Sunday, December 7, 2014

န၀မတန်းကျောင်းသူ မဂျာဆိုင်းအိန်သေဆုံးမှုကို လိမ်လည်တိုင်တန်းသည်ဟုဆိုကာ တပ်မတော်က ဖခင်ဖြစ်သူအား တရားစွဲဆိုမှု စွဲချက်တင်ပြီးနောက်ပိုင်း တစ်နှစ်ကျော်ကြာအထိ တရားလိုဗိုလ်မှူးကို ဆင့်ခေါ်မရ၍ အမှုကြန့်ကြာ

(Eleven Media Group)



ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆွတ်ငိုင်ယန်ကျေးရွာ၌ အသက် ၁၄ နှစ်အရွယ် ၉ တန်းကျောင်းသူ မဂျာဆိုင်းအိန် သေဆုံးမှုအား လိမ်လည်တိုင်တန်းသည်ဟုဆိုကာ တပ်မတော်က ဖခင်ဖြစ်သူ ဦးဘရန်ရှောင်အား တရားစွဲဆိုထားမှုမှာ စွဲချက်တင်ခံရပြီးနောက်ပိုင်း တစ်နှစ်ကျော်ကြာအထိ တရားလို ဗိုလ်မှူးဖြစ်သူကို ဆင့်ခေါ်၍မရဘဲ အမှုကြန့်ကြာလျက်ရှိကာ နစ်နာမှုများ ဖြစ်ပေါ်ကြောင်း ကာယကံရှင် ဦးဘရန်ရှောင်နှင့် မဂျာဆိုင်းအိန်သေဆုံးခြင်း ဖြစ်ရပ်မှန် ဖော်ထုတ်ရေး ကော်မတီတို့က ဒီဇင်ဘာ ၆ ရက်တွင် ရှင်းလင်းပြောကြားသည်။


အဆိုပါဖြစ်စဉ်မှာ ၂ဝ၁၂ ခုနှစ် စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် ဆွတ်ငိုင်ယန်ကျေးရွာသို့ တပ်မတော်စစ်ကြောင်း ရောက်ရှိလာပြီး ညနေပိုင်း၌ တပ်မတော်စစ်ကြောင်းသည် ဖားကန့်ဗျူဟာကုန်းသို့ ပြန်လည်ထွက်ခွာချိန် ဆွင်ငိုင်ယန်းကုန်း အဆင်းတွင် မိုင်းသုံးလုံး ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ ပေါက်ကွဲမှုကြောင့် ဆွတ်ငိုင်ယန်ကျေးရွာနှင့် အနီးတစ်ဝိုက်အား ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုများကြောင့် ကျောင်းမှပြန်လာသော မဂျာဆိုင်းအိန် ထိမှန်သေဆုံးခဲ့ရသည်။

အဆိုပါပစ်ခတ်မှု ဖြစ်နေချိန်တွင် မဂျာဆိုင်းအိန်နှင့် သူငယ်ချင်းများသည် နီးစပ်နေရာနေအိမ်တစ်ခုတွင် ပုန်းခိုနေခဲ့ရာမှ ယင်းကဲ့သို့ ထိမှန်သေဆုံး ခဲ့ရခြင်းဖြစ်သည်။

ဒေသခံများ၏ ပြောကြားချက်အရ မိုင်းပေါက်ကွဲမှုကြောင့် တပ်မတော်သား အချင်းချင်း မှားယွင်းပစ်ခတ်မှု ဖြစ်ပေါ်ခဲ့ရာမှ မဂျာဆိုင်းအိန် သေနတ်ထိမှန်ခဲ့ခြင်း ဟုဆိုသည်။

မဂျာဆိုင်းအိန်မှာ တပ်မတော်၏ ပစ်ခတ်ခြင်းကြောင့် ဒဏ်ရာရချိန်တွင် တပ်မတော်စစ်ကြောင်း ပြန်ထွက်သည်အထိ စောင့်ဆိုင်းပြီးမှ ဖားကန့်ဆေးရုံသို့ တင်ပို့ခွင့်ရသဖြင့် သွေးထွက်လွန်ကာ ဆေးရုံ၌ ကွယ်လွန်ခဲ့သောကြောင့် အဖြစ်မှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးပေးရန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်နှင့် သမ္မတဦးသိန်းစိန်တို့ထံ တိုင်တန်းခဲ့ကြောင်း ဦးဘရန်ရှောင်က ဆိုသည်။

ထို့နောက် တပ်မတော်က အဆိုပါဖြစ်စဉ်အား တပ်မတော်တွင်း စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့ကာ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး မဂျာဆိုင်းအိန် သေဆုံးမှုမှာ ကေအိုင်အေမှ ဖောက်ခွဲသည့် မိုင်းစထိမှန် ဒဏ်ရာရရှိကာ သေဆုံးခြင်းဖြစ်ကြောင်း ခုံရုံးအဖွဲ့က ထင်မြင်ချက်ပေးခဲ့ပြီး ဖခင်ဦးဘရန်ရှောင်အား ဖားကန့်မြို့နယ်တရားရုံးတွင် မမှန်မကန် တိုင်တန်းသည်ဟုဆိုကာ ပုဒ်မ ၂၁၁ ဖြင့် အမှတ် ၃၈၉ ခြေမြန်တပ်ရင်းမှ ဗိုလ်မှူးဇာနည်မင်းပိုက်က ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်တွင် တရားစွဲဆိုခဲ့ပြီး တရားရုံးကလည်း အဆိုပါအမှုအား လက်ခံခဲ့သည်။

“မိုင်းစထိမှန်တယ်ဆိုရင် ကျွန်တော်သမီးနဲ့အတူ ပြန်လာတဲ့ကလေးတွေ ဘာကြောင့်မထိတာလဲ။ ပြီးတော့ သူ့သေနတ် ဒဏ်ရာအား တင်ပါးထဲကို ဝင်သွားတာ အဲဒီတော့ မိုင်းထိတယ်ဆိုတာ ဟုတ်ပါ့မလား” ဟု ဦးဘရန်ရှောင်က ပြောကြားသည်။

“ပြဋ္ဌာန်းဥပဒေမှာကတော့ လူတစ်ယောက်ကို နစ်နာစေရန် အကြံနဲ့ တရားစွဲဆိုခဲ့ရမယ်။ တရားစွဲဆိုခဲ့ပြီးမှသာလျှင် ဒါကိုပထမအနေနဲ့ စုံစမ်းစစ်ဆေးရေးလုပ်မယ်။ လုပ်ပြီးမှဟုတ်တယ်။ ဒီလူတရားစွဲတာ မမှန်ဘူးဆိုပြီးတော့မှ ဆုံးဖြတ်ပြီးမှသာ ဒီပုဒ်မ ၂၁၁ နဲ့စွဲရမှာ။ အခုက ဦးဘရန်ရှောင် တပ်မတော်ပေါ်မှာ တရားစွဲခဲ့တာ ဘာမှမရှိဘူး။ တရားမစွဲခဲ့ဘဲနဲ့ မမှန်မကန် တိုင်တန်းပါတယ် ဆိုပြီးတော့လျှောက်တယ်။ လျှောက်တာကို တရားရုံးက လက်ခံပြီးတော့မှ စွဲချက်တင်ခဲ့တယ်။ ပြဋ္ဌာန်းဥပဒေနဲ့တော့ ကိုက်ညီမှုမရှိဘူး” ဟု ဦးဘရန်ရှောင်အမှုအား လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးခွန်နောင်က ပြောကြားသည်။

ယင်းစွဲချက်အမိန့်ကို ၂ဝ၁၃ ခုနှစ် စက်တင်ဘာ ၉ ရက်တွင်ချမှတ်ခဲ့ပြီး ပြန်ခေါ်သက်သေစစ်ရန်အတွက် တရားလို ဗိုလ်မှူးဇာနည်မင်းပိုက်အား တရားရုံးမှဆင့်ခေါ်မှုများ ပြုလုပ်ခဲ့သော်လည်း ဆင့်ခေါ်စာ လက်ခံကြောင်း အတည်ပြုနိုင်ခြင်း မရှိသဖြင့် အမှုမှာ ဆက်လက်စစ်ဆေး၍မရဘဲ စွဲချက်တင်ပြီး တစ်နှစ်ကျော်ကြာ ယခုအချိန်အထိ ဦးဘရန်ရှောင်မှာ စွဲချက်တင်ထားခံရပြီး အမှုရင်ဆိုင်ရဆဲ အခြေအနေ ဖြစ်နေကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခွန်နောင်က ပြောကြားသည်။

ထို့ပြင် ဦးဘရန်ရှောင်အား တရားစွဲဆိုသည့် ဗိုလ်မှူးဇာနည်မင်းပိုက်မှာ အမှုစတင်ရင်ဆိုင်သည့် ပထမပိုင်းရုံးချိန်းများတွင်  တရားရုံးသို့ လာရောက်ခြင်းကို မတွေ့ရှိရဘဲ စွဲချက်မတင်မီရုံးချိန်းတွင် နောက်ဆုံးလာရောက် ထွက်ဆိုခဲ့ကာ ထပ်မံလာရောက်ခြင်း မရှိတော့ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခွန်နောင်၏ ပြောကြားချက်အရ သိရသည်။

ထို့အတူ ဦးဘရန်ရှောင်အနေဖြင့် တရားရင်ဆိုင်ရန် ဖားကန့်မြို့မှ ရှေ့နေများအား ငှားရမ်း၍ မရသဖြင့် မန္တလေးနှင့် မြစ်ကြီးနားတို့မှ ရှေ့နေ့လေးဦးအား အကူအညီ တောင်းခံခဲ့ရာတွင် ရှေ့နေ့များက ကူညီမှုများပေးခဲ့ပြီး တရားရုံးချိန်းသို့ လာရောက်သည့် ရုံးချိန်းအပတ်စဉ် လမ်းခရီးစရိတ်များကို ဦးဘရန်ရှောင်မှ ကျခံပေးသဖြင့် တစ်ပတ်လမ်းခရီး စရိတ်မှာ ၁ဝ သိန်းခန့် ကုန်ကျခဲ့ကြောင်း ရှေ့နေ့လေးဦးထဲမှာ တစ်ဦးဖြစ်သည့် ဦးခွန်နောင်က ဆိုသည်။

ဦးဘရန်ရှောင်၏ အမှုအား ကိုယ်တွယ်စစ်ဆေးခဲ့သည့် ဖားကန့်မြို့နယ် တရားသူကြီးမှာ ဦးဇော်ဇော်ထွန်းဖြစ်ပြီး စွဲချက်အမိန့်မချမှတ်မီ ဦးဇော်ဇော်ထွန်းမှာ သင်တန်းတက်ရသဖြင့် အဆိုပါအမှုအား ယာယီမြို့နယ် တရားသူကြီး ဒေါ်ခင်အေးလေးက လွှဲပြောင်းကာ ဆက်လက်စစ်ဆေး၍ စွဲချက်အမိန့်ချမှတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ မိသားစုအနေနဲ့ကတော့ တကယ်ပဲခိုကိုးရာမဲ့၊ ကာကွယ်ရာမဲ့ ဖြစ်နေတာပေါ့။ ဒီအမှုဟာ ဆိုလို့ရှိရင် စွဲချက်မတင်သင့်ဘဲ စွဲချက်တင်ခံရတယ်။ စွပ်စွဲတာလည်း မတရားစွပ်စွဲတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ကတော့ တရားမျှမျှတတဖြစ်စေချင်တယ်” ဟု ဦးဘရန်ရှောင်က ပြောကြားသည်။

ထို့သို့ဖြစ်စဉ်များအပေါ် မဂျာဆိုင်းအိန် သေဆုံးခြင်း ဖြစ်ရပ်မှန်ဖော်ထုတ်ရေး ကော်မတီကလည်း ယခုအချိန်ထိ အစိုးရအနေနှင့်လည်းကောင်း၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေဖြင့်လည်းကောင်း တစ်စုံတစ်ရာ အရေးယူဆောင်ရွက်မှု မရှိသည့်အပြင် မြန်မာ့တပ်မတော်ကလည်း ဦးဘရန်ရှောင်အား ကော်မရှင်သို့ မမှန်မကန် လိမ်လည်တိုင်တန်းမှုဖြင့် တရားစွဲဆိုထားပြီး ထောင်ဒဏ် နှစ်နှစ်အထိ ကျခံနိုင်ကြောင်း၊ သို့ဖြစ်၍ မဂျာဆိုင်းအိန် သေဆုံးရခြင်းနှင့် ပတ်သက်၍ လွတ်လပ်သော ကော်မရှင်ဖွဲ့၍ စုံစမ်းမှုများ ပြုလုပ်သွားရန် အစိုးရအား ဒီဇင်ဘာ ၆ ရက်က တောင်းဆိုချက် ထုတ်ပြန်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။