အဟောင်းနဲ့ နှစ်ပါးသွားရပုံ၊ ဗီယက်နာမ်က အမေရိကန်နဲ့ ပေါင်းလို့ ကြီးပွားပုံ၊ မြန်မာမှာ အကျင့်ပျက်ခြစားမှု များပုံကို ကွက်ကွင်ကွင်းကွင်း ပြောတယ်။ မိမိက "ဒကာကြီးက ထောက်လှမ်းရေးက မှတ်တယ်၊ ထောက်လှမ်းရေးဆိုတာ အပေါ်က လူကြီး သိအောင် ပြောရတယ်၊ ဒါမှ သူတို့က အမှားနဲ့ အမှန်ကို ဆုံးဖြတ်နိုင်မယ်၊ အခုန ဒကာကြီး ပြောသမျှဟာ အမှန်တွေချည်းပဲ၊ အပေါ်ကို တင်ပြလိုက်ပါ"လို့ ပြောလွှတ်လိုက်တယ်။ သန်းရွှေဆိုတဲ့ လူကြီးကို အမှန်အတိုင်း တင်ပြရဲသူ ဘယ်နှယောက်ရှိခဲ့မလဲ။ မရှိပါဘူး။ နဝတနဲ့ နအဖတို့ အုပ်ချုပ်မှုကာလတလျှောက်မှာ ပြည်သူတို့အတွက် ဘာကောင်းကျိုးမှ မရှိဘဲ ခရိုနီဆိုတဲ့ လူတန်းစားတစ်ရပ်ကိုပဲ မွေးထုတ်နိုင်ခဲ့တယ်။

အဲဒီစစ်အစိုးရက ဘယ်သူလဲ။ အခု ဖွတ်တွေပဲပေါ့။ အဲဒီတုန်းက အရေးပါးတဲ့ လူတွေဆိုတာ ဘယ်သူလဲ။ အခု သိန်းစိန်တို့ပဲပေါ့။ အခု ဆင်းရဲမွဲတေမှုနှုန်းက (၁၀)ရာခိုင်နှုန်းကျဆင်းသွားတယ်လို့ ပြောနေတယ်။ တကယ့်စာရင်းကျတော့ ဒီလောက် မရှိဘူးလို့ သမ္မတအကြံပေးဦးမြင့်က ပြောတယ်။ မဆလအကျင့်၊ စစ်အစိုးရအကျင့်က နဂိုအတိုင်းပဲ ရှိနေတယ်ဆိုတာ သိနိုင်ပါတယ်။ အခြားပြည်နယ်မှာ မပြောတတ်ဘူး။ မွန်ပြည်နယ်မှာ ကျပ်သန်းတစ်ထောင် ငွေကွာဟမှု ရှိခဲ့တယ်လို့ ဆိုတယ်။ မွန်ပြည်နယ်အစိုးရက ဘယ်လိုဖြေရှင်းခဲ့လဲ မသိပါ။ ဒါဟာ ပြည်နယ်အစိုးရတွေမှာလည်း ဘာအပြောင်းအလဲမှ မရှိသေးဘူးလို့ ဆိုချင်ပါတယ်။ စာရင်းဇယားကို လိမ်လည်လှည့်ဖြားခြင်းဆိုတာ နိုင်ငံတော်ကို အကြီးကျယ်ဆုံးလိမ်လည်လှည့်ဖြားခြင်းပဲဆိုတာ ဒီလူတွေ မသိကြပါဘူး။ အရင်တုန်းက မြန်မာနိုင်ငံဟာ တစ်ပါတီအာဏာရှင်စနစ်အရ ဦးနေဝင်းကို ကြောက်ခဲ့ရတယ်၊ မာရှယ်လောဥပဒေအရ သန်းရွှေကို ကြောက်ခဲ့ရတယ်၊ အခု ပါတီစုံအာဏာရှင်စနစ်အောက်မှာ မင်းအောင်လှိုင်ကို ကြောက်ကြရပြန်ပါတယ်။ မြန်မာနိုင်ငံသားတွေဟာ ရွှေတောင်သားတစ်ယောက်ကိုလည်း ကြောက်ခဲ့ရဖူးပြီ။ ကျောက်ဆည်သားတစ်ယောက်ကိုလည်း ကြောက်ခဲ့ရဖူးပါပြီ။ အခု ထားဝယ်သားတစ်ယောက်ကို ကြောက်ကြရပါအုံးမယ်။ မင်းအောင်လှိုင်ကို အကဲဖြတ်ဖို့ မင်းအောင်လှိုင်အကြောင်း ပြည်သူတွေ ဘယ်လောက် သိကြပါသလဲ။ မင်းအောင်လှိုင်ကော တပ်မတော်နဲ့ ပတ်သက်ပြီး ပြည်သူတို့သိရှိရလေအောင် သတင်းထုတ်ပြန်မှု ဘယ်လောက် လုပ်ခဲ့လဲ။ ပြည်သူတွေ သိအောင် လုပ်တဲ့ သတင်းထောက်တွေကို ထောင်ထဲလည်း ထည့်၊ သတ်လည်း သတ်နေတာပဲမဟုတ်လား။ အနည်းဆုံး အခု ကချင်စစ်ပွဲစကတည်းက တပ်မတော်သားတွေ ဘယ်လောက်ကျဆုံးသွားခဲ့သလဲ၊ စစ်စရိတ် ဘယ်လောက်သုံးခဲ့သလဲ သေသေချာချာ မပြောသလို အမှန်အတိုင်းလည်း သတင်းမထုတ်ပြန်ခဲ့ပါဘူး။ ဒါဟာ ဘာထူးလဲ။ အရင်အတိုင်းပဲပေါ့။

အခု ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းတော့ အချက်တစ်ခု သွားမှားတယ်။ ရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ ပတ်သက်တဲ့အဆိုမှာ အင်မတန်မှ မှတ်သားစရာကောင်းတယ်။ ဒါပေမဲ့ နည်းဥပဒေကို မထုတ်ပြန်ရသေးဘူးလို့ ပြောမိလို့ သမ္မတရုံးက လူတွေ ခုန်ပေါက်မိမတတ် ဝမ်းသာမိကြတယ်။ ဦးရဲထွတ်တို့က အိနြေ္ဒတောင် မဆည်နိုင်ဘဲ ပယ်ပယ်နယ်နယ် တီးပါလေရော။ ဒါပေမဲ့ အစိုးရက တမင်တကာ မှားလို့ ခေါင်းဖုံးဖင်ပေါ်ခဲ့ရတဲ့အဖြစ်ကို ရှင်ရဲထွတ်တို့ အပေါ်ပေါက်ရော အောက်ပေါက်ပါ ပိတ်ခဲ့ဖူးတာကို ဒီမှာ ရေတွက်ပြရင် ဒီစာကို ဆုံးအောင် ရေးလို့ ရမှာမဟုတ်တော့ဘူး။ ဒါပေမဲ့ ဒီမှာ တစ်ခုပြောချင်တယ်။ အရင်တုန်းက ပိတ်ဆို့မှုရှိခဲ့လို့ စီးပွားရေး ချွတ်ခြုံကျခဲ့ရပါတယ်လို့ ဆင်ခြေပေးခဲ့ပါတယ်။ အခု အမေရိကန်အစိုးရရော ဥရောပဘုံဈေးအဖွဲ့ပါ ပိတ်ဆို့မှုကို လျှော့ပေးခဲ့ပါပြီ။ ဒီတော့ မြန်မာ့စီးပွားရေးက ဘယ်နေရာမှာ ကောင်းခဲ့ပါသလဲ။ သြစတြေလျားက ပညာရှင် Dr. Turnell က မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ အချိန်မကျသေးဘူးလို့ အခု သုံးသပ်နေပါပြီ။ အခု ဗြိတိသျှပါလီမာန်ကလည်း ပြုပြင်ပြောင်းလဲရေးသာ မစစ်မှန်ခဲ့ရင် ဥရောပသမဂ္ဂအနေနဲ့ ပိတ်ဆို့မှုကို ပြန်ပြီးတော့ အသက်သွင်းသင့်တယ်လို့ ပြောကုန်ကြပြီ။ လောလောဆယ်မှာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ လုပ်ထုံးလုပ်နည်း အဆင်မပြေလို့ Sumsung ကုမ္ပဏီက ဗီယက်နာမ်ကို ရွှေ့သွားရာ မြန်မာနိုင်ငံအတွက် ဒေါ်လာ (၄)ဘီလီယံအထိ ရှိနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုကို လက်လွတ်ဆုံးရှုံးလိုက်ရတာပဲ ဖြစ်တယ်။ ဒါကို ဘယ်သကောင့်သား စီးပွားရေးပညာရှင်က ပြည်သူတို့ကို ချပြမလဲ။ ဘယ်ဝန်ကြီးက တာဝန်ခံဖြေရှင်းပေးသလဲ။

မဆလခေတ်တုန်းကလည်း ခင်ဗျားတို့ မအုပ်ချုပ်တတ်တော့ တိုင်းပြည်ကို အဖျက်အမှောင့်တွေနဲ့ ကလိမ်ညာဏ်ဆင်ခဲ့တာပဲ။ စစ်အစိုးရလက်ထက်တုန်းကလည်း ခင်ဗျားတို့က မအုပ်ချုပ်တတ်တော့ အဖျက်အမှောင့်ပယောဂတွေနဲ့ ပြည်သူတို့ကို နားလှည့်ပါးရိုက်ခဲ့ကြတာပဲ။ အခု ပါတီစုံအာဏာရှင်စနစ်လက်ထက်မှာလည်း ခင်ဗျားတို့က မအုပ်ချုပ်တတ်သေးဘဲ ရှိရာ ဆရာ့ဆရာတွေရဲ့ လမ်းစဉ်အတိုင်း တိုင်းပြည်လုံခြုံရေးကြောင့် ပုဒ်မ ၄၃၆ ကို မပြင်ချင်သေးကြောင်း ပြောပါတယ်။ အရင်လိုပဲ အခု မဘသကို မွေးထုတ်ပြီး အမျိုးဘာသာသာသနာအတွက် ဖွတ်ပါတီကို ထောက်ခံကြဖို့ ဆော်အော်ပြန်ပါတယ်။ ခင်ဗျားတို့ မောင်းထုတ်ခဲ့တဲ့ တရုတ်နဲ့ကုလားတွေဟာ ထိုင်း၊ တိုင်ဝမ်၊ မလေးရှား၊ စင်ကာပူနိုင်ငံတွေမှာ နိုင်ငံဖွံ့ဖြိုးရေးအတွက် တကယ့်ကို တွန်းအားတွေ ဖြစ်ခဲ့တယ်ဆိုတာ မမေ့ကြဖို့ လိုတယ်။ အမျိုး အင်မတန် ချစ်လှတဲ့ ခင်ဗျားတို့က ချမ်းသာချင်သမျှ ချမ်းသာနေကြပြီး ခင်ဗျားတို့ ပြောပြောနေတဲ့ ပြုပြင်ပြောင်းလဲရေးဟာ မြန်မာပြည်သူတို့အထိ မရောက်ဘူး။ 

ဒီနိုင်ငံအပေါ်မှာ အမှန်တကယ် သစ္စာရှိခဲ့မယ်ဆိုရင်၊ ဒီနိုင်ငံအပေါ်မှာ တကယ်ပဲ စေတနာရှိခဲ့မယ်ဆိုရင် နှစ်ပေါင်း(၆၀)နီးပါး ခင်ဗျားတို့ ခင်းကျင်းခဲ့တဲ့ မဟာဗျူဟာအမှားကို နောက်ထပ်မမှားရလေအောင် ခင်ဗျားတို့ကိုယ်တိုင် ချပြလိုက်တာ အကောင်းဆုံးပါပဲ။ အဲဒါကို ချပြရမဲ့အစား ဖက်တွယ်ထားပြီး ပြည်တွင်းစစ်ကိုလည်း အသစ်တဖန် အသက်ပြန်သွင်းလိုက်တယ်၊ စစ်ကျွန်ဥပဒေကိုလည်း အသစ်တစ်ဖန် ဖန်တီးလိုက်ပြန်တယ်၊ အာဏာရဲ့ ထောက်တိုင်တွေကိုလည်း အရင်လိုပဲ မွေးထုတ်ပေးပြန်တယ်ဆိုတော့ ခင်ဗျားတို့မှာ နောင်တတရားရဲ့ အရိပ်အငွေ့ကိုတောင် မတွေ့ရဘူး။ ဒီအခြေအနေမှာ ဒီနိုင်ငံကို လူစဉ်မီအောင် လုပ်လို့ ရမှာ မဟုတ်ဘူး။ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်လို့ ကြွေးကြော်ခဲ့ပေမဲ့ တပ်မတော်မှာလည်း အင်အားမရှိဘူးဆိုတာ ကြည်းရေလေတပ်မတော်သားတွေ အသိဆုံး ဖြစ်ပါလိမ့်မယ်။ နှစ်ပေါင်း (၅၀)ကျော်၊ (၆၀)နီးပါး မြန်မာ့တပ်မတော်ကို အသုံးချပြီး ပြည်သူတို့အတွက်ဆိုကာ လုပ်ခဲ့သမျှ ဘယ်သူ့ဆီ ရောက်ကုန်ရသလဲ။ 

ဒီတော့ အမှန်တရားကို ရင်ဆိုင်ကြပါ။ ဒီတိုင်းပြည်ကို ချစ်ရင် တနိုင်ငံလုံးကို ချွတ်ခြုံကျစေတဲ့ စစ်ကျွန်ဥပဒေကို ကန့်ကွက်ကြပါ။ ဒီနိုင်ငံကို သစ္စာရှိသူတိုင်း၊ ဒီနိုင်ငံကို စေတနာရှိသူတိုင်း ပုဒ်မ ၄၃၆ ကို ပြင်ဆင်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်တယ်။ ပုဒ်မ ၄၃၆ ကို မပြင်ဆင်နိုင်အောင် စစ်တပ်က ခြိမ်းခြောက်လာခဲ့ရင်တောင် နောက်ဆုတ်လို့ မရတဲ့အနေအထားပါ။ ဒီနိုင်ငံကို ဒီအတိုင်း ဆက်လွှတ်ထားလို့ မဖြစ်တော့ဘူး။ ဒီအတိုင်း လျစ်လျူရှုထားလို့ မဖြစ်တော့ဘူး။ နောက်တစ်ခု ပြောရရင် သူရရွှေမန်း အမြဲ ပြောခဲ့တဲ့စကားတစ်ခွန်း။ ဒေါ်အောင်းဆန်းစုကြည်နဲ့ မျှမျှတတ ယှဉ်ပြိုင်မယ်ဆိုတဲ့ စကား၊ တရားမျှတစွာနဲ့ ယှဉ်ပြိုင်မယ်ဆိုတဲ့ စကား။ ဒီစကားကို လေးစားမယ်ဆိုရင် ပုဒ်မ ၅၉ (စ)ကိုလည်း ပြင်ဆင်ဖို့ လိုပါလိမ့်မယ်။ မိန်းမတစ်ယောက်ကို ကြိုးနဲ့တုပ်ပြီး ယှဉ်ပြိုင်မဲ့ ရွေးကောက်ပွဲ၊ ပြည်သူတို့က သူတို့ကြိုက်တဲ့ ပုဂ္ဂိုလ်ကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်လို့ မရတဲ့ ရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးဆိုတာ အထူးပြောစရာ မလိုပါဘူး။ ဒီစနစ်နဲ့ ဒီအတိုင်း ဆက်သွားလို့ မဖြစ်တော့ဘူး။ တိုင်းပြည်နာခဲ့ပေါင်း များလှပါပြီ။ ဒီတစ်ခါ တိုင်းပြည်ကို မနာစေချင်ရင် ပြည်သူတို့က နည်းနည်းလေး အနာခံသင့်က အနာခံကြရပါလိမ့်မယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။