Thursday, December 4, 2014

တခါက လိုင်ဇာ



 (မိုးမခ) ဒီဇင်ဘာ ၄၊ ၂၀၁၄

လိုင်ဇာ ဆိုတာ ကျမ အရမ်း ကို ရောက်ဖူး ချင်တဲ့ တော်လှန်ရေး နယ်မြေ ဒေသ တခုပါ။ လိုင်ဇာ အကြောင်းကို ကေအဲန်ယူ အထွေထွေ အတွင်းရေးမှူး ပဒိုမန်းရှာ ဆီက ကျမ မကြာမကြာ ကြားဖူးတယ်။ သူက လိုင်ဇာကို တော်လှန်ရေး တာဝန်တွေနဲ့ သွားဖူးရောက်ဖူးလေတော့ စကားကြုံရင်ကြုံသလို လိုင်ဇာအကြောင်းကို ကျမတို့  ကို ပြောပြလေ့ရှိတယ်။ နောက်ပိုင်းမှာ ကချင်လူငယ်တွေ ကချင်အမျိုးသမီးတွေနဲ့  လူငယ်အလုပ်တွေ အမျိုးသမီးအလုပ်တွေ အတူတွဲလုပ်ဖြစ်ကြတော့ ကချင်တော်လှန်ရေးဌာနချုပ်ဖြစ်တဲ့ လိုင်ဇာကို ကျမ ပိုပြီး ရောက်ဖူးချင်ခဲ့ပါတယ်။


ရေငတ်တုန်း ရေတွင်းထဲကျတယ် ဆိုရမလားတော့ မသိ။ လိုင်ဇာကို ကျမရောက်ဖို့ အတွက် အကြောင်းက ဖန်လာတယ်။ အမျိုးသမီးများအဖွဲ့ ချုပ်(မြန်မာနိုင်ငံ) WLB ကနေ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပိုမိုပါဝင်လာရေး၊ ဆုံးဖြတ်ချက်ချတဲ့ နေရာတိုင်းမှာ အမျိုးသမီးတွေ အနည်းဆုံး ၃၀%  ပါဝင်လာရေးအတွက် ကျမတို့ တွေ နယ်မြေဒေသအသီးသီးမှာရှိတဲ့ အဖွဲ့ စည်းအသီးအသီးကို စည်းရုံးလှုံဆော်ဖို့ လုပ်ကြတော့  ၂၀၀၆ ခုနှစ်  ဇူလိုင်လမှာ ကချင်တော်လှန်ရေးဌာနချုပ် လိုင်ဇာကို ကျမ ရောက်ခဲ့ရတယ်။

ဒီခရီးစဉ်မှာ ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးအဖွဲ့ (KWAT) အန်တီရှယ်လီဆိုင်း၊ ရှမ်းအမျိုးသမီးအဖွဲ့  (SAWN)က အမ နန်းဆိုင်နောင့်။ မြန်မာ့အမျိုးသမီး သမဂ္ဂ (BWU) က မိဆူးပွင့်နဲ့  ကရင်အမျိုးသမီးအစည်းရုံး (KWO)က ကျမ၊  အဖွဲ ချုပ်ရဲ့ ကိုယ်စားလှယ်တွေအဖြစ်နဲ့  တရုတ်ပြည်ဘက်နေတဆင့် လိုင်ဇာကို ခက်ခက်ခဲခဲ သွားခဲ့ကြပါတယ်။  ကျမတို့ အဖွဲ့ ကို KIA က ကချင်တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေနဲ့ ကချင်အမျိုးသမီးအဖွဲ့ က ခေါင်းဆောင်တွေက နွေးထွေးစွာ လက်ခံကြိုဆိုခဲ့ကြသလို သူတို့ အဖွဲရဲ့ လုပ်ငန်းတွေ သူတို့ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကိုလည်း ရှင်းပြခဲ့ပါတယ်။ အဲဒီအချိန်တုန်းက (KIA) က စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ ကာလပါ။ ဒါပေမယ့် စစ်အစိုးရကို နည်းနည်းလေးမှ စိတ်ချလို့ မရဘူးဆိုတာကို ကချင်ခေါင်းဆောင်အားလုံးကတော့ သိနေကြပါတယ်။

သူတို့ ဘာလုပ်လုပ် စစ်အစိုးရကို အသိပေးနေရ အစီရင်ခံနေရတာတွေ၊ ကချင်ပြည်သူတွေအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုဖွံ့ ဖြိုးရေးလုပ်ငန်းတွေကို (KIA) လုပ်ကိုင်ရာမှာလည်း အကန့် အသတ်တွေနဲ့  လုပ်နေရတဲ့အကြောင်း သူတို့ မှာ ကိုယ်ပိုင်ဆုံးဖြတ်နိုင်တဲ့ အခွင့်အရေးတွေ မရှိသလိုဖြစ်နေရတာတွေအတွက် သူတို့ လည်း စစ်အစိုးရကို တော်လေး စိတ်ကုန်စိတ်ပျက်နေတဲ့ အကြောင်းတွေကိုလည်း သိခဲ့ရပါတယ်။ စစ်အစိုးရဖက်ကတော့ စစ်အင်အားဖြည့်တယ်။ တပ်စခန်းအသစ်တွေ တိုးချဲ့ ဆောက်တယ်။ ရိကာတွေဖြည့်တယ်။ စစ်ရေးလေ့ကျင့်မှုတွေ နေ့ စဉ်လုပ်တယ်။ ဒါတွေကို သိနေတဲ့အတွက် KIA ဘက်က လည်း သတိရှိနေရတယ်။ အတိုချုံးပြောရရင်တော့ လိုင်ဇာဟာ လက်နက်အသင့်နဲ့  ငြိမ်းချမ်းရေးကာလ ဖြစ်နေရတဲ့ အခြေအနေပါ၊

မရောက်ခင်တုန်းက ကျမစိတ်ထဲ ကချင်ပြည်နယ်ဆိုတော့ တောတွေတောင်တွေနဲ့ စိမ်းစိမ်းစိုစိုရှိနေမယ်လို့  ထင်ခဲ့တယ်၊ တကယ်ကတော့ တရုတ်ကိုကျော်ပြီး လိုင်ဇာကိုခြေလှမ်းဝင်လိုက်တာနဲ့ ဘုန်းဘုန်းလဲနေတဲ့ သစ်လုံးကြီးတွေကို စမြင်နေပြီ။ တချို့  သစ်ပုံကြီးတွေကလည်း တရုတ်ပြည်ဘက်ကို ခြေလှမ်းတွေကျွံပြီး ၀င်နေကြပြီ၊ တောင်ကတုံးတွေ တူးထားဆွထားတဲ့ မြေကျင်းကြီးတွေက လိုင်ဇာကို အကျည်းတန်နေတာတော့ အမှန်ပါပဲ။ သဘာဝသစ်တောတွေ ကုန်သလောက်ရှိနေပြီး အစားထိုး သစ်ပင်တွေ ပြန်စိုက်ရမယ့် ကချင်ပြည်နယ် ဖြစ်နေပါပေါ့လားလို့ လည်း ကျမ တွေးမိလိုက်တယ်။

မြိုထဲမှာတော့ မြို့ အင်္ဂါရပ်နဲ့ ညီတဲ့ ကောလိပ်ကျောင်းတွေ။ ဈေး။ ဟိုတယ်။ ဘုရားကျောင်း။ လူနေ တိုက်တာ အဆောက်အဦးတွေကတော့ တရုတ်နဲ့ ပခုံးချင်းယှဉ်ရပ်နေတဲ့ အရပ်မို့ တင့်တင့်ထယ်ထယ်ရှိပါတယ်၊ တချို့  အဆောက်အဦးတွေက ဆောက်နေဆဲ။  ဆောက်လက်စ တန်းလန်း။ ဒါတွေကို ကြည့်ပြီး ဆောက်တော့ ဆောက်နေကြတာပဲ ဘယ်လောက်ကြာကြာနေရမယ်။ ဘယ်လောက်တည်မြဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူးလို့ ကချင်အမျိုးသမီးခေါင်းဆောင်တဦးက ကောက်ခါငင်ခါ ပြောလိုက်တော့ ကျမရင်ထဲ နင့်ကနဲ ဖြစ်သွားတယ်။

ဘယ်အချိန်တိုက်ပွဲတွေဖြစ်မလဲလို့  တထိတ်ထိတ်နဲ့ စောင့်နေတဲ့ သူတို့ ကတော့ ကျမထက် ပိုပြီးခံစားရမှာ အမှန်ပါပဲ။

ကျမကို တက်ကြွမှုတွေ ခွန်အားတွေပေးခဲ့တဲ့ နေရာကတော့ ကချင်လူမျိုးပေါင်းစုံ စုဝေးပြီး ပျော်ရွင်စွာဆင်နွဲကြတဲ့ မနှောပွဲကျင်းပရာ နေရာပါပဲ၊ အဖြူအပြာနဲ့  ရဲရင့်ခြင်းတက်ကြွခြင်းဂုဏ်ဆောင်တဲ့ အနီရဲရဲ မနောတိုင်ကြီးတွေကြား ရောက်သွားခဲ့ရတဲ့အချိန်ကတော့ ကြက်သီး မွေးညှင်းထအောင်ကို ပျော်ခဲ့ရပါတယ်။ မနှောပွဲဆိုတာကလည်း ကျမတို့ နဲ့ ပြည်ထောင်စု သွေးချင်း ကချင်လူမျိုးတို့ ရဲ့  ဇာတိသွေးဇာတိမာန်ပြည့်ဝတဲ့ နာမည်ကျော်ရိုးရာပွဲတော် တခုပဲ မဟုတ်လား။

ကချင်အမျိုးသမီးခေါင်းဆောင်တွေက ကျမတို့ ကို (KIA)ရဲ့ စည်းဝေးခန်းမဆောင်နဲ့  စစ်ရုံးချုပ်နေရာတွေ ကိုလည်း လိုက်ပို့ ရှင်းပြခဲ့သလို  အဲ့ဒီအချိန်က KIA စစ်ရေးတာဝန်ခံခေါင်းဆောင်တဦးကလည်း ကျမတို့  အမျိုးသမီးအဖွဲ့ ချုပ်က လုပ်ငန်းတွေကို သူအားရကြောင်းနဲ့  ကျမကိုလည်း ကရင်ဘက်က အခြေအနေတွေနဲ့  ကရင်ခေါင်းဆောင်ကြီးတွေ သာကြောင်းမာကြောင်း သတင်းမေးပါတယ်။

ကြပ်ပြေးနေပြည်တော် စီမံကိန်းကြောင့် ကရင်ပြည်နယ်တောင်ငူဘက်မှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတာတွေ။ ကရင်ပြည်သူတွေ ပြေးလွှားနေရတာတွေအတွက်  သူတို့ လည်း စိတ်ထိခိုက်ရတယ်ဆိုတဲ့အကြောင်းနဲ့  ကရင်ပြီးရင်တော့ ကျနော်တို့ ကချင်ဆီကို ရောက်လာဦးမှာပဲလို့  သူက ကျမကို ပြောခဲ့သေးတယ်။  သိပ်မကြာပါဘူး စစ်အစိုးရက ကချင်ဘက်ကို လှည့်တော့တာပဲ၊ ကချင်ပြည်နယ်ဘက်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ခဲ့သလို အပြစ်မဲ့ ကချင်ပြည်သူတွေလည်း စစ်ပြေးစစ်ရှောင်ဘ၀၊ ဒုက္ခသည်ဘ၀ကို ရောက်ခဲ့ကြရတယ်။

လိုင်ဇာမြို့ က ကချင်အမျိုးသမီး ယက်ကန်းစင်တခုကိုသွားတော့ ကျမနဲ့  တိုင်းရင်းသားပေါင်းစုံ လူငယ်လုပ်ငန်းတွေမှာ အတူတွဲလုပ်ခဲ့ဖူးတဲ့ (အဲ့ဒီအချိန်က) လူငယ်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုအောင်ဝါနဲ့  ပြန်ဆုံတယ်။ သူကလည်း သူ့ ရင်ထဲ မချိတင်ကဲ ခံစားရတာတွေကို ကျမကို ရင်ဖွင့်ပါတယ်။ ကရင်လူငယ်တွေက ထိုင်းဘက်ကို ပြိုဆင်းနေကြသလို ကချင်တွေလူငယ်တွေကလည်း တရုတ်ဘက်ကို ပြိုဆင်းနေကြတယ်။ ကရင်အမျိုးသမီးလေးတွေ ထိုင်းမှာ အိမ်ဖော်ဖြစ်သလို ကချင်အမျိုးသမီးတွေလည်း တရုတ်မှာ အိမ်ဖော်ပါပဲ၊  တရုတ်တွေရဲ့  အငယ်အနှောင်း ဘ၀ရောက်ကြသူတွေလည်း မနည်းသလို မူးယစ်ဆေးသုံးစွဲတဲ့ ကချင်လူငယ်တွေလည်း တနေ့ တခြားပိုပိုများလာတယ်တဲ့။ ဒီအကြောင်းတွေပြောပြပြီး သူမောနေသလို သူ့ စကားကို နားထောင်နေရတဲ့ ကျမလည်း သူလို့ ပဲ ရင်မောနေခဲ့တယ်။ အော် ကချင်၊ ကရင် နဲ့ လူမျိုးကွဲ  နယ်မြေဒေသတွေသာ ကွဲနေကြတာ ကျမတို့ ရဲ့ လူမှုဘ၀တွေက အတူတူပဲ မဟုတ်လား။

ကချင်ပြည်နယ်မှာလည်း တောတွေတောင်တွေပြုန်းသလို ကချင်ပြည်သူတွေရဲ့ ဘ၀တွေလည်း တရိရိနဲ့  ပြုန်းနေကြပါရော့လား။ လိုင်ဇာကို ရောက်ဖူးချင်လွန်းလို့ အားတက်သရောလာခဲ့ရပေမယ့် လိုင်ဇာက အပြန်မှာ အမောတွေပဲ ပါလာခဲ့တယ်။

ပြီးခဲ့တဲ့လကလည်း စစ်အစိုးရလက်ချက်နဲ့  လိုင်ဇာမှာ တိုင်းရင်းသားလူငယ် ဗိုလ်လောင်းလေးတွေ ကျဆုံးခဲ့ သွားခဲ့ရတယ်၊ ကျမတို့ အတော်လေး ကြေကွဲခဲ့ရတယ်။ အခုလည်း တိုက်ပွဲသံတွေက တခြိမ်းခြိမ်း။ ကချင်ပြည်သူတွေအပါအ၀င် ကျမတို့ တိုင်းရင်းသားပြည်သူတွေရဲ့ ဘ၀ ဘယ်တော့များမှ ငြိမ်းချမ်းနိုင်ပါ့မလဲ။
ခိုင်မာကျော်ဇော

(နိုဝင်ဘာ ၂၊ ၂၀၁၄)

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။