Friday, December 5, 2014

အစိုးရနှင့် ကေအိုင်အိုပဋိပက္ခညှိနှိုင်းရေးအဖွဲ့တို့ လစဉ်တွေ့ဆုံမှု ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း

(Eleven Media Group)



အစိုးရနှင့် ကေအိုင်အို ပဋိပက္ခညိ§နှိုင်းရေးအဖွဲ့တို့ လစဉ်တွေ့ဆုံမှု ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားကြောင်း မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ဝင်များက The Daily Eleven သတင်းစာသို့ ပြောကြားသည်။ 


ရွှေ့ဆိုင်းရသည့်အကြောင်းရင်းမှာ နိုဝင်ဘာ ၁၉ ရက်တွင် တပ်မတော်မှ ပစ်လိုက်သော လက်နက်ကြီးကြောင့် လိုင်ဇာအနီးရှိ ဗိုလ်သင်တန်းကျောင်းအတွင်း ကျရောက်ပေါက်ကွဲပြီး ဗိုလ်လောင်း ၂၃ ဦးနှင့် သင်တန်းဆရာများ ဒဏ်ရာရရှိမှုတို့ကို ကေအိုင်အိုဗဟိုမှ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ကို မေးခွန်းများမေးမြန်းထားပြီး ယင်းမေးခွန်းများကို မဖြေကြားသေးသောကြောင့်ဖြစ်ကြောင်း သိရသည်။ 



ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ ဦးခွန်းအောင်က “ရက်ကို သတ်မှတ်ပြီး အချိန်းအချက်လုပ်တာ လောလောဆယ်တော့ ဘာမှမရှိသေးဘူး။ နိုဝင်ဘာလကဖြစ်သွားတဲ့ အခြေအနေက ပြည်နယ်အဆင့်ဆွေးနွေးလို့
မရတဲ့အခြေအနေဖြစ်နေတော့  ကေအိုင်အိုက ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့က ဦးဆွမ်လွတ်ဂမ်တို့ ဗဟိုအဖွဲ့က ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တွေကို စာနဲ့မေးထားတာတွေ ရှိတယ်။ ယခုအထိ ဘာမှအကြောင်းပြန်တာ မရှိသေးဘူးလေ။ အဲဒါတွေ အကြောင်းပြန်မှပဲ ပြည်နယ်အဆင့် လစဉ်ပုံမှန် အစည်းအဝေးကဖြစ်တော့မှာပါ။ လောလောဆယ်ဆယ်တော့ ညှိနှိုင်းထားပြီး ရက်အကန့်အသတ် မရှိသေးဘူး”ဟု ပြောကြားသည်။


အစိုးရနှင့် ကေအိုင်အို ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ကို အစိုးရဘက်မှ ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်က ဦးဆောင်ပြီး ပြည်နယ်အစိုးရ အဆင့်မြင့်အရာရှိများပါဝင်ကာ  ကေအိုင်အိုအဖွဲ့မှ ဗိုလ်မှူးကြီးဇော်တောင် ဦးစီးပြီး နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာခေါင်းဆောင်များ ပါဝင်သည်။


အစိုးရနှင့် ကေအိုင်အို ပဋိပက္ခညှနှိုင်းရေးအဖွဲ့တို့သည် ၂ဝ၁၄ မေ ၃၁ ရက် မြစ်ကြီးနား မနောကွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂ဝ၁၄ ဇွန်မှ စတင်ကာ လစဉ်တစ်ကြိမ်မှ နှစ်ကြိမ်အထိ တွေ့ဆုံမှုများရှိခဲ့ပြီး တွေ့ဆုံမှုကြောင့် တပ်မတော်နှင့် ကေအိုင်အေတို့၏ တင်းမာမှုများ၊ ပဋိပက္ခများနှင့် ပစ်ခတ်မှု၊ တိုက်ခိုက်မှုအချို့ကိုပါ လျှော့ချနိုင်ခဲ့ကြောင်း နှစ်ဖက်ခေါင်းဆောင်များက ပြောကြားသည်။


ယခုလောလောဆယ်အချိန်တွင် တပ်မတော်နှင့်ကေအိုင်အေ လက်နက်ကိုင်အဖွဲ့တို့ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ဗန်းမော်ခရိုင်အတွင်း တိုက်ပွဲအဆင့် မရောက်သော်လည်း ပစ်ခတ်မှုများရှိနေဆဲဖြစ်ကြောင်း သိရသည်။


ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ  ဦးလမိုင်ခွန်ဂျာက “အခုအထိတော့ နှစ်ဖက်စလုံးက ငြိမ်နေတယ်။ ဘာမှလုပ်တာမရှိတော့ ဘာမှမသိရသေးဘူး။ အစိုးရက ကမ်းလှမ်းလာတာကို ကေအိုင်အိုဘက်က မဖြစ်နိုင်သေးကြောင်း အကြောင်းပြန်ထားပါတယ်။  ဗန်းမော်နဲ့ ရှမ်းမြောက်ဘက်မှာလည်း ပစ်ခတ်မှုတွေက ရှိသေးတယ်လို့ ကြားနေရပါတယ်”ဟု ဆိုသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။